ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့အပတ်မှာ အနီးဆုံးပြိုင်ဖက်တွေရဲ့ မထင်မှတ်တဲ့ ရလဒ်တွေကြောင့် လိဒ်စ်နဲ့ပွဲစဥ်ကစပြီးအရေးကြီးလာခဲ့ပါတယ်။ ပရိတ်သတ်တွေရော ၊ ကျွမ်းကျင်သူများကပါ မြောက်လန်ဒန်ဒါဘီပွဲကို ခနထားပြီး ၊ လိဒ်စ်နဲ့ပွဲကို အနိုင်ကစားနိုင်ဖို့အတွက် စိတ်လှုပ်ရှားခဲ့ကြပါတယ်။
လိဒ်စ်နဲ့ပွဲမှာ အနိုင်ကစားထားခြင်းအားဖြင့် အမှတ်အားဖြင့်အသာရသွားမှာဖြစ်လို့ ၊ မြောက်လန်ဒန်ဒါဘီပွဲမှာ ခြေချော်လက်ချော်ဖြစ်ခဲ့ရင် အမှတ်ကွာဟမှုနဲ့အမှတ်ပေးဇယားမှာ ကောင်းမွန်ဆဲ အခြေအနေတစ်ခုရှိနေမှာဖြစ်ပါတယ်။ တကယ်လည်း အဆိုပါ ၃ မှတ်က အာဆင်နယ်ကို ကူညီပေးနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းကို အခြေအနေအရပ်ရပ်ကနေအသာစီးရယူပြီး ၃ ဂိုးပြတ်နဲ့ စပါးအသင်းက အနိုင်ရခဲ့ပါတယ်။ စပါးအသင်းဟာ ခြေစွမ်းနဲ့ ကစားပုံမှာ အသာစီးရနိုင်တယ်လို့ပြောလာရင်လဲ ငြင်းဖို့ခက်နေပေမယ့် ၊ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေနဲ့ စောစောစီးစီး လူတစ်ယောက်လျော့သွားခဲ့ခြင်းကလည်း ပွဲကိုပြောင်းလဲစေခဲ့ပါတယ်။ ယခုပွဲကို ပြန်ပြီးလေ့လာမယ်ဆိုရင် ကစားပုံ နည်းဗျူဟာများ ၊ ဒိုင်လူကြီးဆုံးဖြတ်ချက်နဲ့ ပွဲကိုပြောင်းလဲပေးနိုင်တဲ့ကစားသမားတွေ စတဲ့အချက်တွေကိုပဲ အဓိကအားဖြင့် မြင်ရမှာဖြစ်ပါတယ်။
ကစားပုံနည်းဗျူဟာများ
အာတီတာဟာ စပါးအသင်းဖက်က ခံစစ်ရှင်နဲ့ကစားပြီး တောင်ပံနှစ်ဖက်ကနေ အဓိက ထိုးဖောက်လာမယ့်ပုံစံကို ကြိုတင်တွက်ဆကာ တိုမီယာစုကို တီယာနေရဲ့နေရာကိုပို့ခဲ့ပါတယ်။ ဒီအချက်ဟာ မှန်တယ်ပြောနိုင်သလို အားနဲချက်လဲအနဲငယ်ရှိခဲ့ပါတယ်။ ကူလူဆက်စကီနဲ့ ဆွန်တို့လိုကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ စပါးတိုက်စစ်ကို ကာကွယ်ဖို့ လုံလောက်တဲ့လူအင်အားမရှိခြင်းက ပြဿနာဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ရဲ့တိုက်စစ်ကိုတော့ ထောင့်ဖြတ်ပြေးဝင်မှုတွေကနေ နေရာလွတ်ရှာတဲ့ပုံစံကို အဓိကထားပြီး ဘောလုံးဆုံးချိန်မှာ လူငယ်တွေရဲ့အားနဲ့ High Pressing ကစားခဲ့ပါတယ်။
နှစ်သင်းလုံးမှာသာ ကစားသမားတွေအပြည့်အစုံပါခဲ့မယ်ဆိုရင် တစ်သင်းက အတိုက် ၊ တစ်သင်းက ခံစစ်ရှင်နဲ့တန်ပြန်ကစားမယ့်အခြေအနေမှာ တော်ေတာ်လေးကြည့်ကောင်းမှာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲက အစောပိုင်းလောက်မှာသာ ပြောခဲ့တဲ့အတိုင်းအားပြိုင်မှုရှိခဲ့ပြီး မိနစ် ၂၀လောက်ကစလို့ စပါးက အဖက်ဖက်မှာ အနဲနဲ့ အများသာလွန်သွားခဲ့ပါတယ်။
ဒိုင်လူကြီးဆုံးဖြတ်ချက်များ
စပါးအသင်းဟာ ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ပေမယ့် တဖတ်သတ်ဆန်လွန်းလှတဲ့ ဆုံးဖြတ်ချက်တွေကြောင့် အာဆင်နယ်တို့ ပိုခက်ခဲသွားခဲ့ရပါတယ်။ ပင်နယ်တီပေးဖို့ဆုံးဖြတ်တာတွေ ၊ ဆာကာကို ရည်ရွယ်ချက်ရှိရှိ အနောက်ကနေချိတ်တာကို အဝါကတ်ပဲပြချိန်မှာ အာဆင်နယ်ဖက်အတွက်ကျတော့ လျှင်မြန်စွာပဲအနီကတ်ဖြစ်စေခဲ့တာတွေဟာ အရုပ်ဆိုးစေခဲ့ပါတယ်။ အဆိုးဆုံးကတော့ အငြင်းပွားဖွယ်အခြေအနေတွေမှာ Video တောင်ပြန်မကြည့်ခဲ့တာပဲဖြစ်ပါတယ်။
ပွဲအဖြေကိုပြောင်းနိုင်တဲ့ကစားသမားအင်အား
အာတီတာရဲ့ ကစားပုံဟာ Pattern တွေကို ပေါင်းစပ်စွမ်းအားနဲ့ကစားတာဖြစ်ကြောင်း မကြာခနပြောဖူးပါတယ်။ အခုပွဲမှာလည်းဒီအတိုင်းပဲကစားခဲ့ပြီး စပါးကလည်း သူတို့ကြိုတင်တွက်ဆထားတဲ့အတိုင်းပဲ တုန့်ပြန်ခဲ့ပါတယ်။
ကွာခြားသွားခဲ့တာကတော့ စပါးဟာ သူတို့လုပ်ဆောင်ချင်တဲ့အရာတွေအတွက် လုံလောက်တဲ့စွမ်းအားအပြည့်ရှိနေခဲ့ပြီး အာဆင်နယ်ကတော့ တိုက်စစ်ပိုင်းအတွက်ရော စပါးကိုထိန်းချုပ်ဖို့အတွက်ပါ လိုအပ်ချက်များစွာရှိနေတာပဲဖြစ်ပါတယ်။
တိတိကျကျပြောရရင် စပါးနောက်တန်းကိုထိုးဖောက်ဖို့အတွက် Alternative Player တွေမရှိသလို ဆွန် ၊ ကူလူဆက်စကီနဲ့ ကိန်းတို့ကိုထိန်းဖို့ကလဲ လိုအပ်ချက်များစွာနဲ့ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ၁၁ ယောက်ခြင်းကစားရမယ်ဆိုရင်တော့ လုံးဝ Balance မမျှတဲ့အနေအထားလို့ပြောနိုင်နေချိန်မှာ လူတစ်ယောက်လျော့သွားတဲ့အခါမှာတော့ ဘာမှဆက်လုပ်လို့မရတဲ့အထိဖြစ်ခဲ့တာပါ။
ဒီပွဲမှာ ချီးကျူးသင့်တာကတော့ အာတီတာရဲ့ ဆုံးဖြတ်ချက်အချို့ပါ။ ပြန်လိုက်ဖို့မလွယ်တော့ချိန်မှာ ရလဒ်ကိုလက်ခံလိုက်ပြီး ရှိရင်းစွဲကစားသမားကိုပဲ ချွေတာလိုက်တဲ့ In Match Decision တွေပဲဖြစ်ပါတယ်။
ဘယ်လိုပဲပြောပြော ဒီပွဲကိုအနှစ်ချုပ်ရရင် ပိုကောင်းတဲ့အသင်းက စပါးဖြစ်ပြီး အနိုင်ကလဲ ထိုက်တန်ခဲ့ပေမယ့် ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေသာ အငြင်းပွားဖွယ်မရှိခဲ့ဘူးဆိုရင်တော့ အာဆင်နယ်အနေနဲ့ တစ်စုံတစ်ရာကိုမျှော်မှန်းနိုင်တဲ့ပွဲလို့လဲပြောနိုင်ပါသေးတယ်။
အာဆင်နယ်ကတော့ နောက်ဆုံး ၂ ပွဲကို ရာနှုံးပြည့်နိုင်ဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။ ဆောင်းပါးအစကိုပြန်သွားရရင်တော့ မြောက်လန်ဒန်ဒါဘီမှာအနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်မယ် .. ဒါမှမဟုတ် သရေကစားပြီးရှိရင်းစွဲအနေအထားကို ထိန်းထားမယ်ဆိုတဲ့ အိမ်မက်တွေဖြစ်မလာတော့ပေမယ့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိနေသေးတာက အားသာချက်ဖြစ်ပါတယ်။
ဒါ့အပြင်အသင်းရဲ့အခြေအနေဟာ မူလမျှော်လင့်ချက်ကို ကျော်လွန်ပြီးဆင့်ပွားမျှော်လင့်ချက်အတွက်အလုပ်လုပ်နေရတာဖြစ်လို့ အရာအားလုံးဆုံးရှုံးပြီး ဆိုးရွားနေတာမဟုတ်ဘူးဆိုတဲ့အချက်ကိုလည်း ပရိတ်သတ်တွေအနေနဲ့ သိထားရမှာဖြစ်ပါတယ်။