အာဆင်နယ်အနေနဲ့ အယ်နီနီကို စာချုပ်သက်တမ်တိုးခဲ့တာ ဘယ်လောက်ထိ မှန်ကန်သလဲ

အယ်နီနီကို သဘောမကျတဲ့ အာဆင်နယ်ပရိသတ်တွေ ရှိပါလိမ့်မယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း အယ်နီနီကို သဘောမကျတဲ့အုပ်စုထဲ ပါခဲ့ဖူးပါတယ်။ သူဟာ စွန့်စားလိုစိတ်မရှိတဲ့သူ၊ ရိုးရှင်းတဲ့ပေးပို့မှုတွေ၊ ခန့်မှန်းရလွယ်တဲ့ ပေးပို့မှုတွေပဲ လုပ်တတ်တဲ့သူလို့ ခဏခဏဝေဖန်ခဲ့ဖူးပါတယ်။ 

ဒါပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီ ဒုတိယရာသီ၀က်မှာ ပါတေး ဒဏ်ရာရသွားချိန်၊ လိုကွန်ဂါရဲ့ ခြေစွမ်းက အားကိုးစရာမရှိတဲ့အချိန်မှာ အယ်နီနီဟာ အာတီတာ စိတ်ကြိုက် အကောင်းဆုံးအသုံးတော်ခံဖို့ မြက်ခင်းစိမ်းပေါ် ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ 

အရန်ခုံပေါ်မှာ ဘယ်လောက်ကြာကြာနေရ စိတ်ပျက်မနေတတ်တဲ့သူ၊ အသင်းအတွက် လိုအပ်တဲ့အချိန်မှာ အကောင်းဆုံးပေးဆပ်ဖို့ အာဆင်နယ်ဟာ အယ်နီနီကို စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်ချခဲ့သလို ကစားသမားကလည်း အသင်းရဲ့ ကမ်းလှမ်းမှုကို နှစ်ကြိမ်တောင်မစဉ်းစားပဲ လက်ခံခဲ့တာပါ။ 

အယ်နီနီနဲ့ အသင်းရဲ့ စာချုပ်သစ်ကို သဘောမကျတဲ့ ပရိသတ်တွေလည်း ရှိမှာပါ။ ဒါပေမယ့်လည်း အာဆင်နယ်အနေနဲ့ အယ်နီနီကို စာချုပ်သက်တမ်းတိုးခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ဆိုနိုင်ပါတယ်။ဒါကို သက်သေပြဖို့အတွက်လည်း အချက်၃ချက်ရှိပါတယ်။ 

() အသင်းရဲ့လူစာရင်းကို ပိုမိုတောင့်တင်းစေခြင်း 

နောက်လာမယ့် ရာသီမှာ အသင်းအတွက် ယှဉ်ပြိုင်စရာ ယူရိုပါလိဂ် ပြိုင်ပွဲတစ်ခု ထပ်တိုးလာခဲ့ပါပြီ။ လက်ရှိ အသင်းရဲ့ လူစာရင်းဟာ ပရီးမီးယားလိဂ်မှာတောင် ကောင်းကောင်းယှဉ်ပြိုင်ဖို့ မလွယ်ကူတဲ့ အနေအထားဖြစ်ပါတယ်။အသင်းကနေ နောက်ထပ်ကစားသမား အများအပြားလည်း ထွက်ခွာဖို့ ရှိနေချိန် ၊ကစားသမား အသစ်တွေလည်း မခေါ်ယူနိုင်သေးခင် စပ်ကြားမှာ ခုလိုမျိုး အသင်းအတွက် အကျိုးပြုနိုင်သေးတဲ့ ကစားသမားကို အမ်းမရိတ်မှာ ဆက်ထိန်းသိမ်းထားနိုင်ခဲ့တာဟာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခုလို့ ကောက်ချက်ချရမှာပါ။ 

() အတွေ့အကြုံရှိ ကစားသမားဖြစ်ခြင်း 

အသင်းဟာ လူငယ်ကစားသမားအများအပြားနဲ့ ဖွဲ့စည်းထားတဲ့ အပြင် ဒီနွေမှာလည်း ကစားသမားသစ်အများအပြားဟာ အမ်းမရိတ်ကို ထပ်မံရောက်ရှိလာဖို့ ရှိနေပါတယ်။ဒီလိုအနေအထားမှာ အသင်းရဲ့ ဝါရင့် ကစားသမားအချို့ကို အသင်းမှာ ဆက်ထိန်းသိမ်းထားဖို့ လိုအပ်မှာပါ။ 

လူငယ်ကစားသမားတွေ ရင့်ကျက်မှု တစ်ခုရှိလာတဲ့အထိ၊ ကစားသမားသစ်မှာ အသင်းမှာ အခြေကျလာတဲ့အထိ အယ်နီနီလို ဝါရင့် ကစားသမားမျိုးကို အသင်းအနေနဲ့ လိုအပ်နေမှာပါ။ 

() ငွေရေးကြေးရေး အခက်အခဲ မရှိခြင်း 

အယ်နီနီဟာ စာချုပ်သစ်အတွက် များပြားလှတဲ့ ငွေကြေးပမာဏကိုလည်း တောင်းဆိုးထားခြင်းမရှိပါဘူး။ သူ့ရဲ့ အဓိကရည်ရွယ်ချက်က အသင်းမှာပဲ ဆက်ရှိနေခွင့်ရဖို့ ဖြစ်တာကြောင့် အီဂျစ်သားကြီးရဲ့ အသင်းအပေါ်ချစ်မြတ်နိုးတဲ့ စိတ်ကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ 

ဒီနွေမှာ ကွင်းလယ်လူတစ်ဦး ထပ်ခေါ်ယူဖို့ ရှိတဲ့အပြင် အယ်နီနီကိုပါ အသင်းမှာ ဆက်ထိန်းထားနိုင်ခဲ့တာကြောင့် အသင်းရဲ့ ကွင်းလယ်လူစာရင်းဟာ တော်တော်လေး တောင့်တောင့်တင်းတင်းရှိသွားပြီလို့ ဆိုနိုင်ပါတယ်။ 

ဘာပဲ ဖြစ်ဖြစ် အယ်နီနီကို နောက်ရာသီကုန်အထိ ကျွန်တော်တို့ ဆက်မြင်သွားရဖို့ သေချာပါပြီ။ အသင်းအပေါ် သူဘယ်လောက်အထိ အကျိုးဆက်ပြုမလဲဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်။

Advertisement

Leave a Reply

%d bloggers like this: