ဝါရင့်ကစားသမားလိုအပ်ချက်အတွက်  ဝိုင်နယ်ဒမ်ဟာ ရွေးစရာတစ်ခုဖြစ်လာမလား

ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အာဆင်နယ်ဟာ လီဗာပူးကွင်းလယ်ကစားသမားဟောင်း ဝိုင်နယ်ဒမ်ကို ခေါ်ယူဖို့ စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ 

ဝိုင်နယ်ဒမ်ဟာ မနှစ်က လီဗာပူးကနေ ထွက်ခွာပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့  PSGကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသက်၃၁နှစ်အရွယ် ကွင်းလယ်လူကြီးဟာ ပြင်သစ်မြေမှာ ပုံမှန်ပွဲထွက်ခွင့် တွေရဖို့ ရုန်းကန်နေခဲ့ရပါတယ်။ 

ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ နယ်သာလန်လက်ရွေးစင်ကြီးကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အာဆင်နယ်ဟာ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် PSG ဘက်က ရာသီ၀က်မှာ သူတို့ရဲ့ကစားသမားတွေကို ရောင်းချဖို့ စိတ်ကူးမရှိတာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပါဘူး။ 

ဝိုင်နယ်ဒမ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ပွဲ၂၀သာ ကစားခွင့်ရခဲ့ပြီး ပွဲချိန်ပြည့်ကစားခဲ့ရတဲ့ ပွဲစဉ်ဟာ ၈ပွဲသာ ရှိပါတယ်။ ဒီလိုမျိုး ပွဲထွက်ခွင့် မိနစ် ရှားပါးနေခြင်းဟာ သူ့ရဲ့ နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ကိုပါ ထိခိုက်လာနိုင်ပါတယ်။ 

နယ်သာလန်နည်းပြ လူး၀စ်ဗန်ဂေါဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်နှစ်ပွဲ မှာ ဝိုင်နယ်ဒမ်ကို ချန်လှပ်ခဲ့သလို နောက်လာမယ့် ပွဲစဉ်တွေအတွက် လူစာရင်းမှာလည်း သူ့ကို ထည့်သွင်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် နောက်လာမယ့် အပြောင်းအရွှေ့ရာသီဟာ ဝိုင်နယ်ဒမ်အတွက် အရမ်းကို အရေးကြီးလာဖို့ ရှိပါတယ်။ သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လာမလား ဒါမှမဟုတ် နယ်သာလန်ကိုပဲ ပြန်မလားဆိုတာ ရွေးချယ်ရတော့မှာပါ။ 

အာတီတာကတော့ ဝိုင်နယ်ဒမ်ကို ခေါ်ယူနိုင်ဖို့ ထပ်မံကြိုးစားလာဖို့ ရှိနေပါတယ်။ လူငယ်အများစုနဲ့ တည်ဆောက်ထားတဲ့အသင်းဟာ ဝါရင့်ကစားသမားအချို့ရှိဖို့ လိုအပ်နေပြီး ဝိုင်နယ်ဒမ်းဟာ အာတီတာ သဘောကျနေတဲ့ စိတ်ကြိုက် ဝါရင့် ကစားသမားကြီး ဖြစ်နိုင်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: