အာဆင်နယ်မဖြေရှင်းနိုင်သေးတဲ့ အန်ကက်တီးယားပုစ္ဆာ 

အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တဲ့ အန်ကက်တီးယားကို အက်စတွန်ဗီလာ၊ ၀က်စ်ဟမ်းနဲ့ အဲဗာတန်စတဲ့ အသင်းတွေက စိတ်၀င်စားနေကြပြီး အင်္ဂလန်သားလေးရဲ့ အမ်းမရိတ်အနာဂတ်ဟာ မရေရာ မသေချာမှုများစွာနဲ့ ရှိနေပါတယ်။ 

အာဆင်နယ်အနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ် လူငယ်တိုက်စစ်မှူးလေးကို ပြိုင်ဘက်အသင်းတွေဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ ရှိနေပါတယ်။ 

ပရီးမီးယားလိဂ်မှာ ၅၉ပွဲကစား ၊၁၀ဂိုးသွင်းယူထားနိုင်တဲ့ (၅၉ပွဲမှာ ပွဲ၄၀ကို လူစား၀င်ကစားသမားအဖြစ်ကစားထားတာဖြစ်ပါတယ်) အန်ကက်တီးယားဟာ ရာသီကုန်ခါနီး နောက်ဆုံး သီတင်းပတ်တွေမှာ အာတီတာရဲ့ ပွဲထွက်လူစာရင်းမှာ တောက်လျှောက်ပါ၀င်ခွင့်ရခဲ့သလို သွင်းဂိုးတွေလည်း ရယူနိုင်ခဲ့ပါတယ်။ ဧပြီလကနေ စပြီး အန်ကက်တီးယားဟာ အသင်းရဲ့ ပထမဦးစားပေး တိုက်စစ်မှူး ဖြစ်လာခဲ့ပြီး ရာသီကုန်အထိ ပွဲစဉ်တိုင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါ၀င်ခွင့်ရခဲ့ကာ သွင်းဂိုးလေးဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

မကြာခင် သီတင်းပတ်တွေအတွင်း အန်ကက်တီးယားဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် ကစားသမားဟာ အမ်းမရိတ်မှာ ဆက်ရှိနေမှာလား၊ ဒါမှမဟုတ် အသင်းပြောင်းတော့မှာလားဆိုတာဟာ အခုထိ မသေချာ မရေရာပဲ ရှိနေပါတယ်။ 

အက်စတွန်ဗီလာ၊ ၀က်စ်ဟမ်းနဲ့ အဲဗာတန်တို့ဟာ သူတို့ရဲ့ တိုက်စစ်အင်အားကို ဖြည့်တင်းဖို့အတွက် အန်ကက်တီးယားကို မျက်စိကျနေကြတာ ဖြစ်ပါတယ်။ 

လာကာဇက်ကို ဆုံးရှုံးရဖို့ ရှိနေတဲ့ အာဆင်နယ်ဟာ နောက်ထပ်တိုက်စစ်မှုးတစ်ဦးဖြစ်တဲ့ အန်ကက်တီးယားကို ဆုံးရှုံးချင်မှာတော့မဟုတ်ပါဘူး။ အာတီတာကိုယ်တိုင်က အင်္ဂလန်သားလေးကို အသင်းမှာ ဆက်ရှိနေစေချင်တယ်လို့ လူသိရှင်ကြားပြောခဲ့ဖူးပြီး အခုထိလည်း အန်ကက်တီးယားကို အသင်းမှာ ဆက်နေအောင် ကြိုးစားနားချနေဆဲ ဖြစ်နိုင်ပါတယ်။ 

အန်ကက်တီးယားကတော့ အာဆင်နယ်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုတွေကို အကြိမ်ကြိမ် ငြင်းဆိုထားပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ အသင်းပြောင်းလိုနေတာ ဖြစ်ပါတယ်။အာဆင်နယ်အနေနဲ့ သူတို့ရဲ့ လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ တိုက်စစ်မှုးလေးကို အသင်းမှာ ဆက်ထိန်းသိမ်းထားဖို့ မလွယ်ကူတော့ဘူးလို့ပဲ ဆိုရမှာပါ။

Advertisement

Leave a Reply

%d bloggers like this: