အေရွန်ဟစ်ကီဟာ စီးရီးအေကလပ် ဘိုလော့ဂ်နာ အတွက် ဘယ်နောက်ခံလူအဖြစ် ကစားနေတဲ့ စကော့တလန်သား ဘောလုံးသမားဖြစ်ပြီး သူ့ကို ဥရောပတစ်ဝှမ်းမှာရှိတဲ့ အသင်းအများအပြားက မျက်စိကျနေကြပါတယ်။ အသက် ၁၉နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ကလပ်အတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တာကြောင့် အာဆင်နယ်က သူ့ကို မျက်စ်ကျလာခဲ့တာ ဖြစ်ပါတယ်။ စကော့တလန်လက်ရွေးစင်ကစားသမားကို အီတလီကလပ်နာပိုလီကလည်း ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။
CalcioNapoli24.it ရဲ့ အဆိုအရ အာဆင်နယ်ဟာ အေရွန်ဟစ်ကီ ကို ခေါ်ယူဖို့အတွက် ဘိုလော့ဂ်နာအသင်းတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း၂၀ကနေ ၂၅သန်း၀န်းကျင်ကို ပေးချေဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။ အာဆင်နယ်နဲ့ ဘိုလော့ဂ်နာတို့ဟာ အပြောင်းအရွှေ့ကို မကြာမီမှာ အပြီးသတ်ပြီး သဘောတူညီမှုကို လူသိရှင်ကြားထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်း အီတလီကလာတဲ့ သတင်းတွေအရ သိရပါတယ်။

အာဆင်နယ်အသင်းဟာ အေရွန်ဟစ်ကီကို ပေါင်၁၇ သန်းကနေ ၂၁သန်းကြား ပေးချေဖို့ သဘောတူခဲ့တယ်လို့ အီတလီသတင်းတွေက ဆိုပါတယ်။ အေရွန်ဟစ်ကီကို သူ့ရဲ့ နိုင်ငံတကာ လက်ရွေးစင်အသင်း အသင်းဖော်ဖြစ်တဲ့ တီယာနေးလ်ရဲ့ back-up ကစားသမားအဖြစ် အာဆင်နယ်က ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။တီယာနေးလ်နဲ့ အေရွန်ဟစ်ကီတို့ နှစ်ဦးစလုံးဟာ ဆဲလ်တစ် လူငယ်အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်ကြပါတယ်။
တီယာနေးလ် ဒဏ်ရာရနေချိန် ခံစစ်ဘယ်ခြမ်းမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ တာဗာရက်စ်ရဲ့ ခြေစွမ်းကို အာတီတာဟာ သဘောကျဟန်မရှိပါဘူး။ လိဒ်စ်၊စပါးတို့နဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ အာတီတာဟာ တာဗာရက်စ်ကို အရန်ခုံမှာ ထိုင်စေခဲ့ပြီး တိုမီယာဆုကို ခံစစ်ညာအစွန်လူအဖြစ် ပွဲထုတ်ခဲ့ပါတယ်။တီယာနေးလ်ရဲ့ နေရာအတွက် အရံကစားသမားကို ခေါ်ယူပြီးတဲ့နောက်မှာတော့ အာဆင်နယ်ဟာ တိုမီယာဆုအတွက် back-up player တစ်ဦးကိုလည်း ဆက်လက်ခေါ်ယူသွားဖို့ ရှိနေပါတယ်။