ဒီ‌ညဟာ တကယ်ကိုနာကျင်စရာကောင်းခဲ့ပါတယ်  – ဆာကာ 

စိန့်ဂျိမ်းပါ့ခ်မှာ အိမ်ရှင်အသင်းကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဆာကာဟာ အတော်လေးကို စိတ်ဓာတ်ကျနေခဲ့ပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ်မယုံကြည်နိုင်ဖြစ်ခဲ့ရတယ်လို့ ဆာကာက ဆိုလာခဲ့ပါတယ်။ 

ချန်ပီယံလိဂ်၀င်ခွင့်အတွက် လက်ကျန်ပွဲစဉ်နှစ်ပွဲစလုံးကို အာဆင်နယ်ဟာ အနိုင်ရဖို့လိုအပ်ခဲ့ပေမယ့် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အဆင့်လေးနေရာကို ဆုံးရှုံးသွားခဲ့ရပြီဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ်တစ်ပွဲ ကစားဖို့ ကျန်နေသေးပေမယ့် အမြှောက်တပ်သားတွေရဲ့ ချန်ပီယံလိဂ်အိပ်မက်က မဖြစ်နိုင်တော့တာ သေချာသလောက်ရှိ သွားခဲ့ပါပြီ။ 

ပွဲချိန်အပြီးမှာ‌တော့ ဆာကာဟာ မီဒီယာတွေရှေ့မှာ အင်တာဗျူးဖြေဖို့ မတ်တပ်ရပ်နေခဲ့ပေမယ့် သူ့ရဲ့စိတ်ပျက်နေမှုကိုတော့ ဟန်ဆောင်ဖုံးကွယ်မထားနိုင်ခဲ့ပါဘူး။ 

ဒီညဟာ တကယ်ကို စိတ်ပျက်စရာ၊ခံပြင်းစရာကောင်းပါတယ်။ကျွန်တော်တို့ ဒီနေ့ ဘယ်လိုစွမ်းဆောင်ရည်နဲ့ ကစားခဲ့တယ်ဆိုတာကို တကယ်ကို မယုံနိုင်ပါဘူး လို့ ဆာကာက စိတ်ပျက်လက်ပျက်နဲ့ဆိုလာခဲ့ပါတယ်။ 

တစ်ဦးချင်းရင်ဆိုင်မှုတွေမှာလည်း ကျွန်တော်တို့ အရေးနိမ့်ခဲ့တယ်။ Second Ballတွေအကုန်လုံးကိုလည်း ဆုံးရှုံးခဲ့ရတယ်။ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူး။ဘယ်လိုရှုထောင့်ကနေပဲ ဒီပွဲကိုကြည့်ကြည့် တကယ်ကို စိတ်ပျက်စရာအတိပါပဲ” 

မနေ့ညက ရှုံးပွဲကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ အဲဗာတန်ကို အနိုင်ရခဲ့ရင်တောင် တစ်ဖက်မှာ တော့တင်ဟမ်ဟော့စပါးက နောဝှစ်ကို ရှုံးနိမ့်မှသာ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်၀င်ခွင့်ရမှာ ဖြစ်ပါတယ်။စပါးအနေနဲ့ လက်ကျန်ပွဲစဉ်မှာ သရေတစ်မှတ်ရယူခဲ့ရင်တောင်အာဆင်နယ်နဲ့ အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အဆင့်လေးနေရာကို သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။ 

သင်္ချာနည်းအရ အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်အတွက် မျှော်လင့်ချက်ရှိသေးပေမယ့် တန်းဆင်းသွားပြီဖြစ်တဲ့ နောဝှစ်ခ်ျဟာ စပါးကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါ့ကြောင့် အာဆင်နယ်ရဲ့ လက်ရှိရာသီ ချန်ပီလိဂ်၀င်ခွင့်ဟာ နေ၀င်သွားပြီလို့ ဆိုရမှာပါ။ 

ဒီညဟာ ကျွန်‌တော်တို့အားလုံးကို အတော်လေးနာကျင်စေတော့မယ်လို့ ထင်ပါတယ်လို့ ဆာကာက ဆက်ပြောခဲ့ပါတယ်။ 

ကျွန်တော်တို့အားလုံး၊ ပရိသတ်အားလုံးနဲ့ ကျွန်တော်တို့ရဲ့မိသားစု၀င်တွေအားလုံး နာကျင်ရမှာပါ။ ဒါပေမယ့် လာမယ့်တနင်္ဂနွေနေ့ အမ်းမရိတ်မှာ အဲဗာတန်ကို အနိုင်ယူဖို့အတွက်ပဲ ကျွန်တော်တို့ပြင်ဆင်ရပါမယ်၊ ကျွန်တော်တို့လိုချင်တဲ့အတိုင်း ဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ အခုအချိန်ကစပြီး ကျွန်‌တော်တို့ လုပ်နိုင်တာ ဒါပဲ ရှိပါတော့တယ်။” 

သင်္ချာနည်းအရဆိုရင်တော့ ကျွန်တော်တို့ ချန်ပီယံလိဂ်၀င်နိုင်ပါသေးတယ်။ဒါပေမယ့် ကျွန်တော်တို့ အခွင့်အရေးနှစ်ကြိမ်ကို ဖြုန်းတီးခဲ့ပြီးပါပြီ။ဘာပဲဖြစ်ဖြစ် ဒါရှက်စရာပါပဲ

Originally Owned by Arsenal Media

Advertisement

Leave a Reply

%d bloggers like this: