အာတီတာ ဟာ Corporate Cat လေးတစ်ကောင်လား

ဒီနေ့အတွက် အာဆင်နယ်အသင်းရဲ့ သတင်းခေါင်းစဥ်များကိုတော့ အာတီတာကပဲ သိမ်းပိုက်သွားခဲ့ပါတယ်။ သို့သော် ကောင်းမွန်ခြင်းနဲ့တော့မဟုတ်။ အလှောင်ခံရခြင်း ၊ ဟာသဖြစ်နေခြင်း ၊ ရှုံးနိမ့်ခြင်းရဲ့ ပြယုဂ်များစတဲ့ အခြေအနေတွေနဲ့ပူးတွဲရေးသားခံနေရခြင်းဖြစ်ပါတယ်။  စာရေးသူအနေနဲ့ကတော့  ဘောလုံးနဲ့ပတ်သတ်တဲ့အစိတ်အပိုင်းတွေကို နောက်နေ့ရေးသားဖို့အတွက်ချန်ထားလိုက်ပြီး  အာတီတာရဲ့အနေအထားကို တတ်အားသရွေ့မြင်နိုင်အောင်ကြိုးစားကြည့်ပါမယ်။

များသောအားဖြင့် ဘောလုံးနည်းပြခြင်းဟာ  Professional ပညာရပ်ဖြစ်ပြီး  Corporate Management လုပ်ငန်းဆိုင်ရာများနဲ့မကြာခနပွတ်တိုက်မိလေ့ရှိပါတယ်။ မိမိလုပ်ဆောင်ရမယ့် အစိတ်အပိုင်းကိုပဲ ဘာဖြစ်ဖြစ်ကောင်းအောင်လုပ်မယ့်သူနဲ့  အရာရာကိုခြုံကြည့်ပြီး စီမံဆောင်ရွက်ကြတဲ့ ကဏ္ဏ ၂ ခုဟာ အမြဲအားပြိုင်နေပြီး အပြန်အလှန် ဟန်ချက်ညီအောင် ထိန်းညှိပေးတတ်တဲ့သဘောလည်းရှိပါတယ်။ ဒီအကြောင်းကိုလည်း “ အာဆင်နယ်အသင်းဘာဖြစ်နေသလဲ “ ဆိုတဲ့ ဆောင်းပါး ၃ ပုဒ်တွဲမှာ အကျယ်တဝင့်ရေးသားပြီးဖြစ်ပါတယ်။

ယခုဆောင်းပါးကနေတွေးတောလိုတာကတော့ အာတီတာဟာ နည်းပြခြင်းဆိုတဲ့ ပညာရှင်အပိုင်းထက်  အဖွဲ့အစည်းရဲ့ စည်းချက်အတိုင်းလိုက်လံဖြည့်ဆည်းနေရတဲ့ Part of the corporation ဖြစ်နေသလားဆိုတဲ့ ရှုထောင့်ပဲဖြစ်ပါတယ်။ ဒီလိုတွေးထင်ရအောင်လဲ  အချက်အလက်အချို့ကရှိထားပြီးဖြစ်ပါတယ်။

ထုတ်နှုတ်ပြောရရင် အသင်းရဲ့  Master Plan တွေမှာ အာတီတာရဲ့ ပါဝင်ပတ်သတ်မှု (Involvement Level) များပြားခြင်း၊  လတ်တလောရလဒ်ထက် ရေရှည်စီမံကိန်းတွေမှာ ပိုမိုအားစိုက်နေခြင်း ၊ တာဝန်ယူမှုများပြားခြင်းတွေအပြင် ၊ ကွင်းတွင်းရလဒ်တွေဆိုးရွားနေစဥ်မှာလည်း  အလုပ်ဆုံးရှုံးရနိုင်ချေနဲပါးခြင်းတို့ပဲဖြစ်ပါတယ်။

အာတီတာရဲ့ နိုင်လိုစိတ်ပြင်းပျမှု ၊ ကြိုးစားအားထုတ်မှုနဲ့ နည်းစနစ်ကြွယ်ဝမှုတွေကို စာရေးသူအနေနဲ့ အပြည့်အဝယုံကြည်ပါတယ်။ သို့သော် ယခုဆွေးနွေးချက်ကတော့  အာတီတာဟာ နည်းပြထက်ပိုနေတဲ့ ၊ အဖွဲ့အစည်းရဲ့ Chain တစ်ခုဖြစ်နေသလား ၊  ရှုံးပွဲဆက်နေတုန်းမို့ နဲနဲလေးဖိပြောရရင်  အဖွဲ့အစည်းရဲ့ ရုပ်သေးဖြစ်နေသလားဆိုတဲ့ အချက်ကိုဖြစ်ပါတယ်။

အီဒူးရဲ့မအောင်မြင်မှုနဲ့  အာတီတာရဲ့ဟန်ချက်ပျက်မှုတိုင်းမှာ သူတို့ရဲ့ Job Security တွေဟာအတိုင်းအတာတစ်ခုထိခိုင်မာနေတာကိုမြင်ရလေ့ရှိပါတယ်။ သူတို့အနေနဲ့  အဖွဲ့အစည်းရဲ့လမ်းစဥ်အတိုင်းလိုက်လံအကောင်အထည်ဖော်နေကြတာဖြစ်လို့ ရလဒ်တွေကလည်း သူတို့နဲ့သီးသန့် သက်ဆိုင်မှုမရှိတာလားလို့လဲ တွေးစရာဖြစ်ပါတယ်။

အာတီတာသည် ထုတ်ပယ်ခံရနိုင်တယ်ဆိုတဲ့အခြေအနေတွေကို မကြာခနရောက်ရှိခဲ့ပေမယ့် Arteta Out ဆိုတာ ပရိတ်သတ်တွေရဲ့ အသံတစ်ခုသာဖြစ်ပါတယ်။

ဒါဆိုရင် အာဆင်နယ်တို့ဘာလုပ်နေကြသလဲ  … ဒီအကြောင်းအများကြီးပြောပြီးတာဖြစ်ပေမယ့်  ယခုဆောင်းပါးမှသာ စတင်ဖတ်မိသူတွေအတွက် ပြန်ကောက်နှုတ်ရရင်တော့

  •  အာဆင်နယ်တို့ဟာ ကွင်းတွင်းရလဒ်အပြင် အဖက်ဖက်ကို ပြုပြင်နေကြပါတယ်
  • လတ်တလောရလဒ်ပိုင်းထက် သူတို့ဖြစ်စေချင်တဲ့အသင်းကိုတည်ဆောက်နေကြပါတယ်
  • ဒါကြောင့်လုပ်ငန်းစဥ်တစ်ရပ်ကို အခြေတည်ပြီး တဆင့်ခြင်းလုပ်ယူနေကြပါတယ်

အာတီတာဟာ  နည်းပြတစ်ယောက်ဆိုတာထက်  အဆိုပါ လုပ်ငန်းစဥ်များထဲမှ  နည်းပြခြင်းတာဝန်ကိုယူထားရသော ပင်နယံ  တစ်ခုလည်းဖြစ်နိုင်ပါတယ်။

ဒီစာရေးလို့   အာတီတာကို မနှစ်သက်သူလို့ မယူဆစေလိုပါ။ အာဆင်နယ်အသင်း အဆင့် ၅ ရရှိခြင်းဟာ ထိုက်သင့်တဲ့ရလဒ်ဖြစ်ကြောင်းနိုင်ပွဲဆက်နေကတည်းကရေးသားခဲ့ ၊  အာဆင်နယ်တို့ပြိုလဲနိုင်တယ်ဆိုတာကို ကြိုတင်မျှဝေခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိဖြစ်နေတာတွေကို အလွန်အမင်းစိတ်ညစ်နေတဲ့အထဲမှာ  စာရေးသူမပါဝင်ပါ။

သို့သော် အာတီတာရဲ့ ရပ်တည်မှု ၊ ပါဝင်ပတ်သတ်မှုများကိုတော့ စာဖတ်သူတွေအနေနဲ့ တွေးဆလိုက တွေးဆနိုင်အောင်  Brainstorming လုပ်ပေးခြင်းသာဖြစ်ပါတယ်။ အာတီတာဟာ  ကွင်းဘေးကနည်းပြဖြစ်နိုင်သလို အဖွဲ့အစည်းထဲက ကြောင်လေးတစ်ကောင်လဲဖြစ်နိုင်ပါတယ်။ ဒါဟာ အမှားအယွင်းတစ်ရပ်ဖြစ်နိုင်သလို ၂၁ ရာစု အားကစားကမ္ဘာရဲ့ ပါရာဒိုင်း (ထုံးစံများ ၊ ယုံကြည်မှုများ ) အသစ်တစ်ခုလဲဖြစ်နိုင်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: