သူထွက်တော့မယ်ဆိုတဲ့ သတင်းထောက်ရဲ့ ရေးသားချက်ကို လီနီုဟာသလုပ်
နာမည်ကျော်သတင်းထောက်ချားလ်ဝက်စ်က အာဆင်နယ်အသင်းရဲ့ ဂိုးသမားလီနိုတစ်ယောက် လာမယ့်နှစ်မှာ ဆက်ရှိနေဖို့ကို ဘယ်သူကမှ ထင်မထားတော့ကြောင်း သူ့ရဲ့ Youtube Channel မှတဆင့်ပြောကြားလာပါတယ်။ ဝက်စ်က လီနိုအနေနဲ့ ဂန်းနားတို့အတွက် နောက်ဆုံးပွဲကစားခဲ့ပြီးပြီဖြစ်တယ်လို့ ယုံကြည်နေတာပါ။ သို့သော် အဆိုပါသတင်းကို လီနိုက ပြန်လည်ဟာသလုပ်သွားခဲ့ပြီး သူက ဂျာမနီမှာ ဖော်မြူလာဝမ်း သွားကစားမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်နဲ့ နာမည်ထွက်ဖူးတဲ့ကစားသမားကို ချီးကျူးတဲ့ရှီးယားရား
ပြီးခဲ့တဲ့ဘောလုံးရာသီအစမှာ အာဆင်နယ်အသင်းက စိတ်ဝင်စားခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးဗားကို “ အလွန်အရေးကြီးတဲ့ကစားသမားတစ်ယောက် “ ဆိုပြီး ဂန္တဝင်ကြီးရှီးယားရားက ထုတ်ပြောလာပါတယ်။ အဆိုပါ ပေါ်တူဂီသားကို အာဆင်နယ်တို့က ချိတ်ဆက်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် လက်တွေ့ဖြစ်မလာခဲ့ပါဘူး။ လောလောဆယ်မှာတော့ မန်စီးတီးရဲ့ ဂျေးဆူ ၊ ဇင်ချန်ကို နဲ့ ဂန်ဒိုဂန်တို့ကို စိတ်ဝင်စားနေတယ်လို့ နာမည်ကျော်သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
နိုင်ငံအသင်းကနေ နှုတ်ထွက်ပြီး ကလပ်နဲ့ပြန်ပူးပေါင်းမယ့် ဘန်ဝှိုက်
Nation League ပြိုင်ပွဲမှာကစားဖို့အတွက် လက်ရွေးစင်အသင်းနဲ့အတူပူးပေါင်းနေတဲ့ နောက်ခံလူဘန်ဝှီုက်ဟာ ဒဏ်ရာအခြေအနေတစ်ချို့ကြောင့် လူစာရင်းကနေနှုတ်ထွက်ခဲ့တယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။ အကြောင်းအရာအတိအကျမသိရပေမယ့် တံခေါက်ကြောဒဏ်ရာပိုမဆိုးရွားအောင်လို့ ကြိုတင်ကာကွယ်ခဲ့တယ်လို့ ယူဆရပြီး ၊ ကလပ်အသင်းရဲ့အစီအစဥ်တွေမှာပဲ ပြန်လည်ပူးပေါင်းသွားမယ့်သဘောရှိပါတယ်။
အသင်းပြောင်းဖွယ်ရှိကြောင်း ရစ်ချာလီဆန်ထုတ်ပြောလာ
အာဆင်နယ်အသင်းနဲ့နာမည်ထွက်နေတဲ့ တိုက်စစ်မှုးရစ်ချာလီဆန်ဟာ သူ့ရဲ့အပြောင်းအရွှေ့အစီအစဥ်ကို အသင်းတာဝန်ရှိသူတွေထံ ပြောပြထားပြီဖြစ်ကြောင်း ဝန်ခံလာခဲ့ပါတယ်။
“ ဘုတ်အဖွဲ့ကိုရော ၊ နည်းပြ ဖရန့်ကိုရော ၊ အေးဂျင့်ကိုရော ကျွန်တော်ဘာဆက်လုပ်မယ်ဆိုတာရှင်းရှင်းလင်းလင်းပြောထားပြီးသားပါ … ဒီတော့ ဇွန်လအကုန်ကိုစောင့်ကြည့်ကြတာပေါ့ “ လို့ပြောခဲ့တာပါ။ ဒါ့အပြင်သူက အဲဗာတန်အသင်းဟာ အလွန်ခန်းနားပြီး ပရိတ်သတ်တွေကို နှုတ်ဆက်ရမယ့်အချိန်ဟာ ခက်ခဲမှာဖြစ်တယ်လို့ လည်းဖွင့်ဟလာခဲ့ပါတယ်။
ဘာကာနောက်ခံလူကို လိုက်နေတဲ့အသင်းတွေထဲမှာ အာဆင်နယ်လဲပါဝင်တယ်လို့ စပိန်မီဒီယာပြော
စပိန်သတင်းစာ Sport ရဲ့ဖော်ပြချက်အရ ဘာစီလိုနာကစားသမား လန်းဂလက်ကို စပါး ၊ နယူးကာဆယ်တို့နဲ့အပြိုင် အာဆင်နယ်ကလည်းပဲ ကြိုးပမ်းလာဖွယ်ရှိကြောင်းသိရပါတယ်။ လန်းဂလက်ဟာ ဇာဗီရဲ့အသင်းမှာ အလှည့်ကျ အသုံးပြုခံရတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ၂၆ ပွဲကစားပြီး ၁ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အရပ်အမောင်းမြင့်မားတဲ့ပြင်သစ်သားဟာ ကိန်းဂဏန်းများအရလည်းကောင်းမွန်တဲ့မှတ်တမ်းကိုရရှိထားသူဖြစ်ပါတယ်။
