နောက်ဆုံးရအာဆင်နယ်သတင်းများ (​29May)

နိုအာလန်းကို  အေစီမီလန်ခေါ်ယူဖို့နီးစပ်နေ

အာဆင်နယ်အသင်းနဲ့ နီးနီးစပ်စပ်နာမည်ထွက်ခဲ့တဲ့  ဘရုဂေးတောင်ပံလူ နိုအာလန်းကို အေစီမီလန်အသင်းက  ပေါင် ၂၂ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေကြောင်း Gazzetta dello Sport က ဖော်ပြလာခဲ့ပါတယ်။  အဆိုပါကစားသမားလေးဟာ   ယခုရာသီ  ၄၈ ပွဲကစားပြီးချိန်မှာ  ၉ ဂိုးသွင်း ၊  ၁၅ ကြိမ်ဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။​  တောင်ပံကစားသမားလိုအပ်နေတဲ့ ဂန်းနားတို့ဟာ ယခုရာသီမှာတော့ ကိုဒီဂတ်ပိုနဲ့သတင်းပိုထွက်နေတာဖြစ်ပါတယ်။

အိုစီမန်နဲ့ အာဆင်နယ်သတင်းကို ရိုမာနို အခိုင်အမာငြင်း

နာမည်ကျော်သတင်းထောက် ဖေဘရီဇီယို ရိုမာနိုကတော့  အိုစီမန်နဲ့ အာဆင်နယ်အသင်းကြားမှာ ဆွေးနွေးမှုတစုံတရာရှိနေတယ်လို့  သူမသိထားကြောင်း   Caught Offside  ကိုထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

“ လောလောဆယ်အထိ  အာဆင်နယ်နဲ့ အိုစီမန်ကြားမှာ ထူးခြားတဲ့ဆွေးနွေးမှုတွေရှိနေတယ်လို့  ကျွန်တော်မသိထားပါဘူး ..  အခုအချိန်အထိတော့  ဘာမှကို မရှိတာပါ .. ဒီသတင်း အချက်အလက်တွေက ယုံကြည်ရတဲ့ မိတ်ဆွေတွေဆီကရတာပါ “  ဆိုပြီး အခိုင်အမာပြောဆိုခဲ့ပါတယ်။ အိုစီမန်ဟာ  အာဆင်နယ်ရဲ့ ထိပ်တန်း  တိုက်စစ် ပစ်မှတ်တစ်ခုအဖြစ်ဖော်ပြခံနေရတာလည်းဖြစ်ပါတယ်။

ဒန်နီယယ် ဘဲလတ်ဒ်ကို စိတ်ဝင်စားတဲ့အသင်းတွေများစွာရှိနေ

အာဆင်နယ်အသင်းကနေ ထွက်ခွာတော့မယ့် ကစားသမားလေး  ဒန်နီယယ်ဘဲလတ်ဒ်ကို  စိတ်ဝင်စားနေတဲ့အသင်း ၆ သင်းထိရှိလာခဲ့ပြီဖြစ်တယ်လို့    Daily Cannon သတင်းဌာနကဖော်ပြလာပါတယ်။ အဆိုပါ ကစားသမားလေးဟာ  မီဝေါလ်အသင်းမှာ အငှားသွားရောက်ကစားပြီး ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့သူလည်းဖြစ်ပေမယ့်  ဂန်းနားတို့ဆီမှာတော့ နောက်ခံလူအဖြစ်ကစားခွင့် တစ်နေရာ ရရှိဖို့ခက်ခဲနိုင်တာကြောင့် ထွက်ခွာဖို့ စီစဥ်ခဲ့ရတာဖြစ်ပါတယ်။

ရာဖင်ဟာ ကို  အာဆင်နယ်စိတ်ဝင်စားနေကြောင်း နာမည်ကျော်သတင်းထောက်ပြောဆိုလာ

လိဒ်ယူနိုက်တက်ကစားသမား ရာဖင်ဟာ ကိုစိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ  အာဆင်နယ်လဲပါဝင်နေကြောင်း နာမည်ကျော် သတင်းထောက် ဂီယန်လူကာ လွန်ဂါရီက  ထုတ်ဖော်ပြောဆိုလာပါတယ်။  အဆိုပါ ဘရာဇီးတောင်ပံလူဟာ အသင်းကြီးတွေရဲ့  စောင့်ကြည့်ခြင်းကို ခံနေရသူဖြစ်ပြီး  ပြီးခဲ့တဲ့ရာသီမှာ  ၁၁ ဂိုးသွင်းပြီး  ၃ ကြိမ်ဖန်တီးပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ကစားသမားရဲ့ တန်ကြေးကတော့  ပေါင် ၆၃ သန်းခန့်ရှိတယ်လို့ Football London က ဖော်ပြထားပါတယ်။

ဘယ်လာရင်ကို ခေါ်ယူဖို့ ဘက်တစ် မှာ ငွေကြေးအခက်အခဲရှိနေ

ဘယ်လာရင်ရဲ့တန်ကြေးကို အာဆင်နယ်ဖက်က ပေါင် ၁၀ သန်းခန့်သတ်မှတ်ထားသော်လည်း အဆိုပါ ပမာဏကို ပေးချေဖို့ ဘက်တစ်တို့အနေနဲ့ ကြိုးစားရဖွယ်ရှိတယ်လို့ Football London  ကရေးသားဖော်ပြလာပါတယ်။  ဘယ်လာရင်ဟာ သူ့အနေနဲ့ အာဆင်နယ်အသင်းကိုလည်း ချီးကျူးပြောဆိုထားသလို  တဖက်မှာလည်း မိခင်နိုင်ငံမှာ ဆက်ပြီးကစားနေလိုတဲ့ ဆန္ဒကိုလည်းရှင်းရှင်းလင်းလင်းထုတ်ပြန်ထားသူဖြစ်ပါတယ်။  သူ့အနေနဲ့အသင်း ၂ သင်းကြားမှာ သူ့ရဲ့ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောဆိုထားပြီးဖြစ်ကြောင်းကိုလည်း AS  သတင်းနဲ့တွေ့ဆုံမှုမှာ ထည့်သွင်းပြောကြားထားပါတယ်။

Advertisement

Leave a Reply

%d bloggers like this: