နောက်ဆုံးရ အာဆင်နယ် သတင်းများ (5May)

ရိုမာနိုပြောပြလာတဲ့  ဒေးဗစ်အကြောင်း

ဖေဘရီဇီယို ရိုမာနိုကတော့  ဂျိုနသန်ဒေးဗစ်ဟာ လာမယ့်ဘောလုံးရာသီရဲ့အပြောင်းအရွှေ့မှာ နာမည်ကြီးမယ့်သူဖြစ်ကြောင်း၊ အာဆင်နယ်ကလည်း ဇန်နဝါရီမှာ ချဥ်းကပ်ခဲ့ကြောင်း အခုလိုပဲ ကြိုတင်ပြောကြားသွားခဲ့ပါတယ်။

“ သူ့ကို အဂ်လန် အီတလီနဲ့ စပိန်ဖက်က အသင်းတွေက လိုချင်နေကြတယ်။ တန်ကြေးကတော့ သန်း ၅၀ လောက်ရှိနေပါတယ်။ ဒေးဗစ်က သေချာပေါက် လာမယ့်ရာသီအပြောင်းအရွှေ့မှာ နာမည်ကြီးဦးမယ့် သူဖြစ်ပါတယ်.. ဆိုတော့ ဒေးဗစ်က အသင်းများစွာနဲ့ဆွေးနွေးဖို့အခွင့်အရေးရှိနေတယ် ..  ဇန်နဝါရီတုန်းကလဲ အာဆင်နယ်ဆီကနေ ကမ်းလှမ်းမှုရခဲ့ပါသေးတယ် ၊ ဒါပေမယ့် လိုင်လီကလည်းသူ့ကိုမရောင်းချင်ခဲ့ဘူးဆိုတော့ ဘာမှဆက်မဖြစ်လိုက်ဘူး   “  ဆိုပြီးပြောလာတာဖြစ်ပါတယ်။

လာလီဂါချန်ပီယံအသင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့ ဆီဘယ်လော့


အာဆင်နယ်အသင်းဟာ ရာသီအစမှာရော ရာသီအလယ်မှာပါ ကွင်းလယ်ပိုင်း အားနည်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရီးရဲယ်မက်ဒရစ်ကွင်းလယ်က ဆီဘယ်လော့ ကလည်း ပွဲထွက်ပိုမိုပြီးကစားခွင့်ရရှိဖို့ အာဆင်နယ်ထံ တဖန် ပြောင်းလာချင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အာတီတာကတော့ ဆီဘယ်လော့ကို ပြန်လည်ခေါ်ယူဖို့ ငြင်းပယ်ခဲ့တာကြောင့် သူဟာ ရီးရဲမက်ဒရစ်မှာပဲ ဆက်ကစားခဲ့ရပါတယ်။ ဆီဘယ်လော့ဟာ အန်ဆယ်လော့တီလက်အောက်မှာ ၁၂ပွဲသာ ကစားခွင့် ရခဲ့ပြီး ၁၈၅မိနစ် ကြာ ကွင်းထဲမှာ ရှိခွင့်ရခဲ့ပါတယ်။

ရီးရဲယ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် ပွဲကျပ်တွေကြောင့်လည်း ဆီဘယ်လော့အတွက် လာလီဂါပွဲကစားခွင့်တွေရရှိနေပြီး သူကိုယ်တိုင် ခြေစွမ်းပြကစားနိုင်နေသလို ရီးရဲမက်ဒရစ်ကလည်း ရာသီမကုန်ခင် လာလီဂါချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့လို့ ဆီဘယ်လော့ အတွက်တော့ မဆိုးလှတဲ့ရာသီတစ်ခုဖြစ်ခဲ့တယ်လို့ပြောရပါမယ်။

အန်ကတ်တီးယားကို  ဟာလန်းနေရာအစားထိုးဖို့ ဒေါ့မွန်စိတ်ဝင်စား

Daily mail ရဲ့အဆိုအရ လာမယ့်နွေရာသီအပြောင်းအရွေ့မှာ ဒေါ့မွန်အသင်းဟာ အန်ကက်တီးယားကို ခေါ်ယူဖို့ စိတ်၀င်စားနေတယ်လို့ သိရပါတယ်။ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးဟာလန်းကို ဆုံးရှုံးရဖို့ ရှိနေတာကြောင့် ဒေါ့မွန်ဟာ တိုက်စစ်မှူးသစ်ရှာပုံတော် ဖြစ်ရတော့မှာ ဖြစ်ပါတယ်။ ပရီးမီးယားလ်ဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်ကလည်း အန်ကက်တီးယားကို စိတ်၀င်စားနေပြီး အာဆင်နယ်ကတော့ လက်ရှိအချိန်ထိ သူတို့ရဲ့ ၂၂နှစ်အရွယ် တိုက်စစ်မှူးလေးကို အသင်းမှာ ဆက်နေအောင် စည်းရုံးနိုင်မယ်လို့ မျှော်လင့်နေဆဲပဲ ဖြစ်ပါတယ်။ 

တစ်ရာသီလုံးအကောင်းဆုံးကစားသမားအဖြစ် ဆာလီဘာ ဆန်ကာတင်စာရင်းဝင်လာခဲ့

ပြင်သစ်ကစားသမားအဖွဲ့ချုပ်ဟာ  ယခုနှစ်ဘောလုံးရာသီအတွက် အကောင်းဆုံးကစားသမားဆန်ကာတင်စာရင်းမှာ ဆာလီဘာကိုထည့်သွင်းထားကြောင်း ကြေငြာထားခဲ့ပါတယ်။ ဆာလီဘာဟာ ဒီရာသီမှာ  မာဆေးအတွက်ပွဲပေါင်း ၄၉ ပွဲကစားခဲ့ပြီး  အမှတ်ပေးဇယားဒုတိယနေရာနဲ့  ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ထိရောက်ရှိနေတဲ့ ခရီးစဥ်မှာ အကောင်းဆုံးကူညီပေးထားနိုင်သူလဲဖြစ်ပါတယ်။ ဆာလီဘာတစ်ယောက် အာဆင်နယ်ပြန်ရောက်မလားဆိုတာကလဲ မေးခွန်းတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပါတယ်။

တာဗာရက်စ်ကို ချီးကျူးလာတဲ့ သူ့ရဲ့နည်းပြဟောင်း

အာဆင်နယ်နောက်ခံလူ နူနိုတာဗာရက်စ်ရဲ့နည်းပြဟောင်းဖြစ်တဲ့ ယာအို တာရဲဟိုက ပေါ်တူဂီသားဟာ တချိန်မှာ ထိပ်တန်းပလေယာဖြစ်လာမယ့်သူဖြစ်ကြောင်း ချီးကျူးပြောကြားလိုက်ပါတယ်။ Football London နဲ့တွေ့ဆုံမေးမြန်ခန်းတစ်ခုမှာ  ဘင်ဖီကာလူငယ်အသင်းနည်းပြဟောင်းက  တာဗာရက်စ်ရဲ့ လက်ရှိပြသနေတဲ့ခြေစွမ်းတွေအပေါ်ကျေနပ်မိကြောင်း ၊ တချိန်မှာထိပ်တန်းကစားသမားဖြစ်လာမယ့် သူဖြစ်ကြောင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ တာဗာရက်စ်ကို သူကတော့ချီးကျူးခဲ့ပေမယ့်  ပရိတ်သတ်တွေကြားမှာတော့ ကွဲပြားတဲ့အမြင်တွေရှိနေကြတာဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: