ဂန်ဒိုဂန်ကို ခေါ်ယူဖို့ တကယ်ပဲ ကြိုးစားနေတဲ့ အာဆင်နယ်

မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်ဟာ ဒီနွေအပြောင်းအရွှေ့ကာလမှာ အသင်းသစ်ရှာဖွေလာနိုင်ပြီး အာဆင်နယ်ဟာ မန်စီးတီးကွင်းလယ်လူကို ခေါ်ယူနိုင်ချေရှိတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဂျာမနီကွင်းလယ်လူဟာ သူ့ရဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ၂၀၂၁-၂၂ရာသီအပိတ်ပွဲစဉ်မှာလည်း အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်‌စေမယ့် သွင်းဂိုး၂ဂိုးကို သွင်းယူပေးခဲ့ပြီး အီတီဟတ်မှာ ဟီးရိုးဖြစ်ခဲ့ပါတယ်။ဒါပေမယ့် အပြောင်းအရွှေ့ဈေးကွက် သတင်းတွေရဲ့ ဂုရုကြီး ဖာဘရီဇီယို ရိုမန်နိုရဲ့ အဆိုအရ ဂန်ဒိုဂန်ရဲ့ အီတီဟတ် ရေရှည်အနာဂတ်ဟာ မသေမချာ ဖြစ်နေတယ်လို့ သိရပါတယ်။ 

အသင်းရဲ့ တာ၀န်ရှိသူတွေနဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေကြား ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုတာကို အီတလီဂျာနယ်လစ်က အတည်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ဂန်ဒိုဂန်ဟာ အသင်းကနေ ထွက်ခွာနိုင်ချေများလာပြီး အာဆင်နယ်၊ ဘွန်ဒက်စ်လီဂါအသင်းအချို့နဲ့ ဘာစီလိုနာတို့ဟာ ဂန်ဒိုဂန်ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ 

အာတီတာဟာ ဂွာဒီယိုလာရဲ့ လက်အောက်မှာ လက်ထောက်နည်းပြ အဖြစ်နဲ့ အလုပ်လုပ်ခဲ့စဉ်က ဂန်ဒိုဂန်နဲ့ တွဲဖက်အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။ဒီအချက်က အာဆင်နယ်အတွက် မန်စီးတီးကွင်းလယ်လူကို ခေါ်ယူဖို့ အားသာချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ 

အာဆင်နယ်ဟာ ဒီနွေမှာ အသင်းရဲ့ ကွင်းလယ်ကို အင်အား ဖြည့်တင်းဖို့ ရှိနေပြီး ရှာကာ၊ အယ်လ်နီနီတို့ထက် ခြေစွမ်းမြင့်မားတဲ့ ကွင်းလယ်လူတစ်ဦးကို ခေါ်ယူသွားနိုင်ချေရှိပါတယ်။ 

အာဆင်နယ်ဟာ လက်စတာ ကွင်းလယ်လူ တိုင်လ်မန်းကို ခေါ်ယူဖို့ ချိတ်‌ဆက်‌ နေတာကို ဖာဘရီဇီယို ရိုမန်နိုကပဲ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ဂန်းနားတွေဟာ ပီအက်စ်ဂျီကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းတို့နဲ့လည်း ချိတ်ဆက်နေပြီး အာတီတာရဲ့ စိတ်ကြိုက်ကွင်းလယ်လူက ဘယ်သူလဲ၊လက်တွေ့မှာ အာဆင်နယ် ခေါ်ယူနိုင်မယ့် ကစားသမားက ဘယ်သူဖြစ်မလဲဆိုတာတော့ စိတ်၀င်စားစရာ ကောင်းပါတယ်။

Original Article Here

Advertisement

Leave a Reply

%d bloggers like this: