ဘယ်နောက်ခံလူပြီးတော့ ညာနောက်ခံလူနေရာအတွက် ခြေလှမ်းစနေပြီဖြစ်တဲ့ အာဆင်နယ်

အသင်းရဲ့ နောက်တန်းဘယ်အစွန်နဲ့ ညာအစွန်ကစားသမားတွေဖြစ်ကြတဲ့ တီယာနေးနဲ့ တိုမီယာဆုတို့ ဒဏ်ရာရနေချိန်တွေမှာ အာတီတာနဲ့ အာဆင်နယ်အတွက် အတော်လေး အကြပ်ရိုက်ခဲ့ရပါတယ်။သူတို့ရဲ့နေရာမှာ ကစားနိုင်တဲ့ အားကိုးရလောက်မယ့် အရံကစားသမားမရှိတာကြောင့် အသင်းရဲ့ရလဒ်တွေအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ 

တာဗာရက်စ်ဟာ အလားအလာတွေအများကြီးရှိတဲ့ လူငယ်လေးဖြစ်ပေမယ့် သူ့ရဲ့ ကစားပုံဟာ အန္တရာယ်သိပ်များပါတယ်။ တိုက်စစ်အလွန်အကျွံလိုက်ပါတာတွေ၊ မလိုအပ်တဲ့ တစ်ဦးချင်းလိမ်ခေါက်ကျော်ဖြတ်မှုတွေဟာ အသင်းရဲ့ ခံစစ်ကို အားနည်းစေခဲ့ပါတယ်။ 

စီဒရစ်ကလည်း မကြာခင် ၃၁နှစ်ပြည့်တော့မှာ ဖြစ်ပြီး လက်ရှိရာသီဟာ သူ့အတွက် အာဆင်နယ်ဂျာစီနဲ့ နောက်ဆုံးရာသီဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး လိုအပ်ချက်တွေရှိနေတဲ့ နောက်တန်းအစွန်နေရာအတွက် အင်အားဖြည့်တင်းဖို့ အာဆင်နယ်ဟာ မကုန်ခင်ကတည်းက ခြေလှမ်းတွေ စတင်နေခဲ့ပါပြီ။ 

ဘိုလော့ဂ်နာအသင်းရဲ့ အသက်၁၉နှစ်အရွယ် ဘယ်နောက်ခံလူ အေရွန်ဟစ်ကီကို အာဆင်နယ်ဟာ ခေါ်ယူနိုင်ခဲ့ပြီးပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက်  နောက်တန်းညာအစွန်အတွက် အူဒီးနစ်အသင်းရဲ့ ကစားသမား နာဟွယ်မိုလီနာကို ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ 

အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ မိုလီနာဟာ လက်ရှိရာသီမှာ အူဒီးနစ်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရထားကာ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။ လိဂ်ပွဲ၃၄ပွဲကစားထားပြီးချိန်မှာ ၇ ဂိုးသွင်းပြီး လေးဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းကို အီတလီထိပ်သီးကလပ် ဂျူဗင်တပ်က စိတ်၀င်စားနေပေမယ့် အူဒီးနိစ်အသင်းတောင်းဆိုထားတဲ့ ယူရိုသန်း၃၀ဆိုတဲ့ ပမာဏဟာ များလွန်းနေတာကြောင့် ဂျူဗင်တပ်အနေနဲ့ လက်လျှော့သွားနိုင်ပါတယ်။ 

အာဆင်နယ်ကတော့ ကစားသမားအတွက် ပေးချေရမယ့် ငွေကြေးပမာဏကို လျှော့ချနိုင်ဖို့ အူဒီးနစ်မှာ အငှားထွက်ကစားနေတဲ့ ပါဘလိုမာရီကို အလိုက်ပေးပြီး အာဂျင်တိုင်းသားကို ခေါ်ယူနိုင်ဖို့အတွက် ကြံစည်နေတာ ဖြစ်ပါတယ်။ 

အူဒီးနိစ်အသင်းဟာလည်း အသင်းမှာ ခြေစွမ်းပြနေတဲ့ မာရီကို အပြီးသတ်ခေါ်ယူလိုနေတာကြောင့် ဒီအပြောင်းအရွှေ့ဟာ တကယ်ဖြစ်လာဖို့ များနေပါတယ်။ အူဒီးနစ်အသင်းအနေနဲ့ မာရီရဲ့ တန်ကြေးကို ဘယ်လောက်သတ်မှတ်မလဲ၊ အာဆင်နယ်အနေနဲ့ ဘယ်လောက်အလိုက်ထပ်ပေးရမလဲဆိုတာကို နှစ်ဖက်အသင်းရဲ့ တာ၀န်ရှိသူတွေကြား ညှိုနှိုင်းလို့ရခဲ့ရင်တော့ အာဆင်နယ်ရဲ့ နောက်တန်းအစွန်ကစားသမားရှာဖွေခြင်း ခရီးစဉ်ဟာ အောင်မြင်စွာ ပြီးဆုံးပါပြီလို့ ကြေငြာနိုင်မှာပါ။

Advertisement

Leave a Reply

%d bloggers like this: