အောင်မြင်စွာကန့်လန်ကာချခဲ့တဲ့ ဆာလီဘာရဲ့ ပြင်သစ်ခရီးစဉ် 

ဆာလီဘာအငှားထွက်ကစားနေတဲ့ မာဆေးလ်ဟာ ရာသီမကုန်ခင် လိဂ်ပွဲတစ်ပွဲသာ ကစားဖို့ကျန်ပါတော့တယ်။ ဆာလီဘာကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် မာဆေးအသင်းရဲ့ နောက်ဆုံးလိဂ်ပွဲစဉ်ကို မကစားရပဲ လန်ဒန်မြေကို ပြန်လာရတော့မှာ ဖြစ်ပါတယ်။ 

ဆာလီဘာဟာ ပြင်သစ်မြေမှာပဲ ဆက်ရှိနေမလား ဒါမှမဟုတ် အမ်းမရိတ်မှာရော သူ့ရဲ့အနာဂတ်ဘယ်လိုရှိသလဲဆိုတာနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို သတင်းတွေထွက်ပေါ်လေ့ရှိပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ပြင်သစ်ခရီးစဉ်ဟာ ဒီလောက်နဲ့အဆုံးသတ်ပြီး လန်ဒန်ကိုပဲ ပြန်လာရတော့မှာ ဖြစ်ပါတယ်။ 

ဆာလီဘာဟာ သူဘာတွေလုပ်ပြနိုင်စွမ်းရှိလဲဆိုတာကို ပြင်သစ်မြေမှာ အကောင်းဆုံးပြသနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ အာဆင်နယ်အတွက် ပွဲချိန်အများဆုံးကစားထားတဲ့ ဘန်ဝှိုက်ရဲ့ ကစားချိန်မိနစ်ဟာ ၃၁၈၆မိနစ် ရှိချိန်မှာ ဆာလီဘာဟာ မာဆေးလ်အတွက် ပွဲချိန် ၄၅၈၅မိနစ်အထိ ကစားထားခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်ရဲ့လူစာရင်းမှာရှိနေတဲ့ ဘယ်ကစားသမားကမှ ဆာလီဘာလောက် ပွဲချိန်မိနစ်များများ ကစားရခြင်းမရှိထားပါဘူး။ ဆာလီဘာဟာ မာဆေးလ်အတွက် တကယ်ကို အားကိုးရတဲ့ ကစားသမားဖြစ်တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ 

ဆာလီဘာဟာ ပွဲချိန်မိနစ် အများအပြားကစားရရုံတင်မကသေးပါဘူး၊ သူ့ရဲ့ကွင်းအတွင်းစွမ်းဆောင်ရည်ကလည်း တကယ်ကို ချီးကျူးစရာကောင်းခဲ့ပါတယ်။ မာဆေးလ်အသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို သုံးကြိမ်တိတိ ဆလီဘာဟာ သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ မကြာသေးမီကပဲ ပြင်သစ်လိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ဆလီဘာဟာ ထပ်မံသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ 

ဆာလီဘာဟာ မာဆေးလ်အတွက် ပြိုင်ပွဲစုံ ၅၂ပွဲ ကစားထားပြီးချိန်မှာ ပေးဂိုးမရှိတဲ့ပွဲစဉ် (Clean Sheet) အကြိမ်၂၀အထိ ရရှိထားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းကြောင့် ပြင်သစ်လက်ရွေးစင်အသင်းကြီးမှာ ပထမဆုံးအနေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။ 

ဆာလီဘာဟာ အမ်းမရိတ်မှာစာချုပ်သက်တမ်း  နှစ်နှစ် ကျန်ရှိနေပါသေးတယ်။ အာဆင်နယ်အနေနဲ့ ဒီလိုကစားသမားမျိုးကို ဘယ်လိုနည်းနဲ့မှ လက်လွှတ်ခံမှာမဟုတ်တာအသေအချာပါပဲ။ အာတီတာကလည်း အသင်းရဲ့ အနာဂတ်အစီအစဉ်တွေထဲမှာ ဆာလီဘာပါ၀င်တယ်ဆိုတာကို ပြောပြခဲ့ပြီးပါပြီ။ 

စိတ်၀င်စားစရာကောင်းတာက ဆာလီဘာအနေနဲ့ အာဆင်နယ်မှာ ဘယ်လောက်ထိ ပွဲထွက်ခွင့်ရမလဲဆိုတာပါပဲ။ လက်ရှိရာသီ အသင်းရဲ့ ဗဟိုခံစစ်မှာ ဘန်ဝှိုက်၊ ဂါဘရီယယ်တို့က အတွဲအဖက်ညီညီနဲ့ခြေစွမ်းပြ ကစားထားခဲ့ပါတယ်။ ဒီတော့ ဆာလီဘာ အမ်းမရိတ်ကို ပြန်ရောက်လာတဲ့အချိန်ကျရင် အာတီတာဟာ ဗဟိုခံစစ်အတွက် ဘယ်သူ့ကို ရွေးချယ်သွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ 

လက်ရှိမှာ ဆာကာဟာ အသင်းရဲ့ အတောက်ပ‌ဆုံး ပါရမီရှင် လူငယ်ကစားသမားလို့ဆိုရမှာပါ။ဆလီဘာဟာလည်း ဆာကာလိုမျိုး အတောက်ပဆုံး ကြယ်ပွင့်တစ်ပွင့်ဖြစ်လာနိုင်ပါသေးတယ်၊သူဟာ အများကြီးကို တိုးတက်နိုင်‌သေးတဲ့သူဖြစ်ပြီး ဘန်ဝှိုက်၊ဂါဘရီယယ်တို့ထက် ပိုကောင်းလာနိုင်ပါသေးတယ်။ကျန်တာကိုတော့ ပရီးမီးယားလိဂ်ရဲ့ ကန့်လန့်ကာအသစ်ပြန်လည်ဖွင့်ချိန်မှာ ကျွန်တော်တို့ သိရမှာပါ။ 

ဘာပဲ ဖြစ်ဖြစ် ဆလီဘာရဲ့ ပြင်သစ်ခရီးစဉ်ကတော့ အောင်မြင်မှုများစွာနဲ့ ကန့်လန်ကာ ချနိုင်ခဲ့ပြီလို့ဆိုရမှာပါ။လန်ဒန်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ် ဆာလီဘာရေ။

Original Article Here

Advertisement

Leave a Reply

%d bloggers like this: