လာမယ့် ဇွန်လမှာ အင်္ဂလန်လက်ရွေးစင်အသင်းဟာ UEFA Nations League ပွဲစဉ်တွေအဖြစ် ဟန်ဂေရီ၊ အီတလီ၊ ဂျာမနီတို့နဲ့ ပွဲစဉ်လေးပွဲ ကစားရဖို့ ရှိနေပါတယ်။ ဒီပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခွင့်ရမယ့် ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှာတော့ အာဆင်နယ် ကစားသမားသုံးဦး အထိပါ၀င်လာခဲ့ပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး ယူရိုပါလိဂ် ၀င်ခွင့်နဲ့သာ ကျေနပ်ခဲ့ရပေမယ့် လူငယ်တွေရဲ့ ခြေစွမ်းကို မဖြစ်မနေ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အာဆင်နယ်လူငယ်တွေရဲ့ ခြေစွမ်းကို မျက်စိကျခဲ့တဲ့ သူထဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းမန်နေဂျာ ဆောက်ဂိတ်ဟာလည်း တစ်ယောက်အပါအ၀င်ပါပဲ။
အင်္ဂလန် ယူ၂၁အသင်းရဲ့ စံချိန်တင် ဂိုးသွင်းရှင် တဖြစ်လဲ၊ အာဆင်နယ်နဲ့အတူ နောက်ဆုံး သီတင်းပတ်တွေမှာ တောက်ပပြခဲ့တဲ့ အန်ကက်တီးယားကိုတော့ ဆောက်ဂိတ်ဟာ ခုထိ လျစ်လျူရှုထားဆဲပါပဲ။
ဆာကာ၊ ဘန်ဝှိုက်နဲ့ ရမ်ဒေးလ်ကတော့ ဆောက်ဂိတ်ရဲ့ လူစာရင်းမှာ ပါ၀င်လာခဲ့သလို စမစ်ရိုးနဲ့ ဘာလိုဂန်တို့ဟာလည်း ချက်၊ ကော့ဆိုဗို၊ အယ်လ်ဘေးနီးယား၊ ဆလိုဗေးနီးယားတို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရမယ့် အင်္ဂလန်ယူ၂၁အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ပွဲလုံးကစားထားခဲ့ရတဲ့ ဆာကာအနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြီးဆုံးပြီး သိပ်မကြာခင်မှာပဲ နိုင်ငံ့လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းရတော့မှာ ဖြစ်ပါတယ်။ ဒီအဖြစ်ကိုတော့ အာတီတာအနေနဲ့ သိပ်သဘောကျမှာ မဟုတ်ပါဘူး။
ဆာကာဟာ အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ အာတီတာရဲ့ ပြောကြားချက်ကို ဆောက်ဂိတ်က အသိအမှတ်ပြုခဲ့ပေမယ့် သူ့ရဲ့ ကိုယ်ပိုင်အတွေးအမြင်ကိုလည်း ခုလိုမျိုး ပြောပြလာခဲ့ပါတယ်။
“ကျွန်တော်တို့ ကစားသမားတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်အလေးထားလဲဆိုတာ အာတီတာ သတိပြုမိမယ်လို့ ကျွန်တော်ထင်ပါတယ်။”
“ပွဲစဉ်တွေ ယှဉ်ပြိုင်နေရတဲ့ ကစားသမားတွေ ရှိသေးပေမယ့် ကစားသမားအားလုံးကို နားရက်တစ်ပတ် ကျွန်တော်တို့ ပေးခဲ့ပြီးပါပြီ။ဒါပေမယ့် ဒါဟာ ကောင်းကောင်းအလုပ်ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”
“ဆာကာရယ်၊အခြားသော အာဆင်နယ်ကစားသမားတွေအားလုံးနဲ့ ကျွန်တော်တို့ ကောင်းကောင်းဆွေးနွေးခဲ့ပြီးပါပြီ။ရာသီရှည်ကြီးတစ်ခု ဖြတ်သန်းခဲ့ပြီးနောက် အားလုံးဟာ ပင်ပန်းမှုတွေ သယ်ဆောင်ထားရပေမယ့် သူတို့ ဒီမှာ ရှိချင်နေပါတယ်”
မနက်ဖြန်မှာ ဆိုရင်တော့ အားလုံးဟာ နိုင်ငံအသင်းနဲ့အတူ ပြင်ဆင်မှုတွေ စတင်ဖို့ ပူးပေါင်းရတော့မှာပါ။ ကျွန်တော်တို့ရဲ့ ကစားသမားတွေ ဒဏ်ရာတွေမရဖို့ပဲ ကျန်းမာကြံ့ခိုင်နေဖို့ ၊ နိုင်ငံအသင်းနဲ့အတူ အကောင်းဆုံးဆက်တောက်ပနိုင်ဖို့၊ အတွေ့အကြုံကောင်းတွေ သယ်ဆောင်လာနိုင်ဖို့ မျှော်လင့်ရမှာပါ။