မိနစ် ၁၈၀ မှာ အာဆင်နယ်အသင်း ရှောင်လွှဲဖို့ကြိုးစားရမယ့်  အချက် ၃ ချက်

သောကြာနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးနဲ့ အာဆင်နယ်တို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာတော့ အမြှောက်တပ်သားတွေဟာ တစ်ယောက်လျော့နဲ့ အိမ်ရှင်ကို ရင်ဆိုင်ခဲ့ရပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။ဒီပွဲစဥ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်ကို အဆုံးအဖြတ်ပေးလာနိုင်တဲ့ ပွဲစဥ်ဖြစ်တာ ကြောင့် ဘောလုံးပရိသတ်တွေက စိတ်၀င်တစားရှိခဲ့ကြပါတယ်။ 

ဘယ်သူတွေက ဘာပဲပြောပြော လက်တွေ့ရင်ဆိုင်ရမှာက  အာတီတာတို့ လူစုပဲဖြစ်ပါတယ်။  သူတို့ကိုယ်တိုင်အဖြေရှာကြရမှာပါ။ လန်ဒန်ဒါဘီပွဲစဉ်ရဲ့ ရှုံးနိမ့်မှုနဲ့ ပတ်သက်ပြီး ပြောစရာအချက် သုံးချက် ရှိပါတယ်။ ပထမအချက်ကတော့ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်၀င်ခွင့်သေချာစေမယ့် အနိုင်သုံးမှတ်ကို အရမယူနိုင်ခဲ့တာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ မလိုအပ်ပဲ ဖိအားပိုများလာမှာရယ်၊ အရေးကြီးဆုံးအချိန်တွေမှာမှ ပြဿနာတွေများလာတဲ့ အသင်းရဲ့နောက်တန်းနဲ့ ဒီပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးတွေရဲ့ မေးခွန်းထုတ်စရာ ဆုံးဖြတ်ချက်တွေပါပဲ။ 

လက်ကျန်ပွဲစဉ်တွေမှာ အမှားအယွင်းမခံတော့တဲ့ အာဆင်နယ် 

စပါးနဲ့ပွဲမှာ အာတီတာဟာ အနိုင်သုံးမှတ်ကိုအရယူပြီး ချန်ပီယံလိဂ်၀င်ခွင့်ကို သေချာပေါက်အရယူမယ်လို့ ကြွေးကြော်ခဲ့တာပါ။ တကယ်တော့ သရေတစ်မှတ်ရရင်ကိုပဲ အာဆင်နယ်ဟာ စင်ပေါ်မှာ ဆက်ရှိနေနိုင်မှာ ဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့တာကြောင့် လက်ကျန်ပွဲစဉ်နှစ်ပွဲကို မဖြစ်မနေ အနိုင်ယူဖို့အတွက် ဖိအားများလာခဲ့ပါပြီ။ 

လက်ရှိမှာ အာဆင်နယ်ဟာ အဆင့်လေးနေရာမှာ ဆက်လက် ရပ်တည်နေနိုင်ဆဲ ဖြစ်ပေမယ့် စပါးနဲ့ အမှတ်ကွာခြားချက် ၁မှတ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ်တွေမှာ ခြေစွမ်းမာကျောတဲ့ နယူးကာဆယ်၊ တန်းဆင်းဇုန်းရုန်းအားနဲ့ အစွမ်းကုန်တိုက်ပွဲ၀င်လာမယ့် အဲဗာတန်တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်တယကြောင့် အာဆင်နယ်အတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ 

စပါးနဲ့ပွဲကိုသာ အနိုင် သို့မဟုတ် သရေရလဒ် အရယူနိုင်ခဲ့ရင် လက်ကျန်ပွဲစဉ်တွေကို ဖိအားကင်းကင်း၊စိတ်ဖိစီးမှုနည်းနည်းနဲ့ ရင်ဆိုင်နိုင်မှာ ဖြစ်ပေမယ့် လက်ရှိအခြေအနေရတော့ အာဆင်နယ်အနေနဲ့ စင်ပေါ်မှာ ရှိနေခဲ့တဲ့ အနေအထားကနေ အတိမ်းအစောင်းလုံး၀ ခံလို့ မဖြစ်တဲ့ ကြိုးတန်းလမ်း ‌ လျှောက် အနေအထားကို ရောက်ရှိနေပြီလို့ ဆိုရမှာပါ။ 

အရေးအကြီးဆုံးအခိုက်အတန့်မှာ ပြဿနာတွေ များလာတဲ့ အသင်းရဲ့နောက်တန်း 

ဒီလိုအသင်းအတွက် အရေးအကြီးဆုံးအခိုက်အတန့်တွေရောက်လာချိန်မှာ နောက်တန်းက ဒဏ်ရာနဲ့ပွဲပယ်ပြဿနာတွေရှိလာတာဟာ အဆင်မပြေလှပါဘူး။ တီယာနေးက ရာသီကုန်ထိ အနားယူရဖို့ ရှိနေချိန်၊ စပါးနဲ့ပွဲမှာ ဂါဘရီယယ်ဒဏ်ရာရတယ်၊ ဟိုးလ်ဒင်းက နှစ်ဝါတစ်နီကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ခံရမယ်။ ဒါ့ကြောင့် နယူးကာဆယ်နဲ့ ပွဲမှာ တာ‌ဗာရက်စ်၊ စီဒရစ်၊ တိုမီယာဆုနဲ့ ဘန်ဝှိုက်တို့ရဲ့ အတွဲအဖက်ကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ အရေးကြီးဆုံး နောက်ဆုံးအခိုက်အတန့်တွေရောက်လာချိန်မှာ ခုလိုမျိုး နောက်တန်းပြဿနာနဲ့ကြုံတွေ့ရတာဟာ အာတီတာအတွက်တော့ တကယ်ကို ခေါင်းခဲစရာပါပဲ။ 

ဘာပဲဖြစ်ဖြစ် အသင်းရဲ့ တိုက်စစ်ကတော့ ဂိုးသွင်းယူနိုင်စွမ်းရှိတဲ့ လူငယ်တိုက်စစ်အင်အားစုရှိပါသေးတယ်။ ခံစစ်ရဲ့ အားနည်းချက်ကြောင့် ‌ပြိုင်ဘက်ရဲ့ သွင်းဂိုးတွေ ခွင့်ပြုခဲ့ရရင် ဆာကာ၊ မာတင်နယ်လီ၊ အန်ကက်တီးယားနဲ့ အိုဒီဂတ်တို့က ပြိုင်ဘက်ထက် ဂိုးပိုသွင်းပြဖို့တော့ လိုပါတယ်။ 

အာဆင်နယ်အတွက် နောက်ထပ်လိုအပ်တဲ့အရာကတော့ လန်ဒန်ဒါဘီရှုံးပွံကနေ ရခဲ့တဲ့ စိတ်ဒဏ်ရာကနေ အမြန်ရုန်းထွက်ပြီး နယူးကာဆယ်နဲ့ ပွဲမှာ အကောင်းဆုံးပေါက်ကွဲပြဖို့ပါပဲ။ 

ဒိုင်လူကြီးတွေရဲ့ မေးခွန်းထုတ်ဖွယ် ဆုံးဖြတ်ချက်များ 

ပွဲကောင်းတစ်ပွဲရဲ့ အနှစ်သာရဟာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် ပျက်စီးရပေါင်းများပါတယ်။ အပြင်း ထန်ဆုံးပြိုင်ဆိုင်မှုတွေကို မြင်တွေ့ရမယ့် လန်ဒန်ဒါဘီပွဲစဉ်မျာလည်း ကွင်းလယ်ဒိုင်နဲ့ VARတို့ရဲ့ ဆုံးဖြတ်ချက်တွေက တကယ်ကို မေးခွန်းထုတ်စရာပါ။ 

စပါးအသင်းကို ပေးခဲ့တဲ့ ပင်နယ်တီကို VAR ပြန်မကြည့်ခဲ့တာ၊ ဟိုးလ်ဒင်းကို သတိပေးခြင်းတောင်မရှိပဲ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့တာ၊ အာဆင်နယ်ရသင့်ခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို VAR ပြန်မကြည့်ခဲ့တာ စတဲ့ဆုံးဖြတ်ချက်တွေက ဒီပွဲရဲ့ အနှစ်သာရနဲ့ အာဆင်နယ်ရဲ့ ရမှတ်တွေကို ဖျက်စီးပစ်ခဲ့ပါတယ်။

ဒီလိုမျိုး ကွင်းလယ်ဒိုင်တွေVARတွေရဲ့ မျက်နှာသာပေးမခံရတာ၊ မမျှတတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကြုံတွေခဲ့ရတာဟာ အာဆင်နယ်အတွက်တော့ ဒီရာသီမှာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပွဲအပြီးမှာတော့ ရမ်ဒေးလ်က အရေးပါတဲ့ ဆုံးဖြတ်ချက်တွေဟာ အာဆင်နယ်နဲ့ ဆန့်ကျင်ဘက်မှာ ရှိနေတယ်လို့ ဆိုခဲ့သလို အာတီတာကလည်း စိတ်ထဲ ရှိတဲ့အတိုင်းပြောရရင် ခြောက်လလောက် ပွဲပယ်ခံရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ 

အင်္ဂလန်ဒိုင်တွေကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိတဲ့ မော်ရင်ဟိုကြီးကိုတောင်သတိရမိပါတယ်။  အာဆင်နယ်တို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ကြပါစေလို့သာ ဆုတောင်းရတော့မှာဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: