တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၀က်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာတော့ အာဆင်နယ်ဟာ အဝေးကွင်းမှာ (၁-၂)ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲစဉ်မတိုင်မီ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးနဲ့လက်စတာတို့ရဲ့ ပွဲစဉ်မှာ စပါးက အနိုင်ရခဲ့တာကြောင့် အာဆင်နယ်ထက်တစ်ပွဲပိုကစားပြီး အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာကို တက်ရောက်သွားခဲ့ပါတယ်။ဒါကြောင့် အာဆင်နယ်အနေနဲ့ ၀က်စ်ဟမ်းကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။
အရံအင်အားနဲ့တဲ့ အာဆင်နယ်အတွက် အယ်နီနီ ၊ ဆဲဒရစ် နဲ့ ဟိုးဒင်းတို့က တလှဲ့စီခြေစွမ်းပြပေးနေကြပါတယ်။ စိတ်မကောင်းစရာကတော့ ပရိတ်သတ်တွေဟာ စိတ်နဲ့တွေ့တဲ့နေ့ဆိုရင် အရံခုံကသူရဲကောင်းတွေ ၊အသင်းအတွက်ပေးဆပ်သူတွေအဖြစ် နာမည်တပ်ကြပြီး ၊ စိတ်နဲ့မတွေ့ရင်တော့ ချက်ခြင်းရောင်းထုတ်ဖို့ဝိုင်းအော်ကြတာပါပဲ။ လွန်ခဲ့တဲ့ တစ်လတုန်းကတော့ တိုမီနေရာမှာပေးဆပ်တယ်ဆိုပြီး ထောပနာ ပြုခံရတဲ့ ဆဲဒရစ်ဟာ အခုတော့ မျက်နှာငယ်ရသူဖြစ်ပြီး ၊ အယ်နီနီကိုလည်း မန်ယူနဲ့ပွဲအပြီးနဲ့ ဝက်စ်ဟမ်းပွဲအပြီးမှာ မှတ်ချက်တွေက မတူတော့ပြန်ပါဘူး။ ဘောလုံးဟာ အားကစားထက်ပိုတယ်ဆိုပြီး ကိုယ်ကြိုက်တဲ့အရာကို အကောင်းပြောတဲ့အခါ ပျော်တတ်ကြပေမယ့် အတ္တပါတဲ့ခံစားချက်တွေနဲ့အတူ အကျည်းတန်နေတာတွေလဲအများကြီးဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ အာဆင်နယ်အနေနဲ့ ခြေစွမ်းအကောင်းကြီး မပြသနိုင်ခဲ့ပေမယ့် ဗဟိုနောက်ခံလူတွေရဲ့ ခေါင်းတိုက်သွင်းဂိုးတွေကြောင့် လိုအပ်နေတဲ့ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာကို ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပါတယ်။ဒီပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုကိုတော့ အဖွင့်ဂိုးရှင်ရော့ဘ်ဟိုးလ်ဒင်းက ရခဲ့ပါတယ်။
လက်ရှိရာသီမှာ ဘန်ဝှိုက်၊ ဂါဘရီယယ်တို့ရဲ့ ဗဟိုခံစစ်အတွဲက ခြေစွမ်းပြနေခဲ့တာကြောင့် ဟိုးလ်ဒင်းအတွက် ပွဲထွက်ကစားခွင့်တွေ အများကြီးမရခဲ့ပါဘူး။ ဒါပေမယ့်လည်း ဟိုးလ်ဒင်းဟာ အရန်ခုံပေါ်မှာ စိတ်ပျက်မနေခဲ့ဘဲ အသင်းအတွက် လိုအပ်နေတဲ့အချိန်တိုင်းမှာ မြက်ခင်းစိမ်းထဲပြေး၀င်ပြီး အသင်းအတွက် အမြဲပေးဆပ်ဖို့ အသင့်ရှိနေခဲ့သူဖြစ်ပါတယ်။ နောက်တန်းမှာ ပြိုင်ဘက်တိုက်စစ်မှူးတွေအတွက် ကျောက်ဆောင်ကြီးတစ်ခုလို အမြဲကျော်ဖြတ်ရခက်စေခဲ့တဲ့ ဟိုးလ်ဒင်းဟာ ၀က်စ်ဟမ်းအသင်းဘက်ကို အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ဒီရာသီ သူ့ရဲ့ ပထမဆုံးသွင်းဂိုးကိုလည်း ရယူပေးခဲ့ပါတယ်။
ခံစစ်မှာလည်း တစ်ချိန်လုံးခြေစွမ်းပြခဲ့တဲ့ ဟိုးလ်ဒင်းကို ပရိသတ်တွေကလည်း ချီးကျူးစကားဆိုနေကြပြီး ပွဲအပြီးမှာတော့ အာတီတာက သူ့ရဲ့ကစားသမားကို ခုလိုမျိုး ချီးကျူးလာခဲ့ပါတယ်။
“ ကျွန်တော်ပြောလေ့ရှိတဲ့ စကားက ကောင်းတဲ့သူတွေဆီ ကောင်းတဲ့အရာတွေ ဖြစ်လေ့ရှိတယ်ဆိုတာပါပဲ။ ဒီအတွက် ရော့ဘ်ဟိုးလ်ဒင်းက တကယ်ကောင်းတဲ့ အခြားဥပမာတစ်ခုပါပဲ။ ဒါပေမယ့် သူပွဲထွက်ကစားခွင့်ရတဲ့အချိန်ထက် ကစားခွင့်မရတဲ့အချိန်တွေမှာ လေ့ကျင့်ခန်းအစီအစဉ်အတွက် သူကြိုးစားပုံတွေ၊အသင်းရဲ့ကစားသမားတွေအများကြီးကြားမှာ သူရဲ့ပုံစံနဲ့ရှိနေမှုတွေအတွက် ချီးကျူးရမှာပါ။ ဒီနေ့ခေတ်မှာ သူဟာ တကယ်ကို အံ့ဩဖို့ကောင်းတဲ့ ကစားသမားပါ။သူ့ကို လိုအပ်တဲ့အချိန်တိုင်းမှာ တစ်ခုခုလုပ်ပြဖို့ အမြဲကို အသင့်ရှိနေခဲ့တာပါ။”
ပွဲချိန်အတွင်းမှာ အာဆင်နယ်ပရိသတ် တွေက ဟိုးလ်ဒင်းဟာ ကန်နားဗားရိုးထက် ပိုကောင်းတဲ့ ကစားသမားဖြစ်တယ်ဆိုပြီး သီချင်းတွေ ဆိုခဲ့ကြပါတယ်။ ပရိသတ်တွေဆိုခဲ့တဲ့ သီချင်းနဲ့ ပတ်သက်ပြီးလည်း အာတီတာက ခုလိုမျိုး ဆိုလာခဲ့ပါတယ်။
“ကျွန်တော်ကတော့ မကြားမိခဲ့ပါဘူး။ ကစားသမားတွေကြား နှိုင်းယှဉ်တာတွေ မလုပ်ပဲ နေကြတာပေါ့ဗျာ။ဟိုးလ်ဒင်းက ဟိုးလ်ဒင်းလိုပဲ တကယ်ကောင်းပါတယ်။ဒီနေ့ အသင်းအတွက် သူလုပ်ပြခဲ့တာနဲ့ ပတ်သက်ပြီး သူကိုယ့်သူ ဂုဏ်ယူသင့်ပါတယ်။”
ဟိုးလ်ဒင်းက အရံခုံမှာထိုင်ရစဥ်တုန်းကလဲ အသင်းဖော်တွေအတွက်အသင့်ရှိခဲ့ဖူးသူဖြစ်ပါတယ်။ လိဒ်နဲ့ပွဲစဥ်တစ်ခုမှာ ကစားဖော်ကို လူမျိုးရေးခွဲခြားတုန်းမှာ သူကပဲ တာဝန်ရှိသူဆီကိုတိုင်ကြားခဲ့တာပါ။ အသုံးတည့်ချိန်မှာ ချီးကျူးခံထားရတာဖြစ်လို့ စိတ်နဲ့မတွေ့ချိန်မှာလဲ ဆိုးဆိုးရွားရွားအဆဲမခံရဖို့ မျှော်လင့်မိပါတယ်။
