အာဆင်နယ်အသင်းရဲ့ပရိတ်သတ်တွေအကြား ရုတ်တရက်တိတ်ဆိတ်သွားပါတယ်။ အဲ့ဒီနောက် ငြင်းခုံသံတွေဟာ ပြင်းပြင်းထန်ထန်ထွက်ပေါ်လာပါတော့တယ်။
အမေ့ခံသူရဲကောင်း ၊ စီနီယာတစ်ယောက်ရဲ့ ပေးဆပ်မှု ၊ ငုပ်သျိုးနေတဲ့လူငယ်လေး စတဲ့ခေါင်းစဥ်တွေတပ်ပြီး လာကာဇက်နဲ့ အန်ကတ်တီးယားကို ချီးကျူးခဲ့ကြပေမယ့် အဆုံးသတ်ရလဒ်ကတော့ အကျပ်အတည်းကြားထဲက အဖြေတစ်ခုဖြစ်မလာတာပါပဲ။ အရာအားလုံးကို အရည်အသွေးကပဲ အဆုံးအဖြတ်ပေးရချိန်မှာ သူတို့ နှစ်ဦးစလုံးဟာ အာဆင်နယ်အသင်းလိုအပ်နေတဲ့အရာတွေမဟုတ်ခဲ့ကြပါဘူး။
ဗလာဟိုဗစ်ကိုသာ ခေါင်းမာမာနဲ့ စောင့်ခဲ့ခြင်း ၊ အူဘာမီယန်ကို လက်လွှတ်လိုက်ခြင်း တွေဟာ လက်ညှိုးထိုးစရာတွေဖြစ်လာခဲ့ပါတယ်။ ဒီနေရာမှာ အပြန်အလှန်မေးခွန်းထုတ်စရာကတော့ အူဘာမီယန်ရှိနေရင်ကော ဒီပြဿနာတွေအတွက် အဖြေဟုတ်ပါ့မလားဆိုတာပါပဲ။ ဒါပေမယ့် သီးခြားကဏ္ဏသာဖြစ်ပါလိမ့်မယ်။ တိုက်စစ်မှုးကိစ္စအဖြေရှာဖို့ဆိုတာ အဆိုပါကစားသမားတွေမရှိရင် တစ်ခုခုလုပ်ကိုလုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။
လာကာဇက်ဟာ အကောင်းဆုံးကြိုးစားပေးခဲ့ပါတယ်။ ကိုယ်တိုင်သွင်းဂိုးတွေမရနိုင်ပေမယ့် လိုအပ်သလို ကွင်းလယ်ထိဆင်းပြီး Attacking Midfielder ဆန်ဆန်မျိုးအထိကစားပေးသွားတာ အားလုံးအမြင်ပါပဲ။ ဒါပေမယ့် သူ့ရဲ့အသက်အရွယ်နဲ့ စွမ်းဆောင်ရည်က အကန့်အသတ်ရှိခဲ့ပါပြီ။ လာကာဇက် ကို အသင်းခေါင်းဆောင်ပေးပြီး အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားချက်ကလည်း အီလည်လည်နဲ့ပဲပြီးသွားခဲ့ပါတယ်။ အစပိုင်းမှာ အဆင်ပြေသလိုလိုရှိပြီး ဆောင်းပါးပေါင်းများစွာမှာ ချီးမွမ်းခန်းတွေဖွင့်ကြ ၊ စာချုပ်သစ်ဆက်ချုပ်ဖို့တိုက်တွန်းကြနဲ့ ရက်သတ္တပတ် ၃ ပတ်လောက်တော့ရေပန်းစားခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ရလဒ် အကျနဲ့အတူ အားလုံးဟာ တိတ်ဆိတ်သွားပြန်ပါတယ်။
နောက်တစ်ယောက်ကတော့ အန်ကတ်တီးယားဖြစ်ပါတယ်။
အရံခုံမှာကစားနေရင်း ဂိုးတွေဆက်တိုက်သွင်းပြလိုက်တဲ့အခါ ချက်ခြင်းပဲအဖိုးမဖြတ်နိုင်တဲ့ Fox In the Box အဖြစ်သို့ရောက်ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့တက်ကြွမှု ၊ လျှင်မြန်မှုတွေဟာ အာဆင်နယ်ကို အကြပ်အတည်းကြားထဲမှာ မကူညီနိုင်ခဲ့ပါဘူး။ အလားအလာကောင်းရှိတဲ့ကစားသမားဆိုတာက ငြင်းစရာမရှိပေမယ့် သူ့ကို ပုံပြီးယုံလိုက်ဖို့ကတော့ မိုက်မဲလွန်းရာကျပါလိမ့်မယ်။ ဒါ့အပြင် ကစားသမားရဲ့ ဆန္ဒကလဲ အသင်းပြောင်းလိုနေတာသိသာပါတယ်။ အာတီတာကတော့ အခုထိကြိုးစားဆဲပါပဲ။
သို့သော် ဒီကစားသမား ၂ ယောက်ကို အာဆင်နယ်ဟာ ပုံအပ်ခဲ့ပါတယ်။ အာတီတာဟာ ရင်းနှီးခဲ့ပါတယ်။ ရလဒ်ကတော့ ဂိုးပေါက်ခန်းခြောက်သွားခြင်း ၊ ဒါ့ထက်ပိုလို့ပြောရရင် တိုက်စစ်ဟန်ချက်ပျက်ယွင်းသွားခြင်းပဲဖြစ်ပါတယ်။
အသင်းဟာ ဂိုးတွေအများကြီးသွင်းနိုင်တဲ့ တိုက်စစ်မှုးလိုပါတယ်။ ကြံ့ခိုင်တဲ့ တိုက်စစ်မှုးလိုပါတယ်။ ခြေစွမ်းမှန်တဲ့ တိုက်စစ်မှုးလိုအပ်ပါတယ်။ တဖက်အသင်းနောက်တန်းတွေအတွက် ကြောက်စရာဖြစ်နေဖို့လိုပါတယ်။ ဒီမေးခွန်းတွေအတွက် လာကာဇက်နဲ့ အန်ကတ်တီးယား ကအဖြေဟုတ်လားမဟုတ်လားဆိုတာကိုတော့ မေးခွန်းတစ်ခုအဖြစ်ချန်ထားခဲ့ရမှာဖြစ်ပါတယ်။
Thanks for reading our content.