ချူမန်နီ ကို ဦးတည်လာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ မိုနာကိုကွင်းလယ်ကစားသမား အော်ရယ်လီယန် ချူမန်နီကို ခေါ်ယူဖို့ မန်ချက်စတာယူနိူက်တက်နဲ့အပြိုင် စိတ်ဝင်စားလာကြောင်း သိရပါတယ်။ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးက အာဆင်နယ်ကွင်းလယ်ကို ပိုမိုတောင့်တင်းစေဖို့ အဆိုပါပြင်သစ်သားကွင်းလယ်လူကို ခေါ်ယူချင်နေတာဖြစ်ပြီး လက်စတာက တိုင်လီမန်းစ်၊ နာပိုလီက ဖေဘီယန်ရုဇ်တို့ရဲ့နောက်မှာ အရန်အနေနဲ့ ခေါ်ယူဖို့ လျာထားပါတယ်။

တကယ်တော့ ချူမန်နီရဲ့နာမည်ဟာ  မန်ယူ နဲ့ ချဲလ်ဆီးတို့ကစတင်ခဲ့တာပါ။  အထူးသဖြင့် ချဲလ်ဆီးပေါ့။  ပေါ့ဘာက ချူမန်နီနဲ့အတူတူတွဲကစားချင်တယ်ဆိုတဲ့မှတ်ချက်ကြောင့် ယူနိုက်တက်နဲ့ သတင်းစထွက်ပေမယ့်  တကယ့်ကိုလေးလေးနက်နက်ကြိုးပမ်းခဲ့တာကချဲလ်ဆီးပါ။ ယူကရိန်းကိစ္စတွေဖြစ်မလာခင်ရက်ပိုင်းလောက်မှာတုန်းက  ချူမန်နီကို ခေါ်ယူဖို့ သီးသန့်ကင်းထောက်တွေကို လွတ်ပြီးစောင့်ကြည့်တယ်ဆိုတဲ့သတင်းကအစထွက်လာခဲ့တာပါ။

အသက် ၂၂နှစ်အရွယ် ချူမန်နီကို ခေါ်ယူဖို့ အသင်းတော်တော်များများက အရင်နှစ်ကတည်းက ကမ်းလှမ်းခဲ့ကြသေးပေမယ့် ကစားသမားကိုယ်တိုင်က ပရီးမီးယားလိဂ်မှာ ကစားနိုင်ဖို့ တစ်နှစ် ဆက်နေပြီး အခွင့်အရေးကို စောင့်မျှော်နေခဲ့တာပါ။ အခုလည်း ရီးရဲမက်ဒရစ်၊ ဂျူဗင်တပ်စ် တို့က စိတ်ဝင်စားနေပေမယ့် ကစားသမားကတော့ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ရှိရာ ပရီးမီးယားလိဂ်ကိုပဲ ပြောင်းရွှေ့ဖို့ အားသန်နေပါတယ်။

“ မွန်တီကာလို မှာအရာရာက စျေးကြီးပါတယ် .. Grand Casino ပွဲတွေလိုပေါ့ဗျာ … ကျွန်တော်တို့ရဲ့ ကစားသမားချူမန်နီရဲ့ တန်ဖိုးကလဲ ဒီလိုပါပဲ “ ဆိုပြီး အသင်းဉက္ကဌဖြစ်သူက ဆိုပါတယ်။ ဆိုလိုတာကတော့  ချူမန်နီကိုခေါ်ချင်ရင် ငွေထုပ်ပိုက်ထားဆိုတဲ့သဘောပါပဲ။

အာဆင်နယ်တို့ဟာ  တကယ်ပဲ ကြယ်ပွင့်ကစားသမားတွေဆီကို  ဦးတည်နေပြီလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပြီး   လပိုင်းအတွင်းမှာလည်း အဖြေပေါ်တော့မှာဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: