Seniority ခေါင်းဆောင်မှုနဲ့ အာဆင်နယ်အသင်းရဲ့ကွင်းတွင်းပြဿနာ

အာဆင်နယ်အသင်းရဲ့လိုအပ်ချက်တွေအကြောင်းကိုရေးသားနေကြတဲ့ခေါင်းစဥ်များစွာထဲမှာ အရေးအကြီးဆုံးအဖြစ်ရှိနေတာကတော့ ကွင်းတွင်းခေါင်းဆောင်မှုပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဂရန်းနစ်ရှာခါက  နယူးကာဆယ်နဲ့ပွဲအပြီးမှာ အသင်းသားတွေကို နာမည်ထုတ်မပြောရုံတမယ်ဝေဖန်ခဲ့သလို  လိုအပ်ချက်များကိုလည်းထောက်ပြသွားခဲ့ပါတယ်။​ ဒီအဖြစ်အပျက်ကို ပထမဆုံးစတင်ပြီးဝေဖန်သူက အီယန်ရိုက်ဖြစ်ပါတယ်။

“  အခုအချိန်မှာပြောတာမျိုးက ဘယ်သူ့ကိုမှ အကူအညီမဖြစ်စေပါဘူး .. အရိုးသားဆုံးပြောရရင် စိတ်ခံစားချက်ကို ဘယ်လိုစီမံနေလဲဆိုတာကိုပါ နားလည်ရခက်ပါတယ် .. အဝတ်လဲခန်းထဲမှာပဲပြောရမယ့်စကားမျိုးကိုထုတ်ပြောလာတာကြောင့် လူတွေအားလုံးက အံ့အားသင့်ရပါတယ် .. ပြီးတော့ နာမည်တွေကိုလဲ ထုတ်မပြောထားပြန်ပါဘူး

အဲ့ဒီနောက်မှာတော့ ကစားသမားဟောင်း ဒေးဗစ်ဆီးမန်းနဲ့ ဘောလုံးကျွမ်းကျင်သူ မိုက်ကယ်အိုဝင်တို့ကလည်း မလုပ်သင့်တဲ့ကိစ္စတရပ်တစ်ခုအဖြစ်ပြောဆိုလာကြပါတယ်။ ဒီအချက်ကို သဘောတူသူ ၊ မတူသူတွေရှိကြပေမယ့်  အာဆင်နယ်အသင်းမှာ ဦးဆောင်မှုကင်းမဲ့နေတယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။ အထူးသဖြင့် Seniority ဦးဆောင်မှုပျက်ယွင်းနေတာဖြစ်ပါတယ်။   စိတ်ဓါတ်ပြင်းပြတယ် ၊ ပေးဆပ်တယ်တို့ဆိုတာ တခါတရံဖျော်ဖြေရေးဆန်ဆန်ခေါင်းစဥ်တပ်လို့ကောင်းပေမယ့် လက်တွေ့မှာ တည်ငြိမ်စွာဖြေရှင်းခြင်းလောက်အလုပ်မဖြစ်တာကို သာဓကပေါင်းများစွာနဲ့ သက်သေပြပြီးဖြစ်ပါတယ်။

တချိန်တုန်းက  တိုနီအဒမ် ၊  ပက်ထရစ်ဗီအဲရာတို့လို အသင်းခေါင်းဆောင်တွေကိုပိုင်ဆိုင်ဖူးတဲ့ အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင်ကပ်ဆိုက်နေတာကြာပြီဖြစ်ပါတယ်။  အသင်းခေါင်းဆောင်ဆိုတာ ကစားကွက်ကိုဦးဆောင်ကစားနိုင်ရုံတင်မကပဲ ကစားသမားတစ်ဦးခြင်းစီကို  အဖက်ဖက်ကလွှမ်းမိုးနိုင်ဖို့ ၊ ကွင်းတွင်းမှာကြုံလာရတဲ့နည်းဗျူဟာအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ အပြင် အခြားအခြားသော အရည်အသွေးတွေရှိဖို့လိုပါတယ်။

ယခုအာဆင်နယ်အခြေအနေက ထိုကဲ့သို့သော ခေါင်းဆောင်မှုကိုမရရှိတဲ့အပြင် ဂရန်းနစ်ရှာခါတို့လို  အကျီချွတ်ပြီးလွင့်ပစ်ရာကနေ အင်တာဗျူးမှာ စိတ်ရှိသလိုဖြေနေတဲ့သူတွေအထိ ၊ ပြန်ကောက်ပြီးပြောရရင်  အသင်းရှုံးနေချိန်မှာတောင် ​ရယ်ကျဲကျဲလုပ်နေတတ်တဲ့ အူဘာမီယန်တို့လိုကစားသမားမျိုးတွေ အစုံနဲ့ အလုပ်လုပ်နေရပါတယ်။ အူဘာမီယန်ကိုရွေးချယ်တုန်းကဆိုရင်  ကစားသမားတွေကို မဲပေးစေခဲ့တာလို့သိရပါတယ်။  ချစ်စရာကောင်းတယ်ဆိုပြီး ဆာကာ ကိုဝိုင်းပြီးမဲမပေးလိုက်ကြတာကိုပဲ  ဘုရားသခင်ကို ကျေးဇူးတင်ရမလိုပါပဲ။

ကြမ်းကြမ်းရမ်းရမ်းကစားတယ် ၊  ပြိုင်ဖက်နဲ့ရန်ဖြစ်တယ်ဆိုတာဟာ စိတ်ဓါတ်ပြင်းပြခြင်းရဲ့လက္ခဏာ တစ်ရပ်မဟုတ်သေးပါ။  ဗရမ်းဗတာနိုင်ခြင်း ၊ မိမိကိုယ်ကို မထိမ်းချုပ်နိုင်ခြင်းတို့ဟာ အခြေခံပရိုဖက်ရှင်နယ် လက္ခဏာရပ်ကိုတောင် မကျေညက်သေးခြင်းလို့ ဆိုလို့ရပါတယ်။  စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုဆိုတာ  အဆိုပါ အသင်းခေါင်းဆောင် သို့ စီနီယာ ကစားသမားရဲ့မျက်နှာကိုကြည့်ပြီး ကျန်တဲ့သူတွေကပါ မခိုမကပ်ကြိုးစားလာဖို့လိုအပ်ပါတယ်။

အချို့သော အာဆင်နယ်အသင်းရဲ့ရှုံးပွဲတွေမှာ လိုအပ်နေတာ ထိုကဲ့သို့သော ခေါင်းဆောင်မှုသာဖြစ်ပါတယ်။ အဖြေသိပေမယ့် အဖြေမတွေ့နိုင်တဲ့ အာဆင်နယ်အသင်းရဲ့ပြဿနာပါပဲ။ လက်ရှိကွင်းလယ်မှာ ခပ်ကြမ်းကြမ်းနဲ့ဒေါသကြီးတဲ့ ရှာခါ ၊ အရည်အသွေးမြင့်မားတာကြောင့် အခြာသူတွေကို လွှမ်းမိုးနိုင်တဲ့ ပါတေး ၊ ထက်မြတ်တယ်လို့ သတ်မှတ်ကြတဲ့ အိုဒီဂတ် .. ဘယ်သူဆီကမှ ဒီလိုအရာကို မရရှိနိုင်သေးပါဘူး။

အဆုံးသတ်ရရင်တော့ အာဆင်နယ်အသင်းမှာ လိုအပ်ချက်များစွာရှိတဲ့အနက်  Seniority ခေါင်းဆောင်မှုကလဲ အရေးတကြီးလိုအပ်နေပါသေးတယ်။ ဒီလိုကစားသမားမျိုးဟာ  အသင်းခေါင်းဆောင်ဖြစ်ဖို့မလိုအပ်ပါဘူး။  ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။  ထို့အတူ  လက်တွေ့ဖြစ်လာဖို့လဲ လိုအပ်နေပါတယ်။

Thanks for reading our content.

Advertisement

Leave a Reply

%d bloggers like this: