အာတီတာ အသင်းကို မောင်းနှင်သွားမယ့် နောက်ထပ်အဆင့်တစ်ခု

အသင်းနဲ့ ပူပူ‌ နွေးနွေး စာချုပ်သက်တမ်းတိုးထားတဲ့ အာတီတာက သူ့ရဲ့နောက်ထပ်ပန်းတိုင်ဟာ အသင်းကို နောက်ထပ် အဆင့်တစ်ခု မြင့်တက်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ရည်မှန်းချက်ကို အောင်မြင်စေဖို့အတွက် အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ဖို့က  အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဂန်းနားတွေဟာ ၂၀၁၆-၁၇ ဘောလုံးရာသီ  ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးထွက်အဆင့်မှာ ရှုံးနိမ့်ခဲ့ပြီး‌တဲ့နောက် ပထမဆုံးအကြိမ်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို တဖန်ခြေချဖွင့်ရဖို့ လက်ရှိရာသီမှာ နီးစပ်လာခဲ့ပါပြီ။ 

ထုံးစံအတိုင်း  ပီးယားစ်မော်ဂန်က စောင့်မကြည့်သေးပဲ တန်းပြီးသက်တမ်းတိုးလို့ ဝေဖန်ခဲ့ပါတယ်။  သူကတော့ သူ့အထာအတိုင်းအာဆင်နယ်ကိုအားပေးသူဖြစ်ပါတယ်။ အသင်းကို Elite ဆန်ဆန်မြင်ချင်သူ ၊ ထိပ်တန်းတွေပဲရှိစေချင်သူ  … သူ့ရဲ့ Perspective ကတစ်မျိုးဖြစ်ပါတယ်။  တစ်လောတုန်းကလဲ​ ခရစ္စတီယာနိုရိုနာဒို ကိုအသင်းမှာရှိစေချင်ကြောင်းပြောလာလို့ ဟာသ ဖြစ်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်က ကမ္ဘာ့ဒိတ်ဒိတ်ကျဲတွေနဲ့ ထိတွေ့ဆက်ဆံနေရတာဖြစ်လို့လားမပြောတတ် ၊  အာဆင်နယ်ရဲ့  လက်ရှိသွားနေတဲ့ ပုံစံကိုသူလက်မခံနိုင်တာတော့ အသေအချာဖြစ်ပါတယ်။

သက်တော်ရှည်မန်‌နေဂျာကြီး အာဆင်၀င်းဂါးရဲ့ လက်အောက်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပြီးနောက် အသင်းဟာ အောင်မြင်မှုတွေ တဖန်ပြန်လည်ရယူဖို့ ခက်ခဲနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ အီဒူးနဲ့  အာတီတာ တို့ရဲ့ အံ့ဩစရာကောင်းတဲ့ ကြိုးစားမှုတွေကြောင့် နောက်ဆုံးမှာ အသင်းဟာ အောင်မြင်မှု လမ်းကြောင်းပေါ်ပြန်လည်တက်လှမ်းနိုင်ဖို့  မျှော်လင့်ချက်ရှိလာခဲ့ပါပြီ။ 

 အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုပြီးတဲ့နောက်မှာတော့ စပိန်သားဟာ   အသင်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သူ့ရဲ့ရည်မှန်းချက် တွေကို  Arsenal Media ဆီ ဖွင့်ဟလာခဲ့ပါတယ်။ 

 “ကျွန်‌တော့်ရဲ့ နောက်ထပ်ရည်မှန်းချက်က အသင်းကို နောက်တစ်ဆင့်ပို့ဆောင်ဖို့နဲ့  ထိပ်တန်းအသင်းတွေနဲ့  ယှဉ်ပြိုင်နိုင်ဖို့ ဖြစ်ပါတယ်လို့ အာတီတာက ပြောကြားလာခဲ့ပါတယ်။ 

 “ဒီအတွက် ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ ကစားဖို့ လိုအပ်ပါတယ်။  ကျွန်တော်တို့ အသင်းကို တိုးတက်အောင်လုပ်ဆောင်ရမယ်။ ကျွန်တော်တို့ရဲ့  ကစားသမားတွေကို ပိုတိုးတက်အောင်လုပ်ရမယ်။အသင်းရဲ့ ဌာနတွေအားလုံးကိုလည်း ပို တိုးတက်ကောင်းမွန်အောင်လုပ်ရပါမယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေနှင့် ပိုပြီးချိတ်ဆက်နိုင်ဖို့၊ Emirates ရဲ့ အငွေ့အသက်ကို ပိုပြီး‌ ကောင်းမွန်လာစေဖို့၊ ထိပ်တန်းကစားသမားတွေ၊ ထိပ်တန်းအရည်အသွေးရှိတဲ့ သူတွေကို အသင်းဆီ ခေါ်ယူနိုင်ဖို့ပါ။ နောက်ထပ် ကျွန်တော်သွားချင်တဲ့ project က အဲဒီအဆင့်အထိဖြစ်ပါတယ်” 

အာဆင်နယ်ဟာ အာတီတာကို စာချုပ်အသစ်အတွက် ကမ်းလှမ်းခဲ့ချိန်ဟာ ချဲလ်ဆီး၊ မန်ယူ၊ ၀က်စ်ဟမ်းတို့ကို သုံးပွဲဆက်အနိုင်မယူနိုင်ခင် သုံးပွဲဆက် အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပြီးချိန်မှာ ဖြစ်ပါတယ်။ ဒါဟာ အာတီတာအတွက်ကော၊ ပရိသတ်တွေအတွက်ပါ အံ့ဩစရာတစ်ခုဖြစ်ခဲ့ပြီး ပရိသတ်အချို့သာ အာတီတာရဲ့ အရည်အသွေးအပေါ် သံသယရှိနေဆဲ ဖြစ်ပေမယ့် အသင်းကတော့ စပိန်သားကြီးအပေါ် အပြည့်အ၀ ယုံကြည်နေတယ်ဆိုတာ သက်သေပြခဲ့ပါပြီ။ 

စာချုပ်သစ်ချုပ်ဆိုပြီးတဲ့ နောက် အာတီတာ ပြောခဲ့တဲ့ စကားတွေဟာ ဟိုအရင်က သူပြောပြခဲ့ဖူးတဲ့ ရည်မှန်းချက်တွေနဲ့ အတူတူပဲလို့ ဆိုနိုင်ပါတယ်။ အသစ်အဆန်းပါလာခဲ့တဲ့ စကားလုံးတဟ်ခုက ထိပ်တန်းအရည်အသွေးရှိတဲ့ သူတွေကို ခေါ်ယူနိုင်ဖို့ ဆိုတာပဲ ဖြစ်ပါတယ်။ဒီလိုမျိုး ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့ဆိုရင် အသင်းအနေနဲ့ ရာသီကုန်မှာ ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ပြောစကားတွေ ၊ ရေးသားချက်တွေဟာမှတ်တမ်းဖြစ်ပါတယ်။ စာဖတ်သူများထဲမှာ  အာတီတာကို နှစ်သက်သူ  ၊ မနှစ်သက်သူတွေရှိကြပါတယ်။  ကျွန်တော့်အနေနဲ့ကတော့ အာတီတာရဲ့ အရည်အချင်းနဲ့ပတ်သတ်လို့  မှတ်ချက်ပေးဦးမှာ  မဟုတ်ပါဘူး။  နည်းပြတစ်ယောက်အဖြစ် အကဲဖြတ်ဖို့အတွက် စောသေးတာဖြစ်နိုင်သလို  ၊ မိမိရဲ့  တွေးတောနိုင်စွမ်းက မှတ်ချက်ပေးနိုင်တဲ့အဆင့်ထ်မရောက်တောလဲဖြစ်နိုင်ပါတယ်။

ဒါပေမယ့်  ညံ့ဖျင်းတဲ့  ၊ ဘာအစီအစဥ်မှ မရှိတဲ့ နည်းပြအဖြစ်ပြောဆိုလာသမျှကိုတော့ Gunners’ Side  ရဲ့ အယ်ဒီတာအနေနဲ့ ငြင်းဆိုရမှာဖြစ်ပါတယ်။ အာတီတာဟာ ကိုယ်ပိုင် Philosophy နဲ့ သွားနေတဲ့ လူငယ်နည်းပြဖြစ်ပါတယ်။  အာဆင်နယ်ရဲ့  Policy နဲ့ သူ့ရဲ့ အတွေးအခေါ်တွေကြားထဲမှာ သမမျှတအောင်ဆောင်ရွက်ရင်း ဘောလုံးရာသီတွေကို ဖြတ်သန်း နေသူဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက  အမ်းမရီတ်ကွင်းထဲမှာ ဇနီးဖြစ်သူကို  ‘ ငါတစ်နေ့  ဒီကို နည်းပြအဖြစ်ပြန်လာမယ် ‘  ဆိုတဲ့ စကားပြောခဲ့သူတစ်ယောက်ဟာ  အခုတော့  သမိုင်းဝင်ဖြစ်ဖို့ ခြေလှမ်းလှမ်းနေပြီလို့ ဆိုရပါမယ်။

Advertisement

Leave a Reply

%d bloggers like this: