နောက်ဆုံးရအာဆင်နယ်သတင်းများ (23May)

အာတီတာလိုအပ်တာကို ဖြည့်ဆည်းပေးမယ်လို့ ခရွန်ကီ ကတိပေး

အာဆင်နယ်အသင်းရဲ့ ဒါရိုက်တာဖြစ်တဲ့  ခရွန်ကီမိသားစုဝင် ဂျို့ရှ်ခရွန်ကီက အပြောင်းအရွှေ့မှာ  အာတီတာလိုအပ်တာတွေကို ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း  Official Match Day အစီအစဥ်မှတဆင့် ပြောဆိုလာခဲ့ပါတယ်။ ဂျို့ရှ်က  “ အီဒူးနဲ့ အာတီတာမှာ ခိုင်မာတဲ့အစီအစဥ်တွေရှိတာကို သူနားလည်ထားကြောင်း ၊ ပြီးခဲ့တဲ့နှစ်တွေမှာ ကပ်ရောဂါအခြေအနေများကြောင့် ထင်တိုင်းမပေါက်ခဲ့ကြောင်း “ ကိုလည်း ပြောပြသွားခဲ့ပါတယ်။ လတ်တလောအနေအထားအရ  အာတီတာက  တိုက်စစ်မှုးနှစ်ဦး ၊ ကွင်းလယ်တစ်ဦးနဲ့ နောက်ခံအစွန်လူ နှစ်ဦးကိုမဖြစ်မနေခေါ်ယူလိုနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

နှုတ်ဆက်တဲ့စကားအစား ပျော်ရွင်ကျေနပ်ကြောင်း  အန်ကတ်တီယာ ထုတ်ဖော်ပြောကြား

စာချုပ်သက်တမ်းကုန်ဆုံးနေပြီဖြစ်ပေမယ့် တိကျတဲ့အဖြေတစ်ခုကိုမရရှိသေးတဲ့ တိုက်စစ်မှုးလေးအန်ကတ်တီယာဟာ ဆိုရှယ်မီဒီယာမှာတော့  ဒီရာသီကို သွင်းဂိုးနဲ့အတူပိတ်သိမ်းနိုင်ခဲ့တာကို ကျေနပ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။  ပုံမှန်နေရာတစ်နေရာအတွက် တောက်လျှောက်တိုက်ပွဲဝင်လာခဲ့တဲ့ အန်ကတ်တီယာဟာ ယခုရာသီမှာ  ၂၁ ပွဲကစားပြီး  ၅ ဂိုးသွင်း  ၁ ဂိုးဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။  အက်ဒီဟာ  ပွဲထွက်ကစားရတဲ့အကြိမ်အရေအတွက်အလွန်နဲပါးခဲ့ပေမယ့် ကစားရချိန်မှာ ဂိုးတွေဆက်တိုက်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အသင်းပြောင်းနိုင်ချေရှိကြောင်း နီဗက်စ်ကိုယ်တိုင် အရိပ်အမြွက်ပြောကြားလာ

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့က စိတ်ဝင်စားနေကြတဲ့  ပေါ်တူဂီကွင်းလယ်လူ နီဗက်စ်ဟာ သူ့အနေနဲ့ ဝံပုလွေတို့နဲ့လမ်းခွဲနိုင်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲအပြီး Sky Sports နဲ့တွေဆုံရာမှာလည်း  အသင်းပြောင်းနိုင်ချေရှိကြောင်းကို အရိပ်အမြွက်ပြောကြားလခဲ့တာဖြစ်ပါတယ်။ 

“ ဘာတွေဖြစ်လာမလဲစောင့်ကြည့်ကြတာပေါ့ .. အခုအချိန်မှာတော့အများကြီးမပြောလိုသေးပါဘူး “ လို့ဖြေကြားခဲ့တာဖြစ်ပါတယ်။   ကစားသမားရဲ့ တန်ကြေးကိုတော့ ဝုဗ်တို့ဖက်ကမြင့်မြင့်မားမားရည်မှန်းထားတယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ်မဝင်တာဟာ နာကျင်စရာဖြစ်ကြောင်း အာတီတာ ဝန်ခံလာ

အာဆင်နယ်နည်းပြ အာတီတာက  နယူးကာဆယ်ကိုရှုံးနိမ့်ခဲ့တဲ့ဖြစ်ရပ်အပေါ်မှာ နာကျင်ခံစားနေရဆဲဖြစ်ကြောင်း  ရာသီအပြီး အင်တာဗျူးမှာ ဝန်ခံပြောကြားသွားခဲ့ပါတယ်။

“  တစ်ရာသီလုံးဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြန်ပြီးမသုံးသပ်နိုင်သေးပါဘူး .. ဆောရီးပါဗျာ .. ကျွန်တော်ကတော့ ပြီးခဲ့တဲ့အပတ်ကရှုံးပွဲအပေါ်မှာ ခံစားနေရတုန်းပါပဲ  ..  အချိန်နဲနဲယူပြီးရင်တော့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြန်ပြီးသုံးသပ်မှာပါ။ ကျွန်တော့်အနေနဲ့အာမခံနိုင်တာကတော့  အသင်းဟာ ရှိတဲ့အရည်အသွေးတွေအားလုံးကို ညှစ်ထုတ်ပြီးကစားသွားခဲ့တယ်ဆိုတာပါပဲ  .. ဘာအတွက်ကြိုးစားနေတယ်ဆိုတာကိုလည်းနားလည်ပါတယ် .. အဲ့ဒီအဆင့်ထိမရောက်ရတာကလည်းနာကျင်ရပါတယ်  “  ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ်။

အီဒူးရဲ့သားဖြစ်သူ အာဆင်နယ်ကိုစွန့်ခွာမည်

အာဆင်နယ်အသင်းကို ၂၀၁၉ ခုနှစ်တုန်းက ပညာသင်ကစားသမားအဖြစ် ရောက်ရှိလာတဲ့  နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့သားဖြစ်သူ လွီဂီဂတ်စပါ ဟာ အသင်းကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ လွီဂီဟာ  U18 အသင်းမှာ ၁၂ ပွဲသာပါဝင်ကစားခဲ့ရပြီး  အချိန်အများစုမှာ ဒဏ်ရာရနေခဲ့တာလည်းဖြစ်ပါတယ်။ အခြားသော ပညာသင်ကစားသမားဖြစ်တဲ့ ခါယွန်အက်ဒွက်ကတော့ အသင်းနဲ့အတူ ပရိုဖက်ရှင်နယ်စာချုပ် တစ်ရပ်ကိုချုပ်ဆိုခဲ့ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: