အာဆင်နယ်ကြယ်ပွင့်နဲ့ အသင်းခေါင်းဆောင်ဟောင်း ရှာကာက သူ့ရဲ့အသင်းဖော် အိုဒီဂတ်ကို ကပ္ပတိန်လက်ပတ်နဲ့ ထိုက်တန်တဲ့သူလို့ လူသိရှင်ကြား ထောက်ခံအားပေးလာခဲ့ပါတယ်။
၂၀၂၁ မှာ အသင်း ခေါင်းဆောင်ဟောင်း အူဘာမီယန်းဟာ ကပ္ပတိန်ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဂါဘွန်လက်ရွေးစင်ကြီး အမ်းမရိတ်ကနေ ထွက်ခွာသွားပြီးတဲ့နောက် အာတီတာက လာကာဇက်ကို အသင်းခေါင်းဆောင် တာဝန်ပေးအပ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ပြင်သစ်သားကြီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ငါးဂိုးသာ သွင်းယူနိုင်ခဲ့ပြီး သူရခဲ့တဲ့ သွင်းဂိုးအများစုကလည်း ပင်နယ်တီကနေရခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှုကြောင့် အသင်းရဲ့ လူစာရင်းမှာ လာကာဇက် မပါ၀င်နိုင်ချိန်ကစပြီး လူငယ်တိုက်စစ်မှူး အန်ကက်တီးယားလေးက အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ခွင့်ရခဲ့ပါတယ်။ အင်္ဂလန်သားလေးဟာ သွင်းဂိုးတွေ တဒိုင်းဒိုင်း သွင်းယူထားနိုင်တာကြောင့် သူ့ရဲ့ အရည်အသွေးကို အာတီတာက သဘောကျနေပြီး လာကာဇက်ကတော့ နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်အပြင် ရာသီကုန်ပွဲစဉ်တွေကိုလည်း ပွဲထွက်ခွင့်မရဖို့ သေချာသလောက်ပါပဲ။
ဒါကြောင့် လာကာဇက်ရဲ့ ကပ္ပတိန်ရာထူးကို ဆက်ခံနိုင်မယ့် ကစားသမားကို အာတီတာက ရှာဖွေနေတာ ဖြစ်ပါတယ်။ လာကာဇက် ၊ တီယာနေးတို့ မပါ၀င်နိုင်တဲ့ အချိန်တွေမှာ ကပ္ပတိန်ဖြစ်လာခဲ့သူက ကွင်းလယ်မှော်ဆရာလေး အိုဒီဂတ်ဖြစ်လာခဲ့ပြီး သူ့ရဲ့ဦးဆောင်မှုအောက်မှာ အသင်းဟာ နိုင်ပွဲတွေ ဆက်တိုက်ပြန်လည် ရရှိနေတာ ဖြစ်ပါတယ်။
မနှစ်က ရာသီမှာ အာဆင်နယ်ဆီ အငှားလာရောက်ကစားခဲ့တဲ့ အိုဒီဂတ်ဟာ ယမန်နှစ် အပြောင်းအရွှေ့ကာလမှာတော့ အမ်းမရိတ်စ်ဆီ အပြီးသတ် ပြောင်းရွှေ့လာခဲ့ပါတယ်။ အသက် ၂၃ နှစ်သာရှိသေးပေမယ့် နော်ဝေးသားလေးဟာ သူ့ရဲနိုင်ငံလက်ရွေးစင်အသင်းကို 2021 ခုနှစ်ကတည်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ရှာကာက အိုဒီဂတ်ဟာ အသင်းကို အမြဲတမ်းဦးဆောင်ဖို့ “DNA” ရှိတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“သူက ဒီကလပ်ရဲ့ အနာဂတ်ပါ။ လာကာဇက် မကစားချိန်မှာ သူက အသင်းခေါင်းဆောင်ဖြစ်နေပါပြီ။ သူ့ကိုယ်သူ ဒီအတွက် အရမ်းဂုဏ်ယူသင့်ပါတယ်” လို့ ဆွစ်ဇာလန်သားကြီးက TV2မီဒီယာ ကို ပြောကြားလာခဲ့ပါတယ်။
“သူ့ ဘယ်လောက်ထက်မြက်လဲဆိုတာ ခင်ဗျားတို့မြင်နိုင်ပါတယ်။ သူက အသက်၂၃နှစ် ပဲရှိသေးပေမယ့် ကွင်းထဲမှာ နေထိုင်တဲ့ပုံစံကတော့ အသက် ၃၀ အရွယ်လို့ ထင်ရပါတယ်။ ပွဲပေါင်း ၅၀၀ ဒါမှမဟုတ် ၆၀၀ လောက်ကစားခဲ့ဖူးသလို ရင့်ကျက်နေတာပါ”
“သူဟာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် သေချာပေါက် ဖြစ်လာနိုင်ပါတယ်။ သူ့မှာ ဒီအတွက် DNA ရှိတယ်။ နေ့တိုင်း တိုက်ပွဲဝင်နေရသလိုမျိုးကို သူကြိုးစားနေတာပါ။ အလုပ်တွေလည်း အများကြီးပိုလုပ်တယ်။နှိမ့်ချတတ်တယ်၊ အဝတ်လဲခန်းထဲမှာ ရှိတဲ့ လူတိုင်းက သူ့စကားကို နားထောင်တယ်။ ဘာလို့ သူက ကပ္ပတိန်မဖြစ်နိုင်မှာလဲ”
“သူက အရမ်းနှိမ့်ချတယ်၊ အေးအေးဆေးဆေးနေတတ်တယ်၊ စကားအများကြီးပြောတတ်တဲ့သူတော့ မဟုတ်ဘူး၊ အသံကျယ်ကျယ်လည်း မပြောတတ်ဘူး။ ဒါပေမယ့် သူတစ်ခုခုပြောတဲ့အခါ သူပေးချင်တဲ့ မက်ဆေ့ခ်ျက ကျွန်တော်တို့ ကောင်းကောင်းနားလည်ပါတယ်။ဒါက သော့ချက်ပါ။ အဲ့ဒီအချက်က သူ့ကို အရမ်းထူးခြားစေတယ်။”
အိုဒီဂတ်ဟာ ငယ်ရွယ်သေးပေမယ့် ရီးရဲမက်ဒရစ်လို အသင်းမှာ ငယ်ရွယ်စဉ်ကတည်းက ကစားခဲ့တာတွေ၊ နေရာစုံမှာ အငှားထွက်ကစားပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရတာတွေကြောင့် ရှာကာ ပြောသလို အသက်၃၀အရွယ် ကစားသမားကြီးလို တည်ငြိမ်ရင့်ကျက်နေတာ ဖြစ်ပါတယ်။
Original Article Here.