သတင်းသက်သက်လား .. လှုပ်ရှားမှုစစ်စစ်တွေလား

အာဆင်နယ်အသင်းဟာ အားနဲနေတဲ့တိုက်စစ်အတွက်  High Profile Player တွေကို ခေါ်ယူမှာတော့ သေချာသလောက်ရှိနေပါပြီ။ သတင်းတွေကလဲ ပိုပြီးခိုင်မာသထက် ခိုင်မာလာနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ  Mirror သတင်းစာကနေ  အာဆင်နယ်တို့ အလွတ်နဲ့ရနိုင်မယ့်ကစားသမားစာရင်းကို ဖော်ပြလာပါတယ်။ အဲ့ဒီအထဲမှာ  ဒီဘားလားလဲတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ထိုဆောင်းပါးထွက်လာပြီး  ၄၈ နာရီအကြာမှာတော့   သူ့ရဲ့ ကိုယ်စားလှယ်က အဂ်လန်မြေကိုရောက်နေပြီလို့ သတင်းတွေမှာတွေ့ရပါတယ်။ ဒါ့ထက်ပိုတာကတော့  သူက လန်ဒန်မှာလို့ဆိုပါတယ်။  Mirror ရဲ့သတင်းအရ​ဒီဘားလားကို လိုချင်နေတာက  မန်ယူ ၊ စပါးနဲ့ အာဆင်နယ်တို့ပဲဖြစ်ပါတယ်။

ယခုဆောင်းပါးမရေးခင်နာရီပိုင်းအလိုမှာ တက်လာတဲ့ နာမည်ကြီးသတင်းဌာနများရဲ့ဖော်ပြချက်များအရ  မန်စီးတီးရဲ့ ဂျေးဆူအတွက် အာဆင်နယ်တို့ဟာ သန်း ၅၀ ကနေ  ၆၀ အထိ သုံးစွဲဖို့ အသင့်ရှိနေပြီလို့ ဆိုလာပြန်ပါတယ်။ အခြေအနေတွေကတော့ နဲနဲခန့်မှန်းရခက်ပါတယ်။ ထိုနည်းတူစွာပဲ   ရုပ်လုံးပေါ်စပြုပြီလို့လဲဆိုနိုင်ပါတယ်။

တကယ်လို့  အာဆင်နယ်တို့ ခေါ်ယူမယ့်တိုက်စစ်မှုး  ၂ ဦးဆိုတာ ဂျေးဆူနဲ့ ဒီဘားလားဆိုရင်ရော ..   ကျွန်တော်တို့ စိတ်ကူးယဥ်ကြည့်ရအောင်ပါ။ 

ပြိုင်ဖက်ရဲ့ Final Third မှာ ဒီဘားလား ၊ အိုဒီဂတ်နဲ့ ဆာကာတို့ကို မြင်ကြည့်လိုက်ပါ။  အဲ့ဒီအခင်းအကျင်းမှာ လျှင်မြန်တဲ့ အန်ကတ်တီးယားကိုထည့်ကြည့်ပါ။​ ဒါဟာ ဂိုးတွေအများကြီးရမယ့်အတွဲအစပ်ဖြစ်ပါတယ်။ ဒီဘားလားဟာ  တဖက်နောက်တန်းတွေကို ဆွဲထုတ်ရာမှာထူးချွန်ပြီး ကန်ချက်တွေကလဲ ဂိုးဖြစ်လေ့ရှိသူဖြစ်ပါတယ်။ အိုဒီဂတ်နဲ့သူရဲ့ တွဲစပ်မှုက စိတ်လှုပ်ရှားစရာပါ။  ဒါပေမယ့်ပြဿနာကတော့  ဒဏ်ရာမှတ်တမ်းပဲဖြစ်ပါတယ်။  ပရီးမီးယားလိဂ်မှာ သူအဆင်ပြေပါ့မလားတွေးစရာပါပဲ။

 ဒါပေမယ့်ပုံမှန်အနေအထားမှာဆိုရင်တော့ ဒီဘားလားကို အာဆင်နယ်မှာ မြင်ရဖို့ဆိုတာ သိပ်ပြီးစိတ်ဝင်စားစရာပါပဲ။  တဖက်မှာလဲ အန်ကတ်တီယာက အသင်းမှာရှိဦးမှာလား ၊  ဒီဘားလားကရော စပါးဆီကိုသွားတာဖြစ်နိုင်မလား စတဲ့အချက်တွေရှိနေပါသေးတယ်။

ဂျေးဆူဆိုရင်ရော …

သူကတော့ ပရီးမီးယားလိဂ်မှာ အသားကျပြီးသားဖြစ်သလို  အာတီတာအနေနဲ့လည်း ဘယ်လိုသုံးရမယ်ဆိုတာကြိုတွေးပြီးသားဖြစ်မှာပါ။  ပြီးတော့ သတင်းတွေအရလည်း  လက်တွေ့ပိုကျပါတယ်။  သူဆိုရင်တော့  လက်ရှိလူငယ်တွေနဲ့  ပေါင်းကူးပေးနိုင်မှာဖြစ်ပြီး  ထိုက်သင့်တဲ့ ဦးဆောင်မှုကိုလည်းပေးနိုင်မှာဖြစ်ပါတယ်။  ဥရောပဝင်ခွင့်သေချာနေတဲ့ အခြေအနေမှာ  သူ့လိုကစားသမားက သေချာပေါက်လိုအပ်ပါတယ်။  ကစားပုံအရတော့ တန်ပြန်တိုက်စစ်ရဲ့ ပြေးလမ်းကြောင်းတွေမှာ သူ့ကို တွေ့နိုင်မှာဖြစ်ပါတယ်။ ကစားပုံထက် ရလဒ်တွေကို ပိုစိတ်ကူးယဥ်စရာကောင်းနေတာမျိုးပါ။

တကယ်ဖြစ်လာမှ အတည်ဆိုပေမယ့်  နောက်ဆုံး ၄၈ နာရီသတင်းတွေအရတော့ ဒီနှစ်ယောက်ထဲက တစ်ယောက်ယောက်ကိုတော့ အမ်းမရိတ်မြေမှာ မြင်ရ​ဖို့ရှိနေတာကြောင့် ပရီတ်သတ်တွေအနေနဲ့   ကြိုပြီးစိတ်ကူးယဥ်သင့်တဲ့အနေအထားမှာရှိပါတယ်။  သတင်းရင်းမြစ်တွေအရတော့ ဂျေးဆူက ပိုပြီးလက်တွေ့ကျနေပါတယ်။

Advertisement

Leave a Reply

%d bloggers like this: