လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလပြန်လည် ဖွင့်လှစ်လာတဲ့အခါ အာဆင်နယ်အနေနဲ့ အသင်းရဲ့ ကစားသမားအင်အားတောင့်တင်းလာအောင် ငွေကြေးသုံးစွဲစေချင်တယ်လို့ ဂန်နားဟောင်းကြီးတဖြစ်လဲ အားကစားအစီအစဉ်တင်ဆက်သူကြီး ကီဗင်ကမ်းဘဲလ်က ဆိုလာခဲ့ပါတယ်။
အာဆင်နယ်ဟာ လက်ရှိရာသီမှာ ကစားသမားအနည်းငယ်နဲ့ ဥရောပ၀င်ခွင့်တစ်နေရာကို အရယူနိုင်ခဲ့ပါတယ်။လာမယ့်ရာသီမှာတော့ ကစားသမားအင်အားဖြည့်တင်းပြီး အောင်မြင်မှုတွေ ပိုမိုရယူလာနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။
ဂွမ်ဒိုဇီ၊ မာဗရိုပနို့စ်တို့ကို အငှားချထားရာကနေ အပြီးသတ်ရောင်းချခဲ့ပြီဖြစ်သလို လာကာဇက်၊ အန်ကက်တီးယား၊ဘယ်လာရင်၊ မစ်တလန်နိုင်းစ် စတဲ့ ကစားသမားတွေကလည်း ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ကစားသမားအင်အားအများအပြား ဖြည့်တင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ကီဗင်ကမ်းဘဲလ်ကတော့ အာဆင်နယ်ဟာ လာမယ့်ရာသီ ပြိုင်ပွဲအရပ်ရပ်မှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ဆိုရင် ကစားသမားရှစ်ယောက်အနည်းဆုံးခေါ်ယူဖို့လိုတယ်လို့ ဆိုလာခဲ့ပါတယ်။
“ ကျွန်တော်မြင်တာကတော့ အာဆင်နယ်ဟာ ကစားသမားသစ်ရှစ်ယောက်လိုပါတယ်။အရင်တုန်းက ဒီလိုပြောမယ်ဆို လူတွေအများကြီးက ပြန်ပြောကြမှာပေါ့ ‘ကစားသမားသစ်ရှစ်ယောက်တောင်၊ မင်းဘာတွေပြောနေတာလဲပေါ့’ အခုဆို သူတို့သိလောက်ပါပြီ။ ကျွန်တော်တို့ ကစားသမားသစ်ရှစ်ယောက်လိုပါတယ် ”
“ပွဲထွက်လူစာရင်းမှာ ပါ၀င်နိုင်လောက်အောင် ကောင်းတဲ့ ကစားသမားရှစ်ယောက်လိုပါတယ်။ပွဲထွက်ကစားသမား ၁၁ယောက်စာရင်းနဲ့ အရန်လူစာရင်း နှစ်ခုလုံး အင်အားတောင့်တင်းဖို့ လိုပါတယ်။ဒါမှ အသင်းရဲ့လူစာရင်းကို အပြောင်းအလဲတွေလုပ်လို့ရမှာပါ”
“အာဆင်နယ်ဟာ ခုအချိန်မှာ လုံလုံလောက်လောက်မကောင်းသေးပါဘူး။ သူတို့ တောင့်တင်းတဲ့ လူစာရင်း လိုအပ်ပါတယ်”
ကမ်းဘဲလ်ရဲ့ စကားဟာ အမှန်ပါပဲ။ အာဆင်နယ်ဟာ ကစားသမား အရည်အတွက် အများအပြားကို လာမယ့်နွေရာသီမှာ ဖြည့်တင်းဖို့ လိုအပ်ပါတယ်။ကစားသမားအင်အားတောင့်တင်းခြင်းဟာ ဆုဖလားတွေရယူဖို့အတွက် အားသာချက်တစ်ခုပါပဲ။
ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင် လက်ရှိရာသီမှာ လီဗာပူးလ်ဟာ သူတို့ရဲ့ တောင့်တင်းတဲ့ လူစာရင်းနဲ့ ပြိုင်ပွဲစုံလေးခုစလုံးမှာ ဘာတွေ လုပ်ပြခဲ့လဲဆိုတာ အားလုံးမြင်တွေ့ခဲ့ရပြီးပါပြီ။ အာတီတာနဲ့ အီဒူးတို့ လီဗာပူးလ်ကို အတုယူဖို့ လိုပါလိမ့်မယ်။
