အာရွန်ဟစ်ကီနဲ့ အာဆင်နယ် ဘာမှ မဖြစ်သေးကြောင်း နာမည်ကျော်သတင်းထောက်တွေ ထုတ်ပြောလာကြ
အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ပြီဆိုတဲ့ သတင်းများထွက်ပေါ်နေပေမယ့် အာရွန်ဟစ်ကီဟာ စောင့်ကြည့်ရမယ့်အနေအထားမှာသာရှိသေးကြောင်း ဖေဘရီဇီယိုရိုမာနိုက ပြောဆိုလာခဲ့ပါတယ်။
“ အာရွန်ဟစ်ကီဟာ တွေ့ဆုံဆွေးနွေးမှုအချို့ပြီးခဲ့ပြီဆိုပေမယ့် ဘယ်တစ်ခုမှ တိတိကျကျအကောင်အထည်မဖော်နိုင်သေးပါဘူး .. ကျွန်တော်ရရှိထားတဲ့သတင်းကတော့ အဲ့ဒီအတိုင်းပါပဲ … ဒီတော့ ကျွန်တော်တို့ ဆက်ပြီးစောင့်ကြည့်ရပါဦးမယ် “ ဆိုပြီး Que Golazo Youtube Channel နဲ့တွေ့ဆုံရမှာပြောဆိုလာတာဖြစ်ပါတယ်။ The Athletic ရဲ့ အွန်းစတိန်းကလဲ အာရွန်ဟစ်ကီနဲ့ အာဆင်နယ်ကြား အပြီးမသတ်နိုင်သေးကြောင်းပြောဆိုထားခဲ့ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်မရရင်လဲ အာဆင်နယ်တို့အပြောင်းအရွှေ့မှာ အားထည့်လုပ်ဆောင်မှာဖြစ်
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရသည်ဖြစ်စေ ၊ မရရှိသည်ဖြစ်စေ လာမယ့်အပြောင်းအရွှေ့ရာသီမှာ အဓိက ကျတဲ့ ခေါ်ယူမှုတွေကို အားထုတ်သွားမှာဖြစ်ကြောင်း The Telegraph က ရေးသားလာပါတယ်။ ၄င်းတို့ရဲ့ဖော်ပြချက်အရ အာတီတာအနေနဲ့ လုံလောက်တဲ့ငွေပမာဏကိုရရှိမှာဖြစ်ပြီး အာဆင်နယ်အသင်းဟာ တိုက်စစ်မှုးနေရာအပြင် ကွင်းလယ်ကိုလည်းအားဖြည့်မှာဖြစ်ကြောင်း ရေးသားထားပါတယ်။

ဂွန်ဒိုဂန်ကို အာဆင်နယ်စိတ်ဝင်စားနေကြောင်း နာမည်ကျော် Weblog ဖော်ပြ
အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဂွန်ဒိုဂန်ကို စိတ်ဝင်စားနေကြောင်း သတင်းများစွာကို ကိုးကားပြီး Gooner Talk က ဖော်ပြလာပါတယ်။ အဆိုပါ ၃၁ နှစ်အရွယ် ဂျာမန်သားဟာ ပေါင် ၃၁ သန်းခန့် တန်ကြေးရှိသူဖြစ်ပြီး လာမယ့်ရာသီမှာအသင်းက ထွက်ခွာဖွယ်ရှိသူလည်းဖြစ်ပါတယ်။ ဂွန်ဒိုဂန်ဟာ ယခုရာသီမှာ ၁၇ ဂိုးသွင်း ၊ ၆ ကြိမ်ဖန်တီးပေးထားနိုင်တဲ့အထိ ခြေစွမ်းပြထားနိုင်သူလည်းဖြစ်ပါတယ်။ (Gooner Talk ဟာ Football London ရဲ့ သတင်းထောက်ချုပ် ခရစ္စဝီတလေ တည်ထောင်ထားတဲ့ Web Log တစ်ခုလဲဖြစ်ပါတယ်)
အာဆင်နယ် ချန်ပီယံလိဂ်ဝင်ဖို့ သဘာဝလွန်ဖြစ်ရပ်လိုအပ်ကြောင်းဆောင်းပါးရှင်ရေးသား
HITC ရဲ့ ဆောင်းပါးရှင် ဆပ်ဟန်ကာမွန်ဒယ်ကတော့ အာဆင်နယ်အသင်း ဥရောပဝင်ခွင့်ရဖို့ဆိုတာ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်မှသာရရှိနိုင်တော့မှာဖြစ်ကြောင်း သူ့ရဲ့ဆောင်းပါးကနေသုံးသပ်လာခဲ့ပါတယ်။ ၄င်းဆောင်းပါးမှာ Sky Sports ရဲ့တင်ဆက်သူ ဂျေမီကာရေဂါရဲ့ မှတ်ချက်ကိုလည်းကိုးကားထားခဲ့ပါတယ်။
“ စပါးကတော့ လက်ရှိအနေအထားနဲ့ နော်ဝစ်ချ်ကိုရှုံးစရာ ဘယ်အကြောင်းမှမရှိတော့ပါဘူး .. အသင်းရဲ့ ပရိတ်သတ်တွေ ၊ ကစားသမားတွေဟာလည်း အားလုံးအတွက်အသင့်ရှိနေကြပုံပါပဲ။ ကမ္ဘာပေါ်က ဘယ်သူကမှ အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့်ရသွားမယ်ဆိုတာကို ယုံကြည်မှာ မဟုတ်ပါဘူး … သူတို့အတွက် လုံးဝကို အခွင့်အရေးမရှိတော့တာပါ “ ဆိုပြီး မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
အိုစီမန်ကို ခေါ်ယူဖို့ အာဆင်နယ်အတက်ကြွဆုံးလို့ အီတလီမီဒီယာရေးသားလာ
Sport Mediaset ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အိုစီမန်ကို ခေါ်ယူဖို့အတွက် တက်ကြွမှုအရှိဆုံးအသင်းဖြစ်တယ်လို့သိရပါတယ်။ CIES ရဲ့ စစ်တမ်းအရ သန်း ၆၀ ခန့်တန်ကြေးရှိနေပြီး မီဒီယာတွေမှာဖော်ပြချက်အရ ၈၅ သန်းခန့်ရှိနေတဲ့ နိုင်ဂျီးရီးယားသားကို အခြားသော ပရီးမီးယားလိဂ်အသင်းတွေကလဲ စိတ်ဝင်စားနေကြပေမယ့် မြောက်လန်ဒန်သားတို့ရဲ့ တိုက်စစ်လိုအပ်ချက်ကြောင်း ပိုမိုအားထုတ်နေတာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။