နောက်ဆုံးရ အာဆင်နယ် သတင်းများ (16May)

ဂါဘရီယယ်ကို  ဂျူဗင်တပ်စ်က စိတ်ဝင်စားနေတယ်လို့ ဆို

ဂျူဗင်တပ်စ်အသင်းဟာ  အာဆင်နယ်ရဲ့ နောက်ခံလူ ဂါဘရီယယ် မက်ဂါဟေးစ်ကို ခေါ်ယူလိုနေတယ်လို့   အီတလီသတင်းစာ Tutto Mercato ကဖော်ပြလာပါတယ်။  အဆိုပါ ဘရာဇီးသားကို ပြီးခဲ့တဲ့လများတုန်းကလည်း ဘာစီလိုနာအသင်းက စိတ်ဝင်စားနေကြောင်းသတင်းတွေထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့်  အာဆင်နယ်အသင်းဟာ သူတို့ရဲ့နောက်ခံလူကို ဘယ်နည်းနဲ့မှရောင်းချဖို့မရှိဘူးဆိုပြီး သုံးသပ်မှုများလည်းရှိနေပါတယ်။

အငှားကာလကို အောင်မြင်မှုများစွာနဲ့အဆုံးသတ်ခဲ့တဲ့ ဆာလီဘာ

အာဆင်နယ်လူငယ်ကစားသမားလေး ဝီလျံဆာလီဘာရဲ့ အငှားစာချုပ်ဟာ ယမန်နေ့ကပဲပြည့်သွားခဲ့ပြီဖြစ်သလို ၊ ပြင်သစ်သားလေးဟာလည်း လီဂူးရဲ့ တစ်ရာသီလုံးအကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပါတယ်။  အငှားကာလအတွင်းမှာ  ၅၁ ပွဲကစား  ၊  ပွဲ ၂၀ Clean Sheet   ၊  မာဆေးလ်ရဲ့ တစ်လတာအကောင်းဆုံးဆု   ၃ ကြိမ် ကိုရရှိခဲ့သလို ပြင်သစ်လက်ရွေးစင်လည်းဖြစ်လာခဲ့ပါတယ်။ သတင်းများရဲ့အဆိုအရတော့ ဆာလီဘာက  လန်ဒန်ပြန်ရောက်လာဖို့ရှိတယ်လို့ သိရပါတယ်။

ဆွမ်ဆွန်ကို ထည့်ကစားရဖို့ထိ စဥ်းစားနေရတဲ့ အာတီတာ

အာဆင်နယ်အသင်းအနေနဲ့  လူငယ်ကစားသမားလေး  ဇက်ဆွမ်ဆွန်ကို  နယူးကာဆယ်နဲ့ပွဲစဥ်မှာ ပွဲထုတ်လာရဖွယ်ရှိတယ်ဆိုပြီး Daily Cannon သတင်းဌာနက ဖော်ပြလာပါတယ်.. အဆိုပါလူငယ်လေးဟာ  ၁၃ ပွဲတိတိ အာဆင်နယ်ရဲ့ အရံခုံမှာရှိနေခဲ့တာဖြစ်ပြီး  ပါဝင်ကစားခွင့်တော့မရရှိသေးပါဘူး။  နောက်တန်းအစွန်မှာကစားခဲ့တဲ့ ဆွမ်ဆွန်ဟာ လိုအပ်ပါက  ဗဟိုမှာလည်းကစားနိုင်ကြောင်း ရေးသားမှုအချို့လည်းရှိနေပါတယ်။

တစ်ရာသီလုံးဖြတ်သန်းခဲ့သမျှကို ကျေနပ်ကြောင်း အာတီတာဖွင့်ဟ

အာဆင်နယ်နည်းပြ အာတီတာက  အခုလက်ရှိအခြေအနေတွေနဲ့ပတ်သတ်ပြီး ကျေနပ်ကြောင်းကို အခုလိုပဲပြောကြားလာခဲ့ပါတယ်။

“  ကျွန်တော်တို့ အခုအခြေအနေထိခရီးဆက်လာခဲ့ပါတယ်။  ပြန်ပြီးကြည့်လိုက်ရင် အလွန်ပဲစိတ်လှုပ်ရှားစရာကောင်းပါတယ်။   အားလုံးကလည်း ချန်ပီယံလိဂ်ကစားချင်နေကြပါပြီ။ ဒါတွေက ဖိအားမဟုတ်ပါဘူး .. စိတ်လှုပ်ရှားစရာတွေဖြစ်ပါတယ်။ ပြီးတော့ အခုမြင်နေရသမျှက  အရင်လတွေမှာတည်ဆောက်ခဲ့ရတာတွေပါ .. အခုတော့ ကျွန်တော်တို့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရထားပါပြီ “ ဆိုပြီး တစ်ရာသီလုံးဖြတ်သန်းမှုကို အနှစ်ချုပ်သုံးသပ်လာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ပစ်မှတ်ကို ဝက်စ်ဟမ်းကလည်း စိတ်ဝင်စားနေ

အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ စိန့်တို့ရဲ့ကွင်းလယ်လူ ဝက်စ်ပရောက်ကို  ဝက်စ်ဟမ်းအသင်းကလဲ ကြိုးစားမှာဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြလာပါတယ်။  ဝက်စ်ပရောက်ကို  အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့စိတ်ဝင်စားနေကြောင်းကို  Daily Star သတင်းစာက ပြီးခဲ့တဲ့လလောက်က ဖော်ပြခဲ့တာဖြစ်ပြီး The Sun ကတော့ လောလောလတ်လတ်ရေးသားလာတာဖြစ်ပါတယ်။ ကစားသမားရဲ့တန်ကြေးက ပေါင် ၇၅ သန်းခန့်ရှိကြောင်းအဆိုပါသတင်းမှာရေးသားထားပါတယ်။

Advertisement

Leave a Reply

%d bloggers like this: