ဒီနွေမှာ အကြီးမားဆုံး စမ်းသပ်မှုကို ရင်ဆိုင်ရမယ့် အီဒူးနဲ့ အာတီတာ

ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးကတော့ တစ်ခန်းရပ်သွားခဲ့ပါပြီ။ရာသီသစ်မစတင်ခင်အထိ နိုင်ငံတကာ ပွဲစဉ်အချို့နဲ့ ကစားသမားအပြောင်းအရွှေ့သတင်းတွေပဲ မျှော်စရာ ရှိပါတော့တယ်။ 

အားလုံးသိတဲ့အတိုင်း ရာသီကုန်ချိန်မှာ အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့်ငါးနေရာနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ ဒါဟာ အကောင်းဆုံးရလဒ်တစ်ခုတော့ မဟုတ်ပေမယ့် အဆိုးဆုံးတော့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ ဒီနွေမှာ  အပြုသဘော ဆောင်တဲ့အရာတွေ မြင်တွေ့ရဖို့ပဲ ကျွန်တော်တို့ မျှော်လင့်ရပါတော့မယ်။ ထပ်ရွှေ့လို့မရတော့တဲ့  Agenda ထဲမှာ  တည်ဆောက်ခြင်းနဲ့အတူ  အောင်မြင်မှုတစုံတရာလဲပါဝင်နေပါပြီ။

ပြီးခဲ့တဲ့နွေမှာ ရမ်ဒေးလ်၊ ဘန်ဝှိုက်၊ အိုဒီဂတ်၊ တိုမီယာဆုတို့ကို ခေါ်ယူခဲ့ပြီး ငွေသုံးကြမ်းခဲ့တဲ့ အာဆင်နယ်ဟာ ဒီနွေမှာလည်း ငွေကြေးအများအပြားသုံးစွဲပြီး ကစားသမားအင်အား ဖြည့်တင်းသွားမယ်လို့ ပရိသတ်တွေကို ကတိပြုထားခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့  ဇန်နဝါရီလကတည်းက ကြိုတင်သဘောတူညီမှု ရထားတဲ့ အမေရိကန်လက်ရွေးစင်ဂိုးသမား မတ်တာနာနဲ့ ဘရာဇီးလ်လူငယ်လေး မာကွင်ဟိုတို့ ရောက်လာဖို့ ရှိနေတာကလွဲပြီး စိတ်လှုပ်ရှားစရာ ခေါ်ယူမှုတွေကို ကျွန်တော်တို့ မတွေ့ရသေးပါဘူး။ သတင်းရေးသူတွေဟာသအလုပ်ခံရတဲ့အချိန်ပါပဲ။

ပြီးခဲ့တဲ့ နွေမှာ အသင်းဟာ ငွေသုံးကြမ်းခဲ့တာ မှန်ပေမယ့် ကစားသမားတွေအတွက်ပေးချေရတဲ့ ငွေကြေးဟာ ထိုက်သင့်တဲ့ ပမာဏထက်တော့ အနည်းငယ်များနေခဲ့တယ် လို့ဆိုနိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကစားသမားသစ်တွေဟာ အသင်းနဲ့ အလျင်အမြန်အထိုင်ကျပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် ပိုက်ဆံနည်းနည်းပိုပေးခဲ့ရတာဟာ သိပ်တော့ ပြဿနာမရှိပါဘူး။ 

သတင်းတွေအရ ဒီနှစ်နွေမှာ အာတီတာနဲ့ အီဒူးတို့ လူ၀ယ်ဖို့အတွက် ပေါင်သန်း၁၅၀ရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။ ဘယ်လာရင်၊ တော်ရိုင်းရား၊ မစ်တလန်နိုင်းစ်၊ ပါဘလိုမာရီ၊ လီနိုစတဲ့ ကစားသမားတွေကို ရောင်းချလို့ရလာတဲ့ ငွေကြေးတွေနဲ့ဆိုရင် အာဆင်နယ်အတွက် လူ၀ယ်ဖို့ ပေါင်သန်း၂၀၀လောက်ရနိုင်ပါတယ်။ 

ပြဿနာရှိနေတာက တော်ရိုင်းရားနဲ့ ဘယ်လာရင်တို့ကို သူတို့အငှားသွား ရောက်ကစားခဲ့တဲ့ ကလပ်တွေက အာဆင်နယ်တောင်းဆိုတဲ့ (ထိုက်သင့်တဲ့) ငွေကြေးပမာဏကို ပေးချေနိုင်စွမ်းမရှိပါဘူး။လီနိုကိုလည်း ဘင်ဖီကာက စိတ်၀င်စားနေပေမယ့် အာဆင်နယ်တောင်းဆိုတဲ့ ပေါင်၈သန်း၀န်းကျင်ကို ပေးချေဖို့ မတတ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီတော့ ကစားသမားတွေကို ထိုက်သင့်တဲ့ ဈေးနဲ့ ရောင်းချနိုင်ဖို့ အသင်းဟာ ကောင်းကောင်းစီမံနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရပါမယ်။  

ပြီးခဲ့တဲ့ နှစ်တွေမှာ အာဆင်နယ်ဟာ အပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီး ခြေလှမ်းတွေမှားခဲ့တာကို သင်ခန်းစာယူပြီး ဒီနွေမှာ အမှားထပ်မလုပ်မိဖို့ လိုပါတယ်။ဂွမ်ဒိုဇီလို ကစားသမားကို ဈေးပေါပေါနဲ့ လက်လွှတ်ခဲ့ရတာတွေ၊ ပေပေကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာတွေဟာ အသင်းအနေနဲ့ အမှားလုပ်ခဲ့တယ်ဆိုတာ ပြသဖို့ သာဓကအချို့ပါပဲ။ဒီ‌နွေမှာတော့ ကိုယ်လိုချင်တဲ့ ကစားသမားရအောင် ငွေကြေးအဆမတန်ပေး ခေါ်ယူရတာတွေ၊ကိုယ့်ဆီက ကစားသမားကို ဈေးပေါပေါနဲ့ ရောင်းထုတ်မိတာတွေ ထပ်မလုပ်မိဖို့ လိုပါတယ်။ 

အရေးအကြီးဆုံးကတော့ ပရိသတ်တွေအပေါ် ထားရှိထားတဲ့ ကတိကို တည်ဖို့ပါပဲ။ ပရိသတ်တွေက အာဆင်နယ်ဟာ အောင်မြင်မှုတွေရဖို့ ဒီနွေမှာ  ငွေကြေးအများအပြားသုံးစွဲပြီး အရည်အသွေးမြင့်ကစားစမားသစ်တွေကို ခေါ်ယူဖို့ မျှော်လင့်နေတာပါ။လက်ရှိအသင်းရဲ့ အင်အားနည်းနေတဲ့ လူစာရင်းနဲ့ နောက်နှစ်မှာ ဥရောပပြိုင်ပွဲမပြောနဲ့ ပရီးမီးယားလိဂ်မှာတောင် ကောင်းကောင်းယှဉ်ပြိုင်နိုင်ဖို့မလွယ်ပါဘူး။ 

ပရိသတ်တွေအနေနဲ့ အပြောင်း‌အရွှေ့ကာလတွေမှာ အသင်းကို စိတ်ပျက်ရပေါင်းလည်း များပါပြီ။ ကောလဟာလသတင်းတွေအပေါ် ရင်ခုန်နေရင်း နောက်ဆုံးမှာတော့ သူ့အတွက် ဒီလောက်ကြီးပေးဖို့ မတန်ပါဘူး” “သူကတော့ အာဆင်နယ်နဲ့ အံ၀င်နိုင်မယ့် သူ မဟုတ်ပါဘူး ဆိုတဲ့ အတွေးတွေနဲ့ ဖြေသိမ့်ရတာ များပါပြီ။ အကယ်ဒမီလူငယ်တွေကိုပဲ ‌နေရာပေးရင်း တစ်နေ့မှာ ဘာတွေ ဖြစ်လာမလဲဆိုတာပဲ မျှော်လင့်နေရတာ များပါပြီ။ဒီနွေမှာတော့ အီဒူးတို့အနေနဲ့ အသင်းကို လက်ငင်းအကျိုးပြုနိုင်မယ့် အရည်အသွေးမြင့်ကစားသမားကို ခေါ်ယူပြဖို့ လိုပါမယ်။ 

ဒီနွေဟာ အာတီတာနဲ့ အီဒူးတို့အတွက် အကြီးမားဆုံး စမ်းသပ်မှုနဲ့ ရင်ဆိုင်ရမယ့် ကာလပါပဲ။ အောင်မြင်မှု‌တွေရဖို့ ငွေကြေးသုံးစွဲဖို့ လက်တွန့်နေရင်တော့ အခြားအသင်းတွေရဲ့ နောက်မှာပဲ ကျန်နေခဲ့ပါလိမ့်မယ်။ငွေကြေးနဲ့ အောင်မြင်မှုကို အလိုရှိတိုင်း ၀ယ်မရဘူးဆိုပေမယ့် ထိုက်သင့်တဲ့ ငွေပမာဏမသုံးပဲ ဘာအောင်မြင်မှုမှ မျှော်မှန်းလို့မရပါဘူး။ဒါကို ခရွန်ကီတို့ မိသားစု ဆက်ပြီး မျက်ကွယ်မပြုထားဖို့ မျှော်လင့်ရပါတယ်။ 

ဒီနွေဟာ အာတီတာနဲ့ အီဒူးတို့အတွက် အကြီးမားဆုံး စမ်းသပ်မှု ဖြစ်လာမှာပါ။သူတို့အနေနဲ့  အသင်းအတွက်လိုအပ်နေတဲ့ ကစားသမားတွေကို ထိုက်သင့်တဲ့ ငွေကြေးနဲ့ ၀ယ်ယူနိုင်မှာလား၊ ကိုယ့်ဆီက ကစားသမားတွေကိုကော မှန်မှန်ကန်ကန်ရောင်းချနိုင်မှာလား၊ ပရိသတ်တွေအပေါ် ကတိပြုထားတာတွေကို တည်နိုင်မှာလားဆိုတာကိုတော့ နွေရာသီအပြောင်းအရွှေ့ရဲ့ နောက်ဆုံးမိနစ်အထိ စောင့်ကြည့်နေရပါတော့မယ်။

Original Content Here

Advertisement

Leave a Reply

%d bloggers like this: