မယ်လိုကို လိုချင်နေဆဲဖြစ်တယ်လို အီတလီသတင်းစာဆို
အာဆင်နယ်အသင်းဟာ မယ်လိုကို လိုချင်နေဆဲဖြစ်ကြောင်း အီတလီသတင်းတာ Tutto Mercato က ဖော်ပြလာပါတယ်။ အဆိုပါ ဘရာဇီးသားဟာ ပြီးခဲ့တဲ့ဆောင်းရာသီတုန်းက အာဆင်နယ်နဲ့ နီးစပ်ခဲ့သူဖြစ်ပြီး ၊ လက်ရှိအချိန်မှာလဲ အာတီတာက လက်တွဲချင်ဆဲဖြစ်တယ်လို့ သတင်းကဆိုပါတယ်။ အာဆင်နယ်အသင်းမှာတော့လက်ရှိပွဲစဥ်များမှာ ရှာခါနဲ့ အယ်နီနီတို့က ထိမ်းကြောင်းကစားပေးလျက်ရှိပါတယ်။
ပေပေရဲ့ဆုံးဖြတ်ချက်ကနားလည်ရခက်ပေမယ့် ကစားသမားရဲ့ အပိုင်းသာဖြစ်ကြောင်း အာတီတာရှင်းပြ
ပွဲပြီးခါနီးမှာရရှိတဲ့ အခွင့်အရေးကို အသုံးချဖို့ ပေပေရဲ့ ဆုံးဖြတ်ချက်မှားယွင်းခဲ့မှုအပေါ်နားလည်ရခက်ခဲ့ကြောင်း နည်းပြအာတီတာက ဝန်ခံလာခဲ့ပါတယ်။ အိုင်ဗရီကို့စ်သားဟာ လူမရှိတဲ့ ဂိုးပေါက်ကို ကန်သွင်းရမယ့်အစား သူသန်တဲ့ ဘယ်ပေါက်ကို ပြန်တည်ရင်းဘောလုံးဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။
“ လူမရှိတဲ့ဂိုးပေါက်ကိုတွေ့နေတဲ့အချိန်မှာ ဘာကြောင့် ပြန်ပြီးဘောလုံးကိုထိမ်းလိုက်လဲဆိုတာကို ကျွန်တော်တို့လဲနားလည်ရခက်ပါတယ်။ ဒါပေမယ့် ဘောလုံးသမားရဲ့ဆုံးဖြတ်ချက်ကိုပဲ လိုက်နာရမှာပါ .. သူတို့ကကွင်းထဲမှာလေ .. ကံကောင်းတာကတော့ ကျွန်တော်တို့ ဂိုးလိုအပ်ချိန်မဟုတ်ခဲ့ပါဘူး “ ဆိုပြီး အာတီတာက ပြောလာခဲ့ပါတယ်။
ပါတေးကို လိုချင်နေတဲ့ ဂျူဗီ
စပိန်သတင်းစာ Fichajes ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းကွင်းလယ်လူပါတေးကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်အသင်းက စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ သို့သော် အာဆင်နယ်အသင်းမှာ အဓိက ကျနေတဲ့ ကစားသမားဖြစ်တဲ့အပြင် နည်းပြအာတီတာရဲ့ စိတ်ကြိုက်ကွင်းလယ်လူလဲဖြစ်တာကြောင့် အပြောင်းအရွှေ့ဖြစ်လာဖို့ ခက်ခဲနိုင်ကြောင်းသုံးသပ်နေကြပါတယ်။
အန်ကတ်တီယာရဲ့ စိတ်ဓါတ်ကို အာတီတာချီးကျူး
နည်းပြအာတီတာကတော့ တိုက်စစ်မှုး အန်ကတ်တီယာရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်နေစိတ်ထားကို ထုတ်ဖော်ချီးကျူးလာခဲ့ပါတယ်။
“ အန်ကတ်တီးယားဟာ ဒီရာသီမှာ သိပ်ကိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို ပြသထားနိုင်တာဖြစ်ပါတယ်။ သူကကွင်းတွင်းမှာဖြစ်စေ အရံခုံမှာဖြစ်စေ ၊ အိမ်မှာဖြစ်စေ သူ့အလုပ်သူ သေချာလုပ်တာပါ .. အမြဲတန်းတာဝန်ကျေတဲ့လူငယ်တစ်ယောက်ပါပဲ။ ဒါကြောင့်အသင်းက သူ့ကို ချစ်ကြတာဖြစ်ပါတယ် “ ဆိုပြီး ပြောဆိုလာတာဖြစ်ပါတယ်။
ဘောလုံးပွဲတွေကိုသာ အာရုံစိုက်ထားကြောင်း အယ်နီနီပြောကြား
ရာသီကုန်ခါနီးမှာ ခြေစွမ်းပြနေပြီး ပရိတ်သတ်တွေရဲ့ သဘောကျမှုကိုရရှိထားတဲ့ ကွင်းလယ်လူအယ်နီနီကတော့ သူ့ရဲ့ စာချုပ်သစ်နဲ့ပတ်သတ်ပြီးမေးမြန်လာမှုကို အခုလိုပဲဖြေကြားခဲ့ပါတယ်။
“ အခုအချိန်မှာ တသင်းလုံးကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးကိုပဲ အာရုံစိုက်နေကြတာဖြစ်ပါတယ်။ ဒါကသာ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။ စာချုပ်ကိစ္စကတော့ အချိန်တန်ရင် အသင်းဖက်က အသိပေးလာပါလိမ့်မယ် “ ဆိုပြီးပြန်လည်ဖြေကြားခဲ့ပါတယ်။ အယ်နီနီဟာ မူလတုန်းက အာတီတာရဲ့အစီအစဥ်မှာ မပါဝင်ခဲ့ပေမယ့် ကြိုးစားအားထုတ်မှုနဲ့ လိုအပ်ချိန်မှာ အသင့်ရှိနေမှုတို့ကြောင့် အသင်းရဲ့ အရေးပါတဲ့သူတစ်ယောက်ပြန်ဖြစ်လာတာဖြစ်ပါတယ်။
