လက်ကျန်ပွဲစဉ်သုံးပွဲနဲ့ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်၀င်ခွင့် အိပ်မက် ဘယ်လိုရှိသလဲ

ဆိုးရွားတဲ့ ရာသီအဖွင့်နဲ့ ၂၀၂၁-၂၀၂၂ဘောလုံးရာသီကို စတင်ခဲ့ပြီးတဲ့နောက်၊ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အသင်းရဲ့ကပ္ပတိန်နဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ အော်ဘာမီယန်းကို ရောင်းထုတ်ခဲ့ပြီး နောက် အာဆင်နယ်ဟာ ခုလို ချန်ပီယံလိဂ်၀င်ခွင့်အတွက် မျှော်လင့်ချက်ရှိနေတဲ့ အခြေအနေ ရောက်လာမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပါဘူး။ 

ဒါပေမယ့်လည်း အာတီတာနဲ့ သူ့ရဲ့ကောင်လေးတွေဟာ အာဆင်နယ်ကို လက်ရှိအခြေအနေမျိုးရောက်အောင်အထိ ရောက်အောင် ပြန်လည်ဆွဲတင်နိုင်ခဲ့ပါတယ်။ရာသီကုန်ဖို့ သုံးပွဲအလိုမှာ အဆင့်ငါးနေရာက စပါးကို လေးမှတ်ဖြတ်ထားပြီး နောက်ဆုံးငါးနှစ်အတွင်းမှာ ပထမဆုံးအနေနဲ့ ချန်ပီယံလိဂ်၀င်ခွင့်ပြန်ရဖို့ ဂန်းနားတွေဟာ နီးစပ်နေပါပြီ။အနည်းဆုံးယူရိုပါလိဂ်၀င်ခွင့်တစ်နေရာကတော့ သေချာသွားခဲ့ပြီးပါပြီ။ 

ဒါပေမယ့် အာဆင်နယ်ရင်ဆိုင်ရမယ့် လက်ကျန်ပွဲစဉ်သုံးပွဲဟာ လွယ်ကူလှမှာတော့ မဟုတ်ပါဘူး။ချန်ပီယံလိဂ်၀င်ခွင့်အတွက် အနီးကပ်ဆုံးပြိုင်ဘက် စပါး၊ ပုံ‌စံကောင်းတွေ ပြသနေတဲ့ နယူးကာဆယ်နဲ့ တန်းဆင်းဇုန်တိုက်ပွဲ၀င်နေတဲ့ အဲဗာတန် အသင်းတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ 

ဒီတော့ လက်ကျန်ပွဲစဉ်တွေမှာ အာဆင်နယ်ရဲ့ ကံကြမ္မာ ဘယ်လိုရှိလာနိုင်မလဲဆိုတာ တစ်ချက်လောက် ကြည့်ကြည့်ကြတာပေါ့။ 

စပါး Vs အာဆင်နယ် 

လက်ကျန်ပွဲစဉ်တွေထဲမှာ ဒီပွဲစဉ်က အခက်ခဲဆုံးဖြစ်လာမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ကွန်တီရဲ့လက်အောက်မှာ စပါးဟာ တဖြည်းဖြည်းနဲ့ ပုံစံကောင်းရလာခဲ့ပြီး ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာကို ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။ စပါးဟာ အာဆင်နယ်ကို ကျော်ဖြတ်နိုင်မယ်လို့ ခန့်မှန်းကြတဲ့ အားကစားဝေဖန်ဆင်ဆက်သူတွေ အများကြီး ရှိပါတယ်။ 

ပြီးခဲ့တဲ့ အပတ်က စပါးဟာ အန်ဖီးလ်မှာ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ပုံစံကောင်းတွေပြသနေတဲ့ ကြိုးကြာနီတွေဆီက အမှတ်ခွဲယူနိုင်ခဲ့ပါတယ်။ စပါးရဲ့ စွမ်းဆောင်ရည်ဟာ အထင်ကြီးစရာ ကောင်းသလိုအာဆင်နယ်ကလည်း နောက်ဆုံးပွဲစဉ်လေးပွဲမှာ ချဲလ်ဆီး၊ မန်ယူ၊ ၀က်စ်ဟမ်းနဲ့ လိဒ်စ်တို့ကို ဆက်တိုက်အနိုင်ယူထားနိုင်ခဲ့ပါတယ်။ 

ဒီပွဲစဉ်မှာ အရှုံးခံလို့ လုံး၀ မဖြစ်တဲ့ အသင်းကတော့ စပါးဖြစ်ပြီး အာဆင်နယ်သာ အနိုင်ရခဲ့ရင် ရာသီမကုန်ခင်မှာ ချန်ပီလိဂ်၀င်ခွင့်ကို သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။သရေတစ်မှတ်ပဲ ရယူနိုင်ခဲ့ရင်တောင် အာဆင်နယ်အတွက်က အပြုံးမပျက်နိုင်တဲ့ အနေအထားဖြစ်တာကြောင့် ဖိအားများလာမယ့် စပါးဟာ သူတို့ရဲ့ အိမ်ကွင်းမှာ အာဆင်နယ်ကို အနိုင်ယူဖို့ပဲ ကြိုးစားလာမှာ ဖြစ်ပါတယ်။ 

ဒီပွဲစဉ်ကိုသာ အာဆင်နယ် ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ၂၀၂၁-၂၂ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးမိနစ်၊နောက်ဆုံးစက္ကန့်တွေအထိ ရင်ခုန်ရဖို့ ရှိနေပါတယ်။ အနိုင်ရခဲ့မယ်ဆိုရင် စပါးရဲ့ အိမ်ကွင်းမှာ ချန်ပီယံအသင်းတစ်သင်းလို့ အောင်ပွဲခံနိုင်မှာ‌ကတော့ တကယ်ကို ပျော်စရာကောင်းမှာပါ။ 

နယူးကာဆယ် Vs အာဆင်နယ် 

လက်ရှိနယူးကာဆယ်ဟာ ရာသီအစက နယူးကာဆယ်နဲ့ အများကြီး ကွဲပြားသွားပါပြီ။‌ အသင်းပိုင်ရှင်အပြောင်းအလဲ၊ကစားသမား ဖြည့်တင်းမှုတွေနဲ့အတူ နယူးကာဆယ်ဟာ ဒုတိယရာသီ၀က်မှာ ရလဒ်ကောင်းတွေ ရယူထားနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် နယူးကာဆယ်ဟာ အသင်းကြီးတွေနဲ့ တွေ့ဆုံရတိုင်း ရလဒ်ကောင်းလေ့မရှိတာကတော့ အာဆင်နယ်အတွက် အားသာချက်တစ်ခုဖြစ်လာမှာပါ။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်၉ပွဲမှာ ချဲလ်ဆီး၊စပါး၊လီဗာပူးလ်နဲ့ မန်စီးတီးတို့ကို ရှုံးနိမ့်ထားခဲ့ပါတယ်။ 

ဘာပဲဖြစ်ဖြစ် နယူးကာဆယ်ရဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ သတိကြီးကြီးထားကစားဖို့တော့ လိုအပ်မှာ အမှန်ပါပဲ။ 

() အာဆင်နယ် Vs အဲဗာတန် 

ချန်ပီယံလ်ဂ်၀င်ခွင့်အတွက် တိုက်ပွဲ၀င်လာမယ့် အသင်းနဲ့ တန်းဆင်းဇုန်တိုက်ပွဲအတွက် ရေကုန်ရေခမ်းယှဉ်ပြိုင်လာမယ့် အသင်းတို့ရဲ့ ပွဲစဉ်ကတော့ နှစ်သင်းစလုံးအတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ တကယ်လို့ လမ်းပတ်ရဲ့ အဲဗာတန်ဟာ ဒီပွဲစဉ်မတိုင်မီ တန်းဆင်းဇုန်က လွတ်မြောက်သွားခဲ့မယ်ဆိုရင်တော့ အာတီတာတို့လူစုအတွက် အနည်းငယ်အသက်ရှူချောင်လာနိုင်စရာ ရှိပါတယ်။ 

အဲဗာတန်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ငါးပွဲမှာ ချဲလ်ဆီး၊ မန်ယူတို့ကို အနိုင်ယူပြထားခဲ့ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်အတွက် ရာသီအပိတ်ပွဲစဉ်ကို ဗိုလ်လုပွဲတစ်ပွဲလို ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ 

ဘောလုံးက အလုံးကြီးဆိုတော့ အရာရာဟာ ခန့်မှန်းရခက်လှပါတယ်။ အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားပြီး အကောင်းဆုံးကြိုးစားလာဖို့ပဲ လိုပါတယ်။ ဘာပဲဖြစ်ဖြစ် အဆုံးသတ်မှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ ဒီအသင်းဟာ ဒီလူတွေနဲ့ ဒီလောက်လုပ်ပြနိုင်ခဲ့တာကို ကျွန်တော်တို့ အပြစ်တင်စရာတော့ မရှိနိုင်ပါဘူး။

Advertisement

Leave a Reply

%d bloggers like this: