လွန်ခဲ့တဲ့လတုန်းက The Sun သတင်းစာမှာပါလာတဲ့သတင်းအရ အာဆင်နယ်တို့ဟာ ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့ ကစားသမား မိုက်ကယ်အိုလစ်ကို ကြိုးစားဖို့ရှိတယ်လို့ သာသိခဲ့ရပေမယ့် ၊ Manchester Evening ရဲ့နောက်ဆုံးရေးသားလာမှုအရ မန်ချက်စတာယူနိုက်တက်ကလည်း အဆိုပါ အဂ်လန်သားလူငယ်လေးကို ကြိုးစားနေတယ်လို့ ဆိုလာပါတယ်။
ပဲလေ့စ်နဲ့အတူ စွမ်းဆောင်ရည်ကောင်းပြထားတဲ့ အသက် ၂၀ အရွယ်ကစားသမားလေးကို မန်ယူနဲ့ အာဆင်နယ်အပြင် စိတ်ဝင်စားနေတဲ့အသင်းတွေကတော့အများကြီးရှိနေသလို ဒီအချက်ကလည်း မထူးဆန်းဘူးလို့ပြောနိုင်ပါတယ်။
The Athletic သတင်းဌာနကတော့ အိုလစ်ကို ကာလရှည်စာချုပ်တစ်ရပ်ချုပ်ဆိုဖို့ ပဲလေ့စ်ဖက်က ပြင်ဆင်နေတဲ့အပြင် အချက်အလက်များစွာလဲ ထပ်မံထည့်သွင်းသွားမယ်ိလို့ဆိုလာပါတယ်။ ဒါပေမယ့် စာချုပ်သစ်ထဲမှာ လစာတိုးမြှင့်ပေးသွားဖို့တော့ အစီအစဥ်မရှိဘူးလို့လဲသိရပါတယ်။ နည်းပြ ဗီအဲရားဟာ လာမယ့်နှစ်တွေမှာ လက်လွှတ်ရဖို့များနေတဲ့ ကစားသမားလေးဆီကနေ ငွေပြန်ရနိုင်အောင် အသစ်ထပ်တိုးမယ့်စာချုပ်မှာ Buy-Out Clause တွေထည့်သွင်းသွားမှာဖြစ်တယ်လို့လဲ ဆိုပါတယ်။
ဒီရာသီမှာ ၁၂ ကြိမ်သာပွဲထွက်ခွင့်ရထားပေမယ့် ၅ ကြိမ်ဖန်တီးပြီး ၂ ဂိုးသွင်းယူပေးထားနိုင်တဲ့လူငယ်လေးဟာ ပဲလေ့်စကိုမပြောင်းလာခင် ရီးဒင်းအသင်းနဲ့ကစားစဥ်တုန်းကလည်း ၁၂ ဂိုးသွင်းပြီး ၇ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်မြင့်ကစားသမားတစ်ဦးဖြစ်ပါတယ်။
အခြေအနေကတော့ ပဲလေ့စ်ဖက်က လက်လွှတ်ဖို့ပြင်ထားပြီလို့ပဲဆိုရမှာပါ။ စာချုပ်သစ်ဆွေးနွေးတယ်ဆိုတာကလဲ ရနိုင်သမျှအမြတ်ကိုရှာဖွေဖို့ပဲလို့ ဆိုနိုင်ပါတယ်။ အာတီတာရဲ့ အစီအစဥ်ထဲမှာသာပါလာခဲ့ရင်တော့ စိတ်လှုပ်ရှားစရာလူငယ်အခင်းအကျင်းလို့ပြောနိုင်ပါတယ်။ လတ်တလောပေါက်စျေးကတော့ ပေါင် ၂၂ သန်းခန့်ရှိတယ်လို့လဲ ရေးသားနေကြပါတယ်။