ဒီမေးခွန်းကို မြင်လိုက်တာနဲ့ အားလုံးရဲ့ မျက်စိထဲမှာ အွန်နရီ၊ ဖာဘရီဂတ်စ်၊ ဗီအဲရာ၊ ဗန်ပါစီ တို့ကို ပြေးမြင်ကြလိမ့်မယ်လို့ ထင်မိပါတယ်။ ဂန္တဝင်နည်းပြကြီးဟာ အာဆင်နယ်အသင်းကို ၁၉၉၆ခုနှစ် စက်တင်ဘာလက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂ဝ၁၈ခုနှစ်မှာ အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့သူပါ။
သူ ကိုင်တွယ်ခဲ့တဲ့ ၂၂နှစ်တာ ကာလအတွင်းမှာ ကစားသမားပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပြီး အွန်နရီ၊ ဗီအဲရာ၊ ဖာဘရီဂတ်စ်တို့ကတော့ သူ့ရဲ့ သားအရင်းပမာ အားကိုးရတဲ့ကစားသမားတွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်ဝင်းဂါး နည်းပြဘဝမှာ အသုံးအပြုခဲ့ဆုံးကစားသမားက အဲ့ဒီကစားသမားတွေ မဟုတ်ခဲ့ပါဘူး။
ဖာဘရီဂတ်စ်ဆိုရင် အာဆင်ဗန်းဂါးလက်အောက် ပွဲအများဆုံးကစားခဲ့ရတဲ့ ကစားသမားစာရင်းမှာ ထိပ်ဆုံး ၁ဝယောက် စာရင်းတောင် မဝင်ဘဲ အဆင့် ၁၁မှာ သာ ၃ဝ၃ပွဲနဲ့ ရပ်တည်ခဲ့ပါတယ်။ ဗန်ပါစီ ဆိုရင် ၂၇၈ပွဲနဲ့ အဆင့် ၁၅မှာပါ။
တကယ်တမ်း ပွဲအများဆုံးကစားခဲ့ရတဲ့ ကစားသမားစာရင်းမှာ နံပါတ် ၁ဝမှာ ရပ်တည်နိုင်ခဲ့သူက မိုနာကို ဂိုးသမားဟောင်း အီတိုရီပဲဖြစ်ပါတယ်။ အာဆင်ဝင်းဂါးက မိုနာကိုအသင်းကို ၇နှစ်ကျော် ကိုင်တွယ်ခဲ့ပြီး အဆိုပါကစားသမားဟာ ဝင်းဂါးလက်အောက်မှာ ပွဲပေါင်း ၃၁ဝ ကစားခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ ဂန္တဝင်ကစားသမား ရေးပါလာက ၃၁၂ပွဲနဲ့ နံပါတ် ၉ ၊ ကိုစီရယ်နီက ၃၂၄ပွဲနဲ့ နံပါတ် ၈၊ ဖရက်ဒီယွန်းဘတ်နဲ့ ကိုလိုတိုရေးက ၃၂၇ပွဲဆီနဲ့ ၇၊ ၆ ရပ်တည်ခဲ့ကြပါတယ်။

ထိပ်ဆုံး ၅ယောက်စာရင်းမှာ မထင်မှတ်ဘဲ ပါဝင်လာတာကတော့ အာရွန်ရမ်ဆေးဖြစ်ပြီး ဗန်းဂါးလက်အောက်မှာ ၃၂၉ ပွဲ ကစားခဲ့ရကာ ဗန်းဂါးရဲ့ အချစ်တော်ကစားသမားဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် နံပါတ် ၄ မှာက ဒင်းနစ်ဘားကမ့်က ၃၆၈ပွဲ၊ သီယာရီအွန်နရီက နံပါတ် သုံးမှာ ၃၇၈ပွဲ၊ နံပါတ် ၂ မှာ ရှုံးပွဲမရှိချန်ပီယံအသင်းရဲ့ ကွင်းလယ်လူ အသင်းခေါင်းဆောင်ကြီး ဗီအဲရာက ၃၉၄ပွဲနဲ့ အသီးသီး ရပ်တည်ခဲ့ကြပါတယ်။
သူတို့ကိုတော့ ပရိတ်သတ်တွေ ထင်မှတ်ထားပြီးသားဖြစ်မယ့် ကစားသမားတွေလို့ပဲ ဆိုရမှာပါ။ ဒါပေမယ့် အာဆင်ဝင်းဂါးလက်အောက်မှာ ပွဲအများဆုံးကစားခဲ့ရတဲ့ကစားသမားကတော့ သီယိုဝဲကော့ပဲ ဖြစ်ပါတယ်။ သူဟာ အာဆင်းလက်အောက်မှာ ၃၉၇ပွဲ ကစားခဲ့ရပြီး ဒီစံချိန်ကိုဘယ်သူမှ ချိုးနိုင်မယ် မထင်တော့ပါဘူး။
အဲ့ဒီပွဲ ၄ဝဝနီးပါးမှာ ဝဲကော့က ၁ဝ၈ဂိုးသွင်းပြီး ၇၈ကြိမ် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ၂ဝဝ၆ခုနှစ်မှာ ဆောက်သမ်တန်ကနေ အာဆင်နယ်ကို ပေါင် ၁ဝသန်းနဲ့ တော်ကောက်ခံခဲ့ရတဲ့ ဝဲကော့ဟာ အာဆင်းလက်အောက်မှာ ၁၃ရာသီ ကစားခဲ့ပြီး အာဆင်ဝင်းဂါး ထွက်ခွာမယ့် ၂ဝ၁၈ခုနှစ်ရာသီရဲ့ ဇန်နဝါရီလအပြောင်းအရွှေ့မှာ အဲဗာတန်အသင်းဆီကို ပေါင် ၂၂သန်းနဲ့ ရောင်းချခံခဲ့ရပါတယ်။