“ ဘောလုံးအသင်းတစ်သင်းကို အားပေးတဲ့အခါ အသင်းရဲ့အောင်မြင်မှုတွေ၊ အစဥ်အလာနဲ့ ကျော်ကြားမှုတွေကိုကြည့်ပြီး အားမပေးပါနဲ့ … အသင်းတစ်သင်းကို အားပေးနေရင်း ကိုယ့်ကိုယ်ကိုရှာဖွေတွေ့ရှိနိုင်တယ်ဆိုရင် အဲ့တာ ခင်ဗျား အားပေးရမယ့်အသင်းပဲ .. “
ဒါက လူတိုင်းသိပြီးသား ဒင်းနစ်ဘားကင့်မ်ရဲ့စကားဖြစ်ပါတယ်။ အဓိပ္ပါယ်ကတာ့ ကိုယ့်ရဲ့အတွေးအမြင်တွေနဲ့ တသားထဲသွားနေတဲ့အသင်းကိုသာ ရွေးချယ်အားပေးဖို့ပြောတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ အသက် ၅၃ နှစ်ပြည့်သွားတဲ့ ဒတ်ချ်တိုက်စစ်မှုးကြီး ၊ အသင်းရဲ့ ဂန္တဝင်ကြီးအကြောင်းကို မှတ်စုတိုလေးရေးပြီးသိမ်းထားချင်ပါတယ်။ ဒီ Website မှာ ဂန္တဝင်ကြီးတွေရဲ့အကြောင်း ၊ အနားယူသွားတဲ့ ဂန်းနားတွေအကြောင်းကို စုံလင်အောင်စုစည်းထားမှာဖြစ်ပါတယ်။ အခုကတော့ ၁၀ ဦးခန့်ရှိနေပြီဖြစ်ပါတယ်။
စမစ်ရိုး ၊ ဆာကာ ၊ အွန်နရီ ၊ ဂီဘာတိုတို့နဲ့အတူတူ အမ်းမရီတ်ကွင်းမှာ ပြီးခဲ့တဲ့အပတ်တုန်းက ဘားကင့်ကိုမြင်ရတာလဲ အလွန်စိတ်ချမ်းသာစရာပါပဲ။ ကဲ … ဘားကင့်အကြောင်းလေးပြန်သွားကြစို့။
၁၉၆၉ ခုနှစ် မေလ ၁၀ ရက်မှာ ဘားကင့်မ်ကို မွေးဖွားခဲ့ပါတယ်။ အမ်စတာဒမ်မြို့က လျှပ်စစ်ဝန်ထမ်းတစ်ဦးရဲ့ သားဖြစ်သူ ဘားကင့်မ် ဟာ အသက် ၁၁ နှစ်မှာပဲ အေဂျက်စ်အသင်းနဲ့အတူတူပူးပေါင်းနိုင်ခဲ့သူဖြစ်ပါတယ်။ အေဂျက်မတိုင်ခင်မှာတော့ အပျော်တန်းအသင်းအချို့မှာ ကျင်လည်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် ဘားကင့်မ် အဆင်ပြေတာမြန်ပါတယ်။ ၁၁ နှစ်မှာ ကမ္ဘာကျော်အကယ်ဒမီကိုရောက်တယ်ဆိုတာ သိပ်ကောင်းတဲ့အခွင့်အရေးပဲပေါ့။

ဒီလိုနဲ့ပဲ ၁၉၈၆ ခုနှစ်မှာ ပရိုကစားသမားဘဝပွဲထွက်ကိုစတင်ခဲ့တယ်။ ၁၉၉၃ ခုနှစ်အထိ အေဂျက်နဲ့အတူကစားပြီး ၇ ရာသီအတွင်းမှာ ပွဲပေါင်း ၂၃၇ ပွဲနဲ့ ဂိုးပေါင်း ၁၂၂ ဂိုးသွင်းယူပေးနိုင်ခဲ့တယ်။ အဲ့ဒီနောက် အင်တာမီလန်နဲ့အတူ စီးရီးအေမှာ ၂ ရာသီကစားခဲ့တယ်။ သူ့ရဲ့ တတိယမြောက်နဲ့နောက်ဆုံးအသင်းဖြစ်တဲ့ အာဆင်နယ်ကိုတော့ ၁၉၉၅ ခုနှစ်မှာရောက်ရှိလာခဲ့ပြီး ၁၁ နှစ်တိတိကစားသွားခဲ့ပါတယ်။ ပွဲပေါင်း ၄၂၃ ပွဲနဲ့ ဂိုးပေါင်း ၁၂၀ ။ ဒါပေမယ့် အမှတ်တရပေါင်းများစွာ .. သမိုင်းပေါင်းများစွာ။ နိုင်ငံအသင်းနဲ့မှာလည်း ၇၉ ပွဲကစားပြီး ၃၇ ဂိုးသွင်းခဲ့သူဖြစ်ပါတယ်။
ဘားကင့်ရဲ့ကစားပုံက သိပ်ထူးခြားတယ်။ ဘယ်လိုထူးခြားသလဲဆိုရင် ရိုးရှင်းတဲ့အရာအားလုံးကို အကောင်းဆုံးပိုင်ဆိုင်သူဖြစ်တယ်။ သူ့ရဲ့ တဖက်နောက်တန်းတွေကို ဖရိုဖရဲဖြစ်စေပုံ ၊ဘောလုံးထိမ်းသိမ်းပုံ ၊ ဂိုးသွင်းပုံ အကုန်လုံးက ရိုးရှင်းပါတယ်။ ဒါပေမယ့် ဘယ်သူမှ တားဆီးမရခဲ့ဘူး။ သူ့ရဲ့ဂန္တဝင်ဆန်တဲ့ဂိုးများစွာထဲက အာဂျင်တီးနားဖက်ကိုသွင်းယူတဲ့ဂိုးနဲ့ နယူးကာဆယ်ဖက်ကိုသွင်းတဲ့ဂိုးတွေမှာဆိုရင် အရိုးရှင်းဆုံးကိစ္စတွေကို အကောင်းဆုံးလုပ်ဆောင်သွားတာကို မြင်ရမှာပါ။ အဲ့တာ ဘားကင့်မ်ပါပဲ။
ဘားကင့်မ်ဟာ ၃-၄-၃ ကစားပုံရဲ့ ညာအစွန်လူ ၊ ၄-၄-၂ ရဲ့ နောက်ချန်တိုက်စစ်မှုးနဲ့ ကွင်းလယ်တိုက်စစ်နေရာတွေမှာ အကောင်းဆုံးကစားနိုင်သူဖြစ်ပါတယ်။
ဘားကင့်မ်မှာထူးခြားတဲ့အချက်တစ်ချက်ရှိပါသေးတယ်။ အဲ့တာက Aviophobia လို့ခေါ်တဲ့ လေယဥ်ပျံကြောက်တဲ့ရောဂါဖြစ်ပါတယ်။ ဒါကြောင့်သူ့ကို Non-Flying Dutchman လို့နာမည်ပြောင်ပေးထားကြပါတယ်။ အဲ့တာကလဲ ဇာတ်လမ်းရှိပါတယ်။ ၁၉၉၄ ခုနှစ်တုန်းက နယ်သာလန်နိုင်ငံအသင်းရဲ့ လေယဥ်ဟာ မတော်တဆမှုတစ်ခုဖြစ်ပြီး အငွေ့တွေထွက်လာခဲ့ပါတယ်။ အင်ဂျင်ပိုင်းချို့ယွင်းမှုလို့လဲသိရပါတယ်။ အဲ့အချိန်မှာ သတင်းထောက်တစ်ယောက်က သူ့အိတ်ထဲမှာ ဗုံးပါတယ်ဆိုပြီး ဟာသထလုပ်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကနေစတင်ပြီး ဘားကင့်မ်တစ်ယောက် လေယဥ်ကိုကြောက်သွားခဲ့တာဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကထဲက ဖြစ်နေခဲ့တဲ့စိတ်ရောဂါအတွက် ၁၉၉၆ မှာတော့ ဘားကင့်က အတိုင်ပင်ခဲ့နဲ့အတူ ကုသမှုခံယူခဲ့ပါတယ်။ ဒါပေမယ့် လေယဥ်တွေနဲ့တော့အဝေးဆုံးမှာနေခဲ့တာကတော့ အဲ့ဒီအချိန်ကတည်းကဖြစ်ပါတယ်။
အင်တာမီလန်မှာကစားစဥ်တုန်းက မကြာခနလေယဥ်ကိုအသုံးပြုတာကြောင့်အခက်အခဲတွေရှိခဲ့တယ်လို့ သိရပါတယ်။
ကစားသမားဘဝမှာ ၃ သင်းထဲသာကစားပြီး မှတ်တိုင်ပေါင်းများစွာစိုက်ထူခဲ့သလို အခုအချိန်အထိလဲ ဘောလုံးလောကမှာ လူချစ်လူခင်များပြီး လေးစားမှုကိုရရှိဆဲဖြစ်ပါတယ်။ အာဆင်နယ်ကို ပေါင် ၇.၅ သန်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့အချိန်တုန်းကမြင့်မားတဲ့ငွေကြေးဖြစ်ခဲ့ပါတယ်။

အဂ်လန်ဘောလုံးလောကကိုလေးစားပြီး သူ့ရဲ့အမြင်ကိုလည်း အာဆင်နယ်ဂျူနီယာလေးတွေဆီကို လောလောလတ်လတ်မျှဝေထားတဲ့ဘားကင့်မ်ဟာ လူတိုင်းချစ်ခင်တဲ့သူအဖြစ်ရော ၊ အာဆင်နယ်ဂန္တဝင်အဖြစ်ပါ မှတ်တမ်းကောင်းရှိသူဖြစ်ပါတယ်။
ဘားကင့်ပ်ရဲ့ လူမှုဘဝကလည်းရိုးရှင်းပါတယ်။ ၁၉၉၃ မှာအိမ်ထောင်ကျပြီး သားသမီး ၄ ဦးထွန်းကားခဲ့ကာ ဘောလုံးမျိုးဆက်ကိုလည်းဆက်လက်သယ်ဆောင်ထားနိုင်ခဲ့ပေမယ့်သူလို့တော့ မထူးချွန်ခဲ့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ဘားကင့်မ်ကို ပိုင်ဆိုင်ရတာ အာဆင်နယ်အသင်းအတွက်လည်း ဂုဏ်ယူစရာဖြစ်ခဲ့သလို ၊ အသင်းမှာလည်း ကစားသမားတစ်ယောက်ကောင်းပြီဆိုရင် အပြေးခိုင်းနှိုင်းကြတဲ့အထဲမှာ ဘားကင့်မ်လဲ အပါအဝင်ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ ဘောလုံးအသင်းတစ်သင်းကို အားပေးရခြင်း ဒဿနကို ပရိတ်သတ်တွေဆီအရောက်ပို့ခဲ့တာပဲဖြစ်ပါတယ်။
