၂၀၂၁-၂၂ ရာသီရဲ့ အကောင်းဆုံး ဂန်းနားသုံးယောက် 

ဘောလုံးရာသီတစ်ခုကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပရိသတ်တွေအနေနဲ့ မီဒီယာတွေ၊ လူမှုကွန်ရက်စာမျက်နှာတွေမှာ  ကစားသမားအပြောင်းအရွှေ့သတင်းတွေပဲ ဆူဆူညံညံထွက်ပေါ်နေတာ ကြားမြင်ရမှာပါ။ 

အာဆင်နယ်ကတော့ ဥရောပ၀င်ခွင့်နဲ့ ဝေးကွာခဲ့ရတဲ့ မနှစ်က အဖြစ်ကို အဆုံးသတ်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်၀င်ခွင့်နဲ့တော့ ထပ်မံဝေးကွာခဲ့ရပါတယ်။ထိပ်သီးလေးသင်းစာရင်း၀င်ဖို့ အနီးစပ်ဆုံးအခြေအနေတစ်ခု ရောက်ခဲ့ပေမယ့် လူငယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ အသင်းဟာ စိတ်ဓာတ်တည်ငြိမ်မှု၊ယုံကြည်မှုနဲ့ တိုက်ပွဲ၀င်စိတ်တွေကို အ‌ရေးကြီးတဲ့ပွဲစဉ်တွေမှာ ပြသဖို့ ပျက်ကွက်ခဲ့တာကြောင့် ခုလိုမျိုး ယူရိုပါလိဂ်၀င်ခွင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

ဘာပဲဖြစ်ဖြစ် ဒီရာသီမှာ အချို့သော လူငယ်တွေဆီကနေ ကျေနပ်စရာကောင်းတဲ့ ခြေစွမ်းတွေကို မြင်တွေ့ခွင့်ရတာတော့ တကယ်ပဲ ကောင်းမွန်လှပါတယ်။ဒီရာသီမှာ အကောင်းဆုံးတောက်ပခဲ့တဲ့ ဂန်းနားတွေကတော့ 

ဂါဘရီယယ် 

လွန်ခဲ့တဲ့ နှစ်နှစ်အကြာ နွေရာသီမှာ အသင်းကို ရောက်ရှိလာခဲ့တဲ့ ဂါဘရီယယ်ဟာ ပရိသတ်တွေကို စိတ်လှုပ်ရှားစေနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ခံစစ်မှာ တည်ငြိမ်မှုအပြည့်နဲ့ မာမာကျောကျောကစားနိုင်တဲ့ ဗဟိုခံစစ်ကစားသမားဖြစ်ပြီး အသင်းရဲ့ အားနည်းနေခဲ့တဲ့ နောက်တန်းပြဿနာကို ဖြေရှင်းဖို့သော့ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒေးဗစ်လူး၀စ်၊ ဟိုးလ်ဒင်းတို့နဲ့ တစ်လှည့်စီတွဲဖက်ကစားနေရတာကြောင့် ဂါဘရီယယ်အတွက် အကောင်းဆုံးခြေစွမ်းပြဖို့  အခက်အခဲတော့ ရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေမှာ ဘန်ဝှိုက် အမ်းမရိတ်ကို ရောက်လာခဲ့ချိန်မှာတော့ ဂါဘရီယယ်ဟာ ပိုပြီး တောက်ပပြခဲ့ပါတယ်။ဘရာဇီးလ်သားဟာ အင်္ဂလန်သားနဲ့ အတွဲညီညီ ခံစစ်မှာ ခြေစွမ်းပြခဲ့ပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းမှာပါ ပထမဆုံးအနေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။ သူ့ရဲ့ခြေစွမ်းကို အီတလီထိပ်သီး ဂျူဗင်တပ်က စိတ်၀င်စားခဲ့ပြီး ခေါ်ယူဖို့ ကြိုးစားလာပေမယ့် ကစားသမားကတော့ အာဆင်နယ်မှာပဲ ဆက်ရှိနေမယ်လို့ ဆိုခဲ့ပါတယ်။ 

ဂါဘရီယယ်ဟာ ထောင့်ကန်ဘောတွေကနေ လည်း ခေါင်းတိုက်သွင်းဂိုးတွေ မကြာခဏ ရယူပေးခဲ့ပြီး အဲဗာတန်နဲ့ ရာသီအပိတ်ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး ထပ်မံရယူနိုင်ခဲ့တာကြောင့် ၂၀၂၁-၂၂‌ ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ ဗဟိုခံစစ်သမား တွေထဲမှာ သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။အာဆင်နယ်ဟာ လွန်ခဲ့တဲ့နှစ်တွေမှာ ထောင့်ကန်ဘောတွေကနေ သွင်းဂိုးတွေ ရယူဖို့ခက်ခဲခဲ့ပေမယ့် ဂါဘရီယယ်ဟာ ဒီပြဿနာအတွက် အဖြေတစ်ခု ဖြစ်လာခဲ့ပါတယ်။ 

ဗဟိုခံစစ်မှူးကောင်းတွေ ရှားပါး အဖိုးတန်တဲ့ ခေတ်မှာ ခုလိုမျိုး အသက်၂၄နှစ်အရွယ်ပဲရှိသေးတဲ့၊‌ ရှေ့ဆက် အများကြီးတိုးတက်လာဖို့ ရှိသေးတဲ့ ခံစစ်မှူးတစ်ဦးကို ပိုင်ဆိုင်ထားရတာဟာ အာဆင်နယ်အတွက် တကယ့်ရွှေပဲလို့ ဆိုရမှာပါ။ 

မာတင်အိုဒီဂတ် 

ရီးရဲလ်မက်ဒရစ်ကနေ မာတင်အိုဒီဂတ်ကို ပေါင်သန်း၃၀တည်းနဲ့ ပြီးခဲ့တဲ့နွေရာသီက အာဆင်နယ် ခေါ်ယူနိုင်လိုက်တာဟာ သိပ်ကို တန်တယ်လို့ဆိုရမှာပါ။ လက်ရှိ‌မှာ လက်စတာကွင်းလယ်လူ မက်ဒီဆင်ရဲ့ တန်ကြေးတောင် အနည်းဆုံး သန်း၅၀လောက် ရှိပြီး အိုဒီဂတ်ရဲ့ တန်ကြေးဟာလည်း လက်စတာကွင်းလယ်လူထက်မမြင့်ရင်တောင် မနိမ့်နိုင်ပါဘူး။ 

အသက်၂၃နှစ်အရွယ်ရှိသေးတဲ့ ၊ကွင်းလယ်မှာ မှော်စရာတစ်ဦးလိုမျိုး အံ့ဩဖွယ်ရာတွေကို လုပ်ပြနိုင်တဲ့ နော်ဝေးသားလေးဟာ အာဆင်နယ်ကို မနှစ်က အငှားလာရောက်ကစားခဲ့ပြီး‌တဲ့နောက် ခြေစွမ်းကောင်းအချို့  ပြသနိုင်ခဲ့ပြီး ရာသီကုန်မှာတော့ ရီးရဲလ်မက်ဒရစ်ဆီပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ‌အိုဒီဂတ်ကို ရီးရဲလ်မက်ဒရစ်ဆီကနေ အရခေါ်ယူနိုင်ခဲ့ပြီး အိုဒီဂတ်ဟာ မနှစ်ကထက် ပိုပြီးသာလွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ 

နည်းစနစ်ပိုင်းဆိုင်ရာရော၊ Skill ပိုင်းမှာပါ အိုဒီဂတ်ဟာ ပြောစရာမရှိအောင် ကောင်းမွန်တဲ့ ကစားသမားဖြစ်ပေမယ့် သူအနည်းငယ်တိုးတက်အောင်လုပ်ဆောင်ရဦးမယ့်အရာကတော့ ခုထက် ခြေစွမ်းတည်ငြိမ်မှု ပိုရှိဖို့ပါပဲ။သူပုံစံကောင်းပြသဖို့ ရုန်းကန်ရတဲ့ ပွဲစဉ်တွေမှာ အသင်းကပါ ပုံစံပျက်သွားလေ့ရှိပြီး နယူးကာဆယ်၊ပဲလေ့စ်တို့ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေဟာ ဒီကိစ္စအတွက် ဥပမာကောင်းတွေပါပဲ။ 

နောက်ရာသီမှာ အိုဒီဂတ်ဟာ တည်ငြိမ်တဲ့ ခြေစွမ်းတစ်ခုကို အမြဲထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။လက်ရှိမှာ အသင်းရဲ့ ကပ္ပတိန်လက်ပတ်ကို ဆက်ခံထားသူ အိုဒီဂတ်ဟာ တစ်ချိန်မှာ ကမ္ဘာ့အဆင့် ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးတောင် ဖြစ်လာနိုင်သူလို့ဆိုရင် မမှားနိုင်ပါဘူး။ 

ဆာကာ 

လက်ရှိ အာဆင်နယ်ရဲ့ အကောင်းဆုံး ကစားသမားကို လက်ညှိုးထိုးပြပါဆိုရင် ဆာကာကလွဲလို့ အခြားညွှန်းစရာ မရှိနိုင်ပါဘူး။အသင်းရဲ့ ညာတောင်ပံတိုက်စစ်မှာ ဆာကာ ဘောလုံးကို ရထားချိန်မှာ ပြိုင်ဘက်အသင်းရဲ့ ကစားသမား သုံးလေးယောက်လောက်က သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကို အမြဲလိုလို တွေ့ရမှာပါ။ပြိုင်ဘက်အသင်းတွေအတွက် အန္တရာယ်အများဆုံး အာဆင်နယ်ကစားသမားဟာ ငရုတ်သီးလေးလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ဆာကာပဲ ဖြစ်ပါတယ်။ငရုတ်သီလေးဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ဆောက်ဂိတ်ရဲ့ ယုံကြည်မှုကို အခိုင်အမာရယူထားနိုင်ပြန်ပါတယ်။ 

၂၀၂၁-၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုအတွက် ပဏာမစာရင်း၀င်ခဲ့တဲ့ ဆာကာဟာ အာဆင်နယ်ရဲ့ လက်ရှိရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ပွဲစလုံးမှာ ပါ၀င်ခဲ့ပြီး ၁၁ဂိုးသွင်း၊၇ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ဒီရာသီဟာ ဆာကာရဲ့ ဖြတ်သန်းခဲ့သမျှ အာဆင်နယ်ကစားသမားဘ၀မှာ အကောင်းဆုံးဘောလုံးရာသီတစ်ခုဆိုလည်း မမှားပါဘူး။ 

ဥရောပရဲ့ အလားအလာအရှိဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးလို့ သတ်မှတ်ခံရသူ ဆာကာဟာ ဒီရာသီမှာ ပင်နယ်တီသွင်းဂိုးနှစ်ဂိုး ရယူနိုင်ခဲ့ပြီး ၂၀၂၀ယူရို ဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ အိပ်မက်ဆိုးကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။တစ်ရာသီထက်တစ်ရာသီ ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့သူဖြစ်ပြီး ဒီကောင်လေးဟာ အသက်၂၀ပဲ ရှိသေးတယ်လို့ ပြောဖို့တောင် ခက်လှပါတယ်။လက်ရှိမှာ သူ့ရဲ့ဈေးကွက်တန်ကြေးကလည်း အနည်းဆုံး ယူရို၆၅သန်းအထိ ရှိနေပါတယ်။ 

လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်းချုပ်ဆိုဖို့ရှိနေတဲ့ ဆာကာဟာ သူ့ရဲ့ စာချုပ်သစ်မှာ ပြောင်းရွှေ့ကြေး ထည့်သွင်း သတ်မှတ်ဖို့ တောင်းဆိုထားတဲ့ အချက်ကိုတော့ အာဆင်နယ်အနေနဲ့ သတိထားရမှာပါ။လာမယ်ရာသီတွေမှာ အာဆင်နယ်အနေနဲ့ ဆုဖလားတွေရယူဖို့၊ ချန်ပီယံလိဂ်၀င်ခွင့်ရယူဖို့ ဆက်ပြီး‌ပျက်ကွယ်နေမယ်ဆိုရင် သူတို့ရဲ့ အကောင်းဆုံး ကစားသမားကို ဆုံးရှုံးရနိုင်ချေရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

Advertisement

Leave a Reply

%d bloggers like this: