ဒီနှစ်ကတော့ ဒီလောက်ပါပဲ …  နွေရာသီကိုသာ မျှော်လင့်စရာရှိပါတော့မယ်

နယူးကာဆယ်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်ကို ဆုံးရှုံးလိုက်ရပါပြီ။ နောက်ဆုံးပွဲစဉ်မှာ အာဆင်နယ်က အဲဗာတန်ကို အနိုင်ကစားနိုင်မယ်ဆိုရင် ၊ တစ်ဖက်မှာတော့ နော၀စ်ခ်ျက စပါးကို အနိုင်ယူနိုင်မယ်ဆိုရင်ဆိုတဲ့ မျှော်လင့်ချက်တော့ ရှိသေးပေမယ့် မဖြစ်နိုင်တော့ဘူးလို့ပဲ ဆိုရမှာပါ။ တန်းဆင်းသွားပြီဖြစ်တာကြောင့် ဂုဏ်သိက္ခာအနည်းငယ်အတွက် ကစားရုံကလွဲလို့ ဆုံးရှုံးစရာမကျန်တော့တဲ့ အသင်းနဲ့ ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာအတွက် တိုက်ပွဲ၀င်လာမယ့် အသင်း ၊ ဘယ်အသင်းအနိုင်ရသွားမလဲဆိုတာ တကယ်တော့ ဗေဒင်မေးရင်တောင် ဆန်ကုန်ရုံပဲ အဖတ်တင်မှာပါ။ 

ဒါပေမယ့်လည်း ပရိသတ်အချို့ကတော့ ဘောလုံးဆိုတာ အလုံးကြီးဆိုတဲ့ သီအိုရီနဲ့  အံ့ဖွယ်ဖြစ်ရပ်တွေ ဖြစ်လာနိုင်ဦးမလား၊ အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်ရနိုင်ဦးမလားဆိုပြီး မျှော်လင့်နေကြဦးမှာပါ။ အားမနာတမ်းဆိုရရင် နော၀စ်ခ်ျက စပါးကိုအနိုင်ရခဲ့ရင်တောင် အာဆင်နယ်ဟာ တန်းဆင်းဇုန်တိုက်ပွဲ၀င်နေတဲ့ အဲဗာတန်ကို ဒီပုံစံ၊ဒီခြေစွမ်းနဲ့တော့ အနိုင်မရနိုင်သေးပါဘူး။ 

၀က်စ်ဟမ်း၊ လိဒ်စ်တို့ကို (၂-၁)ဂိုးဆိုတဲ့ ကျဉ်းမြောင်းတဲ့ရလဒ်တွေနဲ့ အနိုင်ရခဲ့ချိန်ကစပြီး အနိုင်သုံးမှတ်အရယူနိုင်ခဲ့တာကလွဲလို့ အသင်းရဲ့ ခြေစွမ်းဟာ စိတ်ကျေနပ်စရာ မရှိခဲ့ပါဘူး။ လန်ဒန်ဒါဘီရှုံးပွဲဟာ ဒိုင်လူကြီးတွေကြောင့်လို့ အကြောင်းပြချက် ကောင်းကောင်းပေးနိုင်သေးပေမယ့် နယူးကာဆယ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတော့ အာတီတာတို့လူစု ဘာကိုမှ ဆင်ခြေပေးမရပါဘူး။အမြှောက်တပ်သားတွေဟာ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ထိုက်ထိုက်တန်တန်ကြီးကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို စပါးနဲ့ နယူးကာဆယ်တို့ကို နှစ်ပွဲဆက်ရှုံးနိမ့်ပြီး ကာလရှည်ဝေးကွာနေတဲ့ ချန်ပီယံလိဂ်၀င်ခွင့်ကို လွှင့်ပစ်လိုက်ရပြီးနောက်မှာ ပရိသတ်တွေဟာ အာတီတာအပေါ် သံသယတွေများလာခဲ့ပါပြီ။ အစောပိုင်းကာလတွေမှာကတည်းက အာတီတာရဲ့  Trust the Process ဆိုတဲ့အပေါ် သံသယ၀င်နေတဲ့ သူများစွာရှိပါတယ်။ ခုလိုမျိုးအချိန်မှာ အာတီတာအပေါ် စာချုပ်သက်တမ်းတိုးခဲ့တဲ့ အသင်းရဲ့လုပ်ရပ်ဟာ တကယ်ပဲ မှန်ကန်ရဲ့လားဆိုတဲ့အပေါ် မေးခွန်းထုတ်လာသူတွေ များလာတာဟာ မဆန်းပါဘူး။ 

ဒါပေမယ့်ပွဲအပြီးမှာ ရှာကာက ကစားသမားတွေဟာ မန်နေဂျာ ခိုင်းသလို မလုပ်ခဲ့ကြဘူးဆိုတဲ့ စကားကို မီဒီယာတွေဆီ ဖွင့်ဟလာတာဟာ တော်တော်လေးထူးဆန်းလှပါတယ်။ ရှာကာ ပြောခဲ့သလိုပဲ အာဆင်နယ်ကစားသမားတွေဟာ ဒီပွဲစဉ်ကို ကြောက်ကြောက်ရွံ့ရွံ့နဲ့ကစားနေခဲ့ကြသလိုပါပဲ။ ညကပွဲစဉ်မှာဆိုရင် နယူးကာဆယ်က ချန်ပီယံလိဂ်၀င်ခွင့်အတွက် အသေအကြေကြိုးစားနေတဲ့ အသင်းလို ကစားသွားခဲ့ပြီး အာဆင်နယ်ကစားသမားတွေကတော့ ဘာမှဆုံးရှုံးစရာ၊ ရယူစရာမရှိတဲ့ အသင်းလို  ကြောက်ကြောက်လန့်လန့်နဲ့ ကစားနေခဲ့ကြပါတယ်။ အသင်းရဲ့ဂျာစီသာ မ၀တ်ထားခဲ့ရင် ဒီသူတွေဟာ အမြှောက်တပ်သားတွေမှ ဟုတ်ရဲ့လားလို့တောင် သံသယ၀င်စရာပါ။ 

ပွဲအပြီးမှာ အာတီတာဟာ အသင်းရဲ့ အရှုံးရလဒ်နဲ့ ပတ်သက်ပြီး ဘာမှဆင်ခြေပေးစရာမရှိသလို ဒီအခြေအနေမှာ ကစားသမားတွေကိုလည်း ကာကွယ်ပေးစရာ မရှိပါဘူးလို့ ဆိုလာခဲ့ပါတယ်။အာတီတာဟာ အသင်းရဲ့ အရှုံးရလဒ်နဲ့ ပတ်သက်ပြီး ခေါင်းရှောင်ခဲ့တာလား ၊ ဒါမှမဟုတ် ရှာကာပြောခဲ့သလို ကစားသမားတွေကပဲ အာတီတာရဲ့ စကားကို နားမထောင်ခဲ့ကြသလားဆိုတာ စဉ်းစားစရာပါ။ 

ရာသီအစမှာ ရလဒ်ဆိုးတွေနဲ့ စတင်ခဲ့တဲ့ အသင်းဟာ ရာသီကုန်ဆိုရင် တန်းဆင်းရနိုင်မလားလို့တောင် ကျွန်တော်တို့ စိုးရိမ်ခဲ့ရပါသေးတယ်။ခုလိုမျိုး ချန်ပီယံလိဂ်၀င်ခွင့်မပြောနဲ့ ဥရောပ၀င်ခွင့်တစ်နေရာကိုတောင် ပရိသတ်တွေဟာ မမျှော်လင့်ရဲခဲ့ပါဘူ။ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ အငယ်ဆုံးအသင်းဟာ ဒီလောက်ထိ လုပ်ပြခဲ့တာ မဆိုးလှပါဘူး။ 

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အူဘာမီယန်းအပါအ၀င် အသင်းရဲ့ ကစားသမားအများအပြားကို အသင်းကနေ ထွက်ခွာစေခဲ့ကတည်းက အာတီတာတို့ဟာ သိပ်ကိုစွန့်စားရကြတဲ့ လမ်းကို ရွေးချယ်ခဲ့ပြီးသားပါ။ ကစားသမားအင်အားမတောင့်တင်းမှု၊အတွေ့အကြုံနုနယ်မှုတွေအပြင် ပါတေး၊တိုမီယာဆု၊တီယာနေးလ်တို့လို ကစားသမားတွေကို ဒဏ်ရာပြဿနာတွေကြောင့် ဆုံးရှုံးထားရချိန်တွေမှာ အစား၀င်နိုင်မယ့် အားကိုးရလောက်တဲ့ အရန်ကစားသမားမရှိတာဟာ အသင်းရဲ့ရလဒ်တွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ 

နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ စိတ်ပျက်စရာ ခြေစွမ်းကို ဒီရာသီမှာ မကြာခဏမြင်တွေ့ခဲ့ရပြီးပါပြီ။အသင်းဟာ အများကြီးတိုးတက်လာဖို့လိုပါသေးတယ်၊ အတွေ့အကြုံရင့်တဲ့၊ထိပ်တန်းခြေစွမ်းရှိတဲ့ ကစားသမားအများအပြားလိုအပ်ပါသေးတယ်။အရှုံးရလဒ်ကို လက်ခံပြီး ရှေ့ဆက်လိုက်ဖို့ကလွဲလို့ ဘာမှမရှိပါဘူး။အသင်းဟာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ မထိုက်တန်သေးဘူးဆိုတာကို လက်ခံဖို့လိုပါလိမ့်မယ်။ 

ဒီနှစ်ကတော့ ဒီလောက်ပါပဲ။

ရိုလာကိုစတာ စီးနေခဲ့ရသလို ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရတဲ့ အချိန်တွေအပြီးမှာတော့ လာမယ့် နွေရာသီမှာ ဘယ်သူတွေ အမ်းမရိတ်ကို ရောက်လာမလဲလို့ မျှော်ရုံကလွဲလို့ အခြားဘာမှ ကျွန်‌တော်တို့ မတတ်နိုင်တော့ပါဘူး။ စိတ်ချမ်းသာစရာ သတင်းတွေ ကြားရဖို့ နွေရာသီကိုပဲ စောင့်‌ရပါတော့မယ်။

Advertisement

Leave a Reply

%d bloggers like this: