မာကွင်ဟို့စ်ကို ခေါ်ယူဖို့ အဆင့်သင့်ဖြစ်နေပြီလို့ သတင်းတွေဖော်ပြနေကြ
ဘရာဇီးကလပ် ဆာအိုပေါ်လိုအသင်းဟာ သူတို့ရဲ့အသက် ၁၉ နှစ်အရွယ်တောင်ပံကစားသမားလေး မာကွင်ဟို့စ်အတွက် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း Globo Esporte သတင်းဌာန အပါအဝင် ရင်းမြစ်များစွာကဖော်ပြလာပါတယ်။ ကစားသမားလေးကို အလွတ်နဲ့လက်လွှတ်ရမှာဖြစ်တာကြောင့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကိုလက်ခံလိုက်တာလို့သိရပြီး အာဆင်နယ်အသင်းကို ရောက်လာဖို့ ရာခိုင်နှုန်းအလွန်များကြောင်း ရေးသားဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ စီနီယာဘဝကိုစတင်ခဲ့တဲ့ ဘရာဇီးသားလေးဟာ ၂၆ ပွဲကစားထားခဲ့ပြီး ၁ ဂိုးသွင်းယူထားတဲ့မှတ်တမ်းကိုရရှိပြီးဖြစ်ပါတယ်။
တော်ရဲရားရဲ့လစာအတွက် ဖီအိုအခက်အခဲရှိနေ
အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကစားသမား လူးကပ်စ်တော်ရဲရားကို ဖီအိုတို့ထံကိုရောင်းချဖို့ သဘောတူညီထားပြီးဖြစ်ပေမယ့် ကစားသမားရဲ့လစာကြောင့် အချိန်ကြာနေတာဖြစ်ကြောင်း Tutto Mercato Web က ဖော်ပြလာပါတယ်။ တစ်ပတ်မှာ ပေါင် ၆၅၀၀၀ ရရှိနေတဲ့ပမာဏကိုပေးချေဖို့ အီတလီကလပ်ဖက်က ကြိုးစားနေရပြီး ပြောင်းရွှေ့ကြေး ၁၂ သန်းအတွက်ကတော့ အသင်း ၂ သင်းကြား သဘောတူထားပြီးဖြစ်ပါတယ်။
ဆာလီဘာကိစ္စကို ဘယ်သူဆုံးဖြတ်မလဲ မသိတော့ကြောင်း မာဆေးလ်နည်းပြဝန်ခံလာ
မာဆေးလ်အသင်းနည်းပြ ဆမ်ပါအိုလီက သူ့အနေနဲ့ ဆာလီဘာတစ်ယောက် အသင်းမှာဆက်ရှိဖို့မျှော်လင့်ကြောင်းနဲ့ ဘယ်သူက ဒီကိစ္စကိုဆုံးဖြတ်ချက်ချမယ်ဆိုတာမသိကြောင်း ပြောဆိုလာပါတယ်။ Get French Football News နဲ့တွေ့ဆုံရာမှာ သူက
“ ဝီလျံက တိုးတက်လာနေသလို ပိုပြီးလဲရင့်ကျက်လာနေပါတယ် .. ထပ်ပြီးလဲတိုးတက်လာဦးမယ့် ကစားသမားဖြစ်ပါတယ် .. နောက်ရာသီသူအသင်းမှာဆက်ရှိဖို့လဲမျှော်လင့်ပါတယ် … ဒီကိစ္စက ဘယ်သူဆုံးဖြတ်မလဲဆိုတာတော့ ကျွန်တော်လဲမသိပါဘူး .. မာဆေးလ်လား ၊ ဝီလျံပဲလား အာဆင်နယ်လား .. ကျွန်တော်ကတော့ သူ့ကို အသင်းမှာဆက်ရှိစေချင်ပါတယ် “ ဆိုပြီးပြောဆိုလာတာပါ။ နောက်ဆုံးရသတင်းအချို့မှာတော့ အာဆင်နယ်အသင်းဆီပြန်လာဖို့ရှိတယ်လို့လဲဆိုပါတယ်။

ရိုမာနိုပြောတဲ့ အန်ကတ်တီယာရဲ့ နောက်ဆုံးသတင်းများ
ဖေဘရီဇီယိုရိုမာနိုက အာဆင်နယ်နဲ့ အန်ကတ်နီယားတို့ရဲ့အခြေအနေကို အခုလိုပဲ မှတ်ချက်ပြုလာခဲ့ပါတယ်။
“ အန်ကတ်တီယာကို အာဆင်နယ်တို့က သက်တမ်းတိုးဖို့ အပြင်းအထန်ကြိုးစားနေပါတယ် .. သူတို့က စာချုပ်ချုပ်ဖြစ်ချင်ပါတယ် .. ဒါပေမယ့် လွယ်ကူမှာတော့မဟုတ်ပါဘူး .. ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ဘွန်ဒက်စ်လီဂါ ကလပ်တွေရော .. ပရီးမီးယားအသင်းတွေကပါ သူ့ကိုလိုချင်ခဲ့ကြတာပါ “ ဆိုပြီး ပြောဆိုလာတာဖြစ်ပါတယ်။ နောက်ဆုံးသတင်းများအရ လီဗာပူးလ်ကလဲ တိုက်စစ်မှုးလေးကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ဆွန် နဲ့ကိန်းတို့ရဲ့ အရည်အသွေးကြောင့် စပါးနိုင်ခဲ့တယ်လို့ ဂန္တဝင်ပြောဆိုလာ
အာဆင်နယ်ဂန္တဝင်ကြီး ရေးပါလာကတော့ မြောက်လန်ဒန်ဒါဘီပွဲမှာ ဆွန်နဲ့ကိန်းတို့ရဲ့စွမ်းဆောင်ရည် က အဆုံးအဖြတ်ဖြစ်သွားခဲ့တယ်ဆိုပြီး Talk Sports ရဲ့အစီအစဥ်မှာပြောဆိုလာခဲ့ပါတယ်။
“ စပါးအသင်းက အာဆင်နယ်ထက်ပိုကောင်းတယ်လို့ ကျွန်တော်မပြောပါဘူး .. ဒါပေမယ့် ဆွန်နဲ့ကိန်းကတော့ အသင်းကိုခြားနားစေခဲ့တယ်ဗျ … ဒီလိုပြောလို့ အန်ကတ်တီယားကို နှိမ့်ချတာမဟုတ်ပါဘူး .. ဒါပေမယ့် သူဟာ ဆွန်တို့ ကိန်းတို့နဲ့ဝေးပါသေးတယ် .. ပြီးတော့ သူတို့အတွဲဂိုးမသွင်းနိုင်တဲ့အသင်းရောရှိသေးရဲ့လား .. စီးတီး ၊ လီဗာပူးလ် အကုန်လုံးကို သူတို့က ထိုးဖောက်ပြခဲ့တာပါ “ ဆိုပြီး ပြောဆိုလာတာဖြစ်ပါတယ်။