အာဆင်နယ်ဟာ ထိပ်ဆုံးလေးသင်း စာရင်းဝင်နိုင်လိမ့်မယ်လို့ ဆိုလာတဲ့ ဝဲလ်ကော့ 

 ကြာသပတေးနေ့ညက တော့တင်ဟမ်ဟော့စပါးကို  ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်အတွက် အမှားအယွင်းမခံတော့တဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။ 

 ဒါပေမယ့်လည်း အာဆင်နယ်အသင်းအတွက် ၃၉၈ ပွဲကစားကာ ၁၀၈ ဂိုးသွင်းယူပေးခဲ့တဲ့ ဂန်းနားဟောင်းကြီး သီအိုဝဲလ်ကော့က သူ့ရဲ့အသင်းဖော်ဟောင်းနှင့် လက်ရှိအာဆင်နယ်မန်နေဂျာဖြစ်သူ မိုက်ကယ်အာတီတာဟာ အာဆင်နယ်ကို ထိပ်ဆုံးလေးသင်းစာရင်းဝင်အောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်နေဆဲပါပဲ။ 

 Sky Sports နဲ့  တွေ့ဆုံခဲ့ရမှာတော့ အင်္ဂလန်လက်ရွေးစင်ဟောင်းကြီးက 

 “100% အပြည့်ပါပဲ(အာတီတာကို ရာနှုန်းပြည့်ယုံကြည်တယ်လို့ ဆိုလိုတာပါ) ထိပ်တန်းလေးသင်းရဖို့ ကျွန်တော်တို့အားလုံး ရုန်းကန်ခဲ့ရတဲ့ အချိန်တွေကို  သတိရမိပါတယ်၊ သူက မန်နေဂျာတစ်ယောက်လိုပဲ  ကစားသမားအားလုံးကို ဆွဲခေါ်ခဲ့ပါပဲ။ကျွန်‌တော်တို့အားလုံး သူ့ကို အထင်ကြီးခဲ့ရပါတယ်။” 

 အာတီတာရဲ့ ဦးဆောင်မှုအောက်မှာ အသင်းဟာ လမ်းကြောင်းမှန်ကို ဦးတည်နေတယ်လို့ ဝဲလ်ကော့ ဆက်ပြောပါတယ်။ 

အာတီတာဟာ ဝဲလ်ကော့ရဲ့မှတ်ချက်တွေကို သဘောကျမှာ ဖြစ်ပေမယ့် သူအနေနဲ့  ဒီ့အပေါ်အများကြီး သာယာနေလို့တော့ မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ အာတီတာ ဟာ လက်ရှိ အချိန်မှာ သူ့ရဲ့ ကလပ် အသင်း ကို ချန်ပီယံလကိုပြိုင်ပွဲဆီ ပြန်လည်ခေါ်ဆောင် နိုင်ဖို့ ကြီးမားတဲ့ တာဝန် ရှိနေတာ ဖြစ်ပါတယ်။ 

အသင်းအနေနဲ့အနိုင်ရဖို့ ချန်ပီယံလိဂ်၀င်ခွင့်အတွက် နေရာ‌တစ်နေရာအရယူဖို့ အခွင့်အရေးရလာချိန်မှာ မြောက်လန်ဒန်ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့ရတာကြောင့် အာတီတာတို့လူစုအနေနဲ့ နောက်လာမယ့် ပွဲစဉ်တွေမှာ သူတို့ရဲ့ အရည်အချင်းနဲ့ တိုက်ပွဲ၀င်နိုင်စွမ်းကို ပြသဖို့ လိုအပ်နေပါတယ်။ 

ဒါဟာ အာတီတာရဲ့လက်အောက်မှာ အာဆင်နယ်လူငယ်လေးတွေရင်ဆိုင်ရတဲ့ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ 

အသင်းရဲ့ဘုတ်အဖွဲ့ကလည်း သူတို့ အသင်းရဲ့မန်နေဂျာအပေါ် ယုံကြည်မှု အပြည့်အ၀ရှိတယ်ဆိုတာကို စာချုပ်အသစ်နဲ့ သက်သေပြခဲ့ပြီးပါပြီ။ စပိန်သားနည်းပြ ကကော အသင်းနဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှုကို ဘယ်လို ပြန်ပေးဆပ်နိုင်မလဲဆိုတာ ဘောလုံးရာသီရဲ့ နောက်ဆုံးအချိန်တွေအထိတော့ ရင်ခုန်စွာ စောင့်ကြည့်နေရတော့မှာပါ။

Advertisement

Leave a Reply

%d bloggers like this: