တိုင်လီမန်းစ်နဲ့ လေးလေးနက်နက်စကားပြောနေပြီဖြစ်ကြောင်း အွန်းစတိန်းအတည်ပြုပေး
The Athletic ရဲ့ နာမည်ကျော်သတင်းထောက် ဒေးဗစ်အွန်းစတိန်းကတော့ အာဆင်နယ်အနေနဲ့ လက်စတာရဲ့ တိုင်လီမန်းစ်ကိုခေါ်ယူဖို့ အလွန်ပဲ အလားအလာကောင်းနေပြီဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုင်လီမန်းစ်ဟာ အာတီတာရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်ပြီး လက်စတာအသင်းနဲ့လဲ စာချုပ်သက်တမ်း ၁ နှစ်သာကျန်တော့သူဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည်မြင့်ကွင်းလယ် ကစားသမားများထဲကတစ်ဦးဖြစ်တဲ့ တိုင်လီမန်းစ်ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့လဲ သတင်းထွက်နေခဲ့ပါတယ်။
ပီအက်ဂျီလူငယ်နဲ့ အသင်းကိုအားဖြည့်ဖို့ အာဆင်နယ်ပြင်ဆင်
အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အကယ်ဒမီကို အားဖြည့်ဖို့အတွက် ပီအက်စ်ဂျီအသင်းရဲ့ အသက် ၁၆ နှစ်အရွယ်ကစားသမားလေး ဘစ်ရှီယာဘူး ကိုခေါ်ယူဖို့ကြိုးစားနေကြောင်း Sport Witness ကရေးသားလာခဲ့ပါတယ်။ အဆိုပါ ဆယ်ကျော်သက်လေးဟာ တိုးတက်မှုအမြန်ဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး ဥရောပရဲ့ ထွန်းတောက်လာမယ့် ဆယ်ကျော်သက်အဖြစ်လဲ ရည်ညွန်းခြင်းခံထားရတာဖြစ်ပါတယ်။

အိုဒီဂတ်က ကာဇိုလာ လက်သစ်ဖြစ်ကြောင်း ဆောင်းပါးရှင်ရေးသား
Football London ရဲ့ဆောင်းပါးရှင်တစ်ဦးဖြစ်တဲ့ ခရစ္စဒေဗီဆင်က အိုဒီဂတ်ကိုရရှိလိုက်ခြင်းဟာ ကာဇိုလာ နောက်ထပ်တစ်ယောက်ထပ်ရလိုက်တာဖြစ်ကြောင်းရေးသားလာပါတယ်။ အိုဒီဂတ်ရဲ့ ကျွမ်းကျင်မှုနဲ့ ကစားဟန်တွေက ကာဇိုလာကို ပြန်အမှတ်ရစေတယ်လို့ ဆောင်းပါးရှင်ကညွှန်းဆိုခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ စွမ်းရည်ပိုင်ရှင်အဖြစ် ချီးကျူးရေးသားထားပါတယ်။ ကာဇိုလာ ဟာ အာဆင်နယ်ကို ပြောင်းရွှေ့လာစဥ်က အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး အိုဒီဂတ်ကတော့ ၂၂ နှစ်အရွယ်မှာ အာဆင်နယ်နဲ့ အတူစတင် ကစားခဲ့တာဖြစ်ပါတယ်။
ပေပေကို ဆီးဗီးလားက သဘောကျနေ
စပိန်သတင်းစာ Super Deporte ရဲ့ဖော်ပြချက်အရ ဆီးဗီးလားအသင်းရဲ့ ဒါရိုက်တာ မွန်ချီဟာ အာဆင်နယ်တောင်ပံလူ ပေပေကိုသဘောကျနေတယ်လို့ သိရပါတယ်။ အာဆင်နယ်တို့ဟာ ပေပေအပေါ်တော်တော်စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး နွေရာသီအရောင်းစာရင်းမှာ သေချာပေါက်ပါဝင်မှာဖြစ်တယ်လို့ သတင်းတွေမှာရေးသားနေကြတာလဲဖြစ်ပါတယ်။ လိဒ် နဲ့ပွဲအပြီးမှာလည်း နည်းပြအဖွဲ့ဝင်တွေဆီက မကျေနပ်မှုတွေကို သိသိသာသာရရှိထားသူဖြစ်ပါတယ်။
ဘာလိုဂန် အိမ်ပြန်ရောက်ပြီ
ချန်ပီယံရှစ်ကလပ်မှာ အငှားသွားရောက်ကစားနေတဲ့လူငယ်တိုက်စစ်မှုး ဘာလိုဂန်ဟာ အာဆင်နယ်အသင်းဆီကို ပြန်လာဖို့ သေချာသွားပြီဖြစ်ပါတယ်။ မစ်ဒယ်ဘရိုအသင်းကထုတ်ပြန်တဲ့ Retained List ထဲမှာ ဘာလိုဂန်ပါဝင်လာခဲ့ခြင်းမရှိခဲ့ပဲ အခြားသော အငှားကစားသမားများနဲ့အတူ ဧပြီလ ၂၉ မှာ သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းရဲ့လက်ကျန်ပွဲစဥ်တွေမှာတော့ ပြန်လည်ပါဝင်ကစားခွင့်ရမှာ မဟုတ်ဘူးလို့သိရပါတယ်။ ဘာလိုဂန်ဟာ အငှားကစားသမားဘဝမှာ ၂၁ ပွဲကစားပြီး ၃ ဂိုးသွင်း ၃ ဂိုးဖန်တီးကာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့သူလည်းဖြစ်ပါတယ်။