အာတီတာ ပွဲထုတ်သင့်ပြီဖြစ်တဲ့ လူငယ် ၁၀ယောက်

အပြောင်းအရွှေ့ရာသီက စပါပြီ။

အန်ကတ်တီးယားကို စာချုပ်သစ်မရ ရအောင်ချုပ်တယ်။ လူငယ်တိုက်စစ်မှုးလေး ခါယွန်အက်ဒွက်ကိုလည်း လာချဥ်းကပ်တဲ့အသင်းတွေကို ကျော်ပြီးရအောင် အသင်းမှာဆက်ထားတယ်။ အခြားသော U18 ဖက်က ကစားသမားတွေကိုလည်း အသင်းနဲ့ရေရှည်ရှိနေအောင်စီမံတယ်။  အာဆင်နယ်တို့ဟာ လာမယ့်နှစ် UEL  ပွဲမှာတော့ လူငယ်များစွာကိုအသုံးပြုတော့မယ်လို့ ယူဆရပါတယ်။ တဖက်မှာလည်း ပေါ်လာနိုး ပေါ်လာနိုးနဲ့ စောင့်နေရတဲ့ ကစားသမားတွေကများစွာဖြစ်ပါတယ်။  အထူးသဖြင့် U23 အဆင့်ရောက်နေတဲ့သူတွေဟာ ဘယ်အချိန်မှာ အမ်းမရိတ်ကွင်းထဲရောက်လာမလဲဆိုတာ မျှော်နေကြပြီဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်ရာသီမှာ မြင်ရဖွယ်ရှိတဲ့ ကစားသမားတွေကိုရွေးထုတ်ရေးသားလိုက်ရပါတယ်။

ဘာလိုဂန်

ဘာလိုဂန်နဲ့ပဲစပြောရမှာပါ။

သူက အနိမ့်အမြင့်တွေများခဲ့သူဖြစ်ပါတယ်။ အာတီတာရောက်စတုန်းကတော့  အသင်းကထွက်ခွာလုနီးဖြစ်နေခဲ့ပြီး ၊ နောက်တော့စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။ အားကိုးတကြီးနဲ့ စီနီယာအဆင့်မှာ ပွဲထွက်ခွင့်ပေးခဲ့ပေမယ့်  ပရီးမီးယားလိဂ်မှာတော့ အဆင်မပြေခဲ့တာကြောင့် ချန်ပီယံရှစ်ကို အငှားထွက်ကစားရာကနေ  စီနီယာအဆင့်ခြေစွမ်းကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။  မစ်ဒယ်ဘရော့နဲ့အတူ ရင့်ကျင်လာခဲ့တဲ့ ဘာလိုဂန်ကို တန်းတက်ဖူဟမ်အသင်းကလည်း တစ်ရာသီအငှားနဲ့ထပ်မံခေါ်ယူချင်နေတယ်လို့ ဆိုထားတာကြောင့် အမ်းမရိတ်မှာမြင်ရမလား ၊  အငှားထပ်ကစားရဦးမလားကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဟတ်ချီဆန်

သူ့နာမည်ကို မြင်နေရတာ တော်တော်ကြာပါပြီ။ အခုနှစ်ထဲကစားခဲ့တဲ့ U23 ပွဲစဥ်တစ်ပွဲမှာ ချဲလ်ဆီးအသင်းဖက်ကို ကွင်းတဝက်ကနေဆွဲပြေးပြီး တဖက်နောက်ခံလူတွေကိုလှည့်စားသွင်းယူခဲ့တဲ့ဂိုးဟာ  သူ့အသက်အရွယ်တန်းအတွက်တော့ အံ့သြစရာပဲဖြစ်ပါတယ်။ ဒီလူငယ်လေးရဲ့နာမည်ကို အသင်းကြီးကစားသမားတွေနဲ့အတူ မကြာခနစတင်မြင်နေရပြီဖြစ်ပြီး  နောက်ထပ်ဆာကာတစ်ယောက်ဖြစ်လာမယ်လို့ အားလုံးက ဝိုင်းဝန်းထင်ကြေးပေးထားပြီဖြစ်ပါတယ်။ ခြေစွမ်းခြေစအရတော့ ပွဲကြီးတွေမှာ နဲနဲချင်းစီစတင်ပွဲထုတ်ဖို့သင့်နေပြီလို့ဆိုရပါမယ်။ အရံကစားသမားအဖြစ်လဲ အမ်းမရိတ်မှာ ပါဝင်စပြုနေပြီဖြစ်ပေမယ့် တကယ်ကစားခွင့်ရဖို့ကတော့ အာတီတာပေါ်မူတည်နေပါတယ်။

ပါတီနို နဲ့ အဇီး

သူ့တို့အကြောင်းကတော့ ထပ်ပြောဖို့မလိုတော့ပါဘူး။ အသင်းမှာသာဆက်ရှိနေကြမယ်ဆိုရင် ယူရိုပါလိဂ်မှာ သေချာပေါက်ကစားကြမယ့်သူတွေဖြစ်ပါတယ်။ ပါတီနိုဟာ အသင်းကြီးဆီရောက်နေပြီလို့တောင်ပြောရမှာ ဖြစ်ပြီး အဖွင့်ဂိုးလဲသွင်းပေးပြီးခဲ့ပါပြီ။

အဇီးကတော့ စီနီယာအဆင့်သာကစားရမယ်ဆိုရင် ဘယ်အသင်းနဲ့မဆိုကစားမယ်ဆိုပြီးထုတ်ပြောထားခဲ့ပါတယ်။  အဇီးဟာ ယူရိုပါလိဂ်မှာလည်း ခြေချဖူးခဲ့ပြီးပြီဖြစ်ပါတယ်။ အာတီတာအနေနဲ့ အသင်းမှာလဲ လိုအပ်ချက်များနေချိန်မှာ ဒီကစားသမား ၂ ယောက်ကို ကွင်းထဲထည့်ဖို့  ထပ်ပြီးမစဥ်းစားသင့်တော့တဲ့ အခြေအနေဖြစ်ပါတယ်။

ဇက်ဆွမ်ဆွန်

သူ့ကို ပရိတ်သတ်တွေနာမည်ကိုရင်းနှီးနေပြီးပါပြီ။ ဒါပေမယ့်ကွင်းထဲမှာတော့မမြင်ရသေးပါဘူး။ အရံအဖြစ် အမ်းမရိတ်ကိုခေါ်လာတာကိုတွေ့ထားရတာဖြစ်လို့ အရည်အသွေးတစ်ခုတော့ သေချာပေါက်ရှိမယ်လို့ ယူဆရပါတယ်။ အာတီတာအနေနဲ့ ပရိတ်သတ်နဲ့ ကစားသမားကို မိတ်ဆက်ပေးချိန်တန်ပြီလို့ပြောရမယ့်ကာလပါပဲ။ ပြီးတော့နောက်တန်းအစွန်မှာလဲ လိုအပ်ချက်တွေများနေတာပဲမဟုတ်လား။

မီကာဘီရက်

ဒီလူငယ်တိုက်စစ်မှုးကိုတော့ အသင်းကြီးအဆင့်မှာစမ်းသပ်ဖို့ စောင့်မနေသင့်တော့ဘူးလို့ပြောရမယ်ထင်ပါတယ်။  အထူးသဖြင့် တိုက်စစ်မှုးလိုအပ်နေတဲ့ အာဆင်နယ်ရဲ့အနေအထားကြောင့်ဖြစ်ပါတယ်။  ဘယ်လိုပဲထိပ်တန်းတိုက်စစ်မှုးခေါ်တယ်ဆိုဆို  အရံကစားသမားနေရာနဲ့  လိဂ်ဖလားပွဲတွေအတွက် ကစားသမားလိုအပ်ချက်ကရှိပါတယ်။ လာမယ့်ရာသီဟာ အာတီတာ အနေနဲ့သက်သေတစ်ခုခုပြရတော့မယ့်အခြေအနေဖြစ်ပါတယ်။

ဘီရတ်ဟာ  လူငယ်အဆင့်မှာ ဂိုးသွင်းအားကောင်းတဲ့လူငယ်လေးဖြစ်ပါတယ်။ အရပ် ၆ပေ ၁လက်မ မြင့်မားတဲ့တိုက်စစ်မှုးလေးကို လာမယ့်ရာသီမှာတော့ အသင်းကြီးနဲ့အတူ စတင်မြင်တွေ့ရမယ်လို့ ခန့်မှန်းရပါတယ်။ High Pressing နဲ့  Link Up Play တွေမှာကစားပုံကောင်းမွန်ပြီး  Off the ball movement တွေမှာလည်း သပ်ရပ်သူဖြစ်ပါတယ်။

နီကိုလာမိုလာ

ဇလာတန်လက်သစ်လေးလို့ တင်စားထားခံရသူဖြစ်ပါတယ်။ သူကလည်းပဲ အာဆင်နယ်အသင်းကြီးဆီကို ရောက်လာဖို့ တော်တော်လေးနီးကပ်နေတဲ့ ကစားသမားဖြစ်ပါတယ်။ ယခုရာသီမှာ နယ်သာလန်ကလပ် FC ဒမ်ဘို့ချ်  (တချိန်က  ဗန်နစ္စတဲလ်ရွိုင်းကစားခဲ့တဲ့အသင်း) မှာ အငှားသွားရောက်ကစားရင်း ၁၁ ပွဲမှာ  ၂ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဂျာမနီ ၊ အီတလီ ၊ နယ်သာလန် စသည်ဖြင့် နိုင်ငံတော်တော်များများမှာ သွားရောက်ကစားခဲ့ပြီးပြီဖြစ်ကာ ရောက်လေရာအသင်းမှာလဲ​ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အနဲဆုံး အကြိုခြေစမ်းပွဲတွေမှာ မြင်ရသင့်တဲ့ ကစားသမားဖြစ်ပါတယ်။ သူ့ကိုလဲ တချိန်က ဘာလိုဂန်၊ အန်ကတ်တီးယားတို့ကို စမ်းသုံးသလိုမျိုး အခွင့်အရေးပေးသင့်ပြီဖြစ်ပါတယ်။

ဖလိုရက်စ်

နိုင်ငံအသင်း ၂ သင်းလုကြတာရယ် ၊ လက်ရွေးစင် အဆင့်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပွဲထွက်ခွင့်ရတာရယ်ကနေ ပရိတ်သတ်တွေစပြီးစိတ်ဝင်စားလာကြပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကတော့ မက္ကဆီကို ကိုပဲ အပြီးသတ်ရွေးချယ်ခဲ့ပြီလို့ ထုတ်ဖော်ပြောလာခဲ့ပါတယ်။

 အာဆင်နယ်မှာတော့ U18 အဆင့်ကနေ U23 အဆင့်မှာ စတင်ခြေစွမ်းပြကစားနေပြီဖြစ်ပါတယ်။ ခြေစွမ်းပြနိုင်တဲ့အပြင် ဂိုးတွေလဲသွင်းယူနေနိုင်ပါတယ်။  အာဆင်နယ်အသင်းရဲ့ ထုံးစံအရဆိုရင်တော့  အငှားထွက်ကစားရဦးမယ်လို့ ယူဆရပါတယ်။  အသင်းကြီးလူစာရင်းမှာ မြင်ရဖို့ကတော့ အချိန်အနဲငယ်ယူရဖို့ရှိပါတယ်။

မက္ကစီကိုလက်ရွေးစင်အသင်းကြီးမှာတော့ အသက်၁၈နှစ်အရွယ်ကစားသမားဟာ play maker role မှာ ကစားသူဖြစ်ပါတယ်။ လာမယ်ကမ္ဘာ့ဖလားဟာ  ဖလိုရက်စ်အနေနဲ့ သူ့ရဲ့စီနီယာတွေဖြစ်တဲ့ ဂျီအိုဗန်နီ ဒို့ဆန်းတို့စ်နဲ့  ဟာဗီယား ဟာနန်ဒက်စ်တို့ခြေရာကိုနင်းနိုင်မလားကြည့်ရမယ့် ကာလတစ်ခုဖြစ်နိုင်ပါတယ်။

နော်တန်ကူဖီ

ကာဖူးလက်သစ်လို့လဲ နာမည်ရတယ် .. အငှားသွားကစားတော့လည်းခြေစွမ်းပြခဲ့တဲ့ အသက် ၁၈ နှစ်အရွယ်ကူဖီကို  အရံအဖြစ်အသင်းမှာထည့်လာနိုင်ခြေရှိပါတယ်။ လာမယ့်ရာသီမှာတော့  ကားလင်းဖလားနဲ့  ယူရိုပါလိဂ်တွေမှာ စမ်းသပ်သုံးစွဲနိုင်ခြေရှိသူအဖြစ်ယူဆရပါတယ်။ တကယ်တော့သူ့ရဲ့ကစားတဲ့နေရာက  အသင်းမှာလိုအပ်နေတဲ့နေရာဖြစ်တာကြောင့် အာတီတာအနေနဲ့ စမ်းသပ်ကြည့်သင့်တဲ့အခြေအနေမှာရှိပါတယ်။

လီနိုဆိုဆာ

အာဆင်နယ်အသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့မှာ ဝက်စ်ဘရွန်းအသင်းက လူငယ်လေးကို အစောဆုံးခေါ်ယူခဲ့ပါတယ်။ ခေါ်ယူပြီးအငှားပြန်မချခဲ့တဲ့ တစ်ယောက်ထဲသောကစားသမားဖြစ်တဲ့ U18 ကစားသမားလေး လီနိုဆိုဆာ ဟာ ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အလားအလာကောင်းများကို ပြသနိုင်ခဲ့တယ်လို့ Daily Cannon သတင်းဌာနက ဖေဖော်ဝါရီတုန်းကဖော်ပြခဲ့ပါတယ်။ လူငယ်တွေကို ခပ်ရဲရဲနေရာပေးနေတဲ့  အာတီတာရဲ့အသင်းမှာ  ဆိုဆာဟာ အချိန်ဘယ်လောက်ယူပြီး အသင်းကြီးကိုရောက်ရှိလာမလဲဆိုတာကတော့ လာမယ့်ရာသီက အဖြေဖြစ်မယ်လို့ယူဆရပါတယ်။

Advertisement

Leave a Reply

%d bloggers like this: