ဒီလိုအသုံးအနှုံးမျိုးသုံးတာ သိပ်များစောသွားမလားတော့ စိုးရိမ်မိပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းရဲ့ သရေပွဲအပြီးမှာတော့ အရာအားလုံးဟာ အရာအားလုံးဖြစ်နိုင်ခဲ့ပါပြီ။ လက်ရှိအာဆင်နယ်အသင်းဟာ ချဲလ်ဆီးအောက် တစ်ပွဲကျန် ၄ မှတ်လျော့ဖြစ်ပါတယ်။ တကယ်လို့သာ လိဒ်အသင်းကိုအနိုင်ရခဲ့ရင် ရထားတဲ့ အဆင့် ၄ နေရာကိုထိမ်းသိမ်းနိုင်မှာဖြစ်တဲ့အပြင် အဆင့် ၃ နေရာထိပါ မျှော်မှန်းလို့ရနေတာဖြစ်ပါတယ်။ ဒါက အသာရစေတဲ့ တွက်ချက်မှု။
စပါးအသင်းနဲ့ထိပ်တိုက်တွေ့မယ့် မြောက်လန်ဒန် ပွဲစဥ်အပြီးမှာ အာဆင်နယ်ရော စပါးရောဟာ တန်းဆင်းဇုန်အသင်းတွေနဲ့ ကိုယ်စီရင်ဆိုင်ရဖို့ရှိပါတယ်။ တကယ်လို့သာ လိဒ်နဲ့ပွဲစဥ်မှာ အပြတ်မဖြတ်နိုင်ခဲ့ရင် အာဆင်နယ်ကိုယ်တိုင် အဆိုပါရုန်းကန်မှုတွေကြားထဲမှာ ပါဝင်သွားရဖို့ရှိပါတယ်။ ၄ ပွဲသာကျန်တော့ချိန် ၊ အမှတ်ကွာဟမှုတွေကလည်း မရှိဘူးဆိုရလောက်အောင်ကျဥ်းမြောင်းနေချိန် ၊ အနီးဆုံးပြိုင်ဖက်က အမှတ်လျော့ဖို့သေချာသလောက်ရှိနေချိန်မှာ အာဆင်နယ်တို့ လိဒ် ဆီကနေ ၃ မှတ်ရကိုရမှဖြစ်ပါလိမ့်မယ်။ လိဒ်နဲ့ပွဲဟာ ဒီရာသီရဲ့ အသက်ရှုမှားလောက်တဲ့အခိုက်အတန့်များရဲ့အစပဲဖြစ်ပါတယ်။
စာရေးသူအနေနဲ့ကတော့ အာတီတာရဲ့ ယခုရာသီမှာ ကြုံရတဲ့ အဖြစ်အပျက်များစွာကို ချရေးကြည့်မိပါတယ်။
Arteta In – Arteta Out ကိစ္စတွေ ၅ ကြိမ်လောက်ဖြစ်ပေါ်ခဲ့တာ ၊ ကွင်းထဲမှာ သူ့နာမည်နဲ့ သီချင်းဆိုပြီးချီးကျူးခံခဲ့ရတာ ၊ ကစားသမားတွေနဲ့ မကျေလည်မှုတွေရှိနေတယ်ဆိုပြီး ထွက်လာတဲ့ သတင်းတွေ အစုံပဲဖြစ်ပါတယ်။ ရာသီအစောပိုင်းမှာ မာတင်နယ်လီတစ်ယောက် နယူးကာဆယ်ဖက်ကို သွင်းယူတဲ့ဂိုးနဲ့အတူ ပရိတ်သတ်တွေဆီကို ပြန်မလာနိုင်ခင်တုန်းကလဲ ဒီဘရာဇီးသားလေးကို အာတီတာ က မကြိုက်တော့ဘူး ၊အသင်းပြောင်းစေတော့မယ် ဆိုပြီးသတင်းစာတွေထက်မှာ မြင်ခဲ့ရပါတယ်။ စာရေးသူကောင်းကောင်း မှတ်မိနေတာက “ I love him more than anyone of you မင်းတို့အားလုံးချစ်တာထက် သူ့ကိုပိုချစ်ပါတယ် “ ဆိုတဲ့ အာတီတာရဲ့ အင်တာဗျူး ဖြေဆိုမှုပါပဲ။
မာတင်နယ်လီကို နေရာပေးဖို့ စဥ်းစားနေတဲ့နည်းပြတစ်ယောက်ကို မာတင်နယ်လီကို ရောင်းထုတ်မယ့်သူအဖြစ် ခေါင်းစဥ်တပ်ခံရတာကလဲ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ကိစ္စဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် အခြေအနေအမျိုးမျိုးနဲ့ အနိမ့်အမြင့်များတဲ့ရာသီဟာ အခုတော့ အဆုံးသတ်တော့မှာဖြစ်ပါတယ်။ အာတီတာ ၊ အာဆင်နယ်အသင်း ၊ ချစ်သူမုန်းသူအားလုံးရဲ့ ခံစားချက်ဆုံချက် ၊ ရလဒ်ဆုံချက်ဟာ နောက်ဆုံး ၃ ပွဲမှာတည်နေခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ၄ ပွဲကိုလည်း ချဲလ်ဆီးရဲ့ မထင်မှတ်ပဲ သရေကျခြင်းနဲ့အတူ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းခဲ့ပြီပဲဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ဖြစ်စဥ်တွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ All or Nothing မှတ်တမ်းရုပ်ရှင်ကတော့ ကျွန်တော်တို့ အားလုံးသေချာပေါက်ဝယ်သိမ်းထားရမယ့် ဇာတ်ကားဖြစ်လာခဲ့ပါပြီ။ ဒါတွေအားလုံးကို ပျော်ရွင်စွာနဲ့ ဇာတ်သိမ်းနိုင်ဖို့ လိဒ်နဲ့ပွဲမှာ ၃ မှတ်ရဖို့ လိုအပ်သလို ၊ တဖက်မှာလဲ ရာသီသိမ်းခါနီးမှ မျှော်လင့်မထားတာတွေ မဖြစ်ရလေအောင် နိုင်မှဖြစ်တဲ့ပွဲစဥ်တစ်ပွဲလဲဖြစ်ပါတယ်။