အာတီတာနဲ့ ပွဲပြီး အင်တာဗျူး

လန်ဒန်ဒါဘီပွဲစဉ်မှာတော့ အာဆင်နယ်ဟာ ဗဟိုနောက်ခံလူတွေရဲ့သွင်းဂိုးတွေနဲ့အတူ ၀က်စ်ဟမ်းကို အဝေးကွင်းမှာ (၁-၂) ဆိုတဲ့ ရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်။ ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ အာတီတာ ဖြေကြားထားတာတွေကို အာဆင်နယ်ရဲ့ တရား၀င်၀က်ဘ်ဆိုက်ကနေ ရှာဖွေပြီး ဆီလျော်အောင် ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။ 

အနိုင်ရလဒ်အပေါ် 

“အရမ်းကိုခက်ခဲတဲ့ အခြေအနေတွေရဲ့အောက်မှာရခဲ့ ကြီးမားတဲ့ နိုင်ပွဲတစ်ပွဲပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို အခက်တွေ့အောင်လုပ်ခဲ့ကြပါတယ်။ ဘောလုံးပိုင်ဆိုင်မှုယူထားတဲ့အချိန်မှာ၊ ဘောလုံးပေးပို့တဲ့နေရာမှာ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့ပါတယ်။ တိုက်စစ်ဆင်တဲ့အခါမှာလည်းနေရာလွတ်တွေ မဖန်တီးနိုင်တာ၊ တစ်ယောက်နဲ့တစ်ယောက် timingမကိုက်တာတွေ တွေ့ရတယ်။ ဒါပေမယ့် အသင်းဟာ အရှုံးမပေးဖို့၊မှန်ကန်တဲ့အရာတွေ ပြုလုပ်နိုင်တဲ့အထိ ဆက်ကြိုးစားနေဖို့ဆိုတဲ့  ကြီးမားတဲ့  character တစ်ခုကိုပြသနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ တိုက်ပွဲ၀င်ခဲ့တဲ့ ပုံစံ၊ အချို့အချိန်အခိုက်အတန့်တွေမှာ ကစားပွဲကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သူတို့ရဲ့ နားလည်ပုံတွေကြောင့် ကျွန်တော်တို့ မရှုံးနိမ့်ခဲ့တာပါ၊ (ကံကောင်းပြီး အံ့အားသင့်စရာ အနိုင်ရခဲ့တာမဟုတ်ပဲ) ဒါဟာ ပုံမှန်ပါပဲ။” 

လွန်ခဲ့တဲ့ တစ်နှစ်ကထက်စာရင် လက်ရှိအချိန်မှာ ဂါဘရီယယ်ရဲ့သွင်းဂိုးအရေအတွက်နဲ့  သူရဲ့ အသင်းအပေါ် လွှမ်းမိုးမှုအခြေအနေ 

“သူအများကြီး တိုးတက်လာတယ်လို့ ထင်ပါတယ်၊အထူးသဖြင့် သူ့ရဲ့ နေထိုင်မှုပုံစံတွေပေါ့။ သူ့ရဲ့ အင်္ဂလိပ်စကား၊ကိုယ့်ကိုယ်ကို ဖော်ပြတဲ့ပုံစံ၊အသင်းဖော်တွေဆီက လေးစားမှုရတဲ့နေရာတွေမှာ ပိုတိုးတက်လာခဲ့ပါတယ်။ လက်ရှိရာသီတစ်ခုလုံးမှာ သူ့ရဲ့ခံစစ်စွမ်းဆောင်ရည်ကလည်း တည်ငြိမ်နေခဲ့သလို အခုဆို အသင်းအတွက် အရေးပါတဲ့သွင်းဂိုးတွေကိုလည်း သွင်းယူနေပါတယ်။ 

ဆာကာ၊တိုမီယာဆုနဲ့ ဘန်ဝှိုက်တို့ရဲ့ ကြံခိုင်မှု အခြေအနေအပေါ် 

“မန်ယူနဲ့ပွဲမှာ ဝှိုက်က ဒဏ်ရာရသွားခဲ့တာပါ။ သူ့မှာ ကြွက်သားပြဿနာတစ်ခုရှိပြီး ကျွန်တော်တို့ သူ့ကို စစ်ဆေးခဲ့ပြီးပါပြီ။ သူရဲ့ဒဏ်ရာအခြေအနေ ဘယ်လိုရှိလဲဆိုတာ သိဖို့ ရက်အနည်းငယ်လောက် စောင့်ရပါဦးမယ်။ ဆာကာကတော့ အဆင်ပြေပါတယ်၊သူအရမ်းကို မောနေခဲ့ပြီး ဒဏ်ရာအသေးစားလေးတစ်ခုရှိနေခဲ့တာပါ။ တိုမီယာဆုလည်း ဒီလိုပါပဲ၊ သူပွဲထွက်မကစားခဲ့ရတာ ကြာပြီဆိုတော့ ဆက်မကစားနိုင်တော့တာပါ။” 

ဟိုးလ်ဒင်းရဲ့ စွမ်းဆောင်ရည်အပေါ် 

“ကျွန်တော်ပြောလေ့ရှိတဲ့ စကားက ကောင်းတဲ့သူတွေဆီ ကောင်းတဲ့အရာတွေ ဖြစ်လေ့ရှိတယ်ဆိုတာပါပဲ။ ဒီအတွက် ရော့ဘ်ဟိုးလ်ဒင်းက တကယ်ကောင်းတဲ့ အခြားဥပမာတစ်ခုပါပဲ။ ဒါပေမယ့် သူပွဲထွက်ကစားခွင့်ရတဲ့အချိန်ထက် ကစားခွင့်မရတဲ့အချိန်တွေမှာ  လေ့ကျင့်ခန်းအစီအစဉ်အတွက် သူကြိုးစားပုံတွေ၊အသင်းရဲ့ကစားသမားတွေအများကြိးကြားမှာ သူရဲ့ပုံစံနဲ့ရှိနေမှုတွေအတွက် ချီးကျူးရမှာပါ။ ဒီနေ့ခေတ်မှာ သူဟာ တကယ်ကို အံ့ဩဖို့ကောင်းတဲ့ ကစားသမားပါ။ သူ့ကို လိုအပ်တဲ့အချိန်တိုင်းမှာ တစ်ခုခုလုပ်ပြဖို့ အမြဲကို အသင့်ရှိနေခဲ့တာပါ။” 

လက်ရှိရာသီမှာ အသင်းရဲ့ တိုးတက်မှုတွေအတွက် ပျော်ရွှင်မှု ရှိလားဆိုတဲ့အပေါ် 

“ကျွန်တော်ပျော်ပါတယ်၊ပြီးတော့ ကျွန်တော်တို့ ဒီလိုမျိုး ဆက်လုပ်နေဖို့လည်း လိုအပ်ပါတယ်။ဒီလိဂ်မှာ ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်ပြီး အိမ်ကွင်းမှာအနိုင်ရတာပဲ ဖြစ်ဖြစ်၊အဝေးကွင်းမှာအနိုင်ရတာပဲ ဖြစ်ဖြစ် ခက်ခဲမှုက အတူတူပါပဲ။ဒီလူတွေ(ပရီးမီးယားလိဂ်ပြိုင်ဘက်တွေ)ကို အနိုင်ယူချင်တယ်ဆိုရင် ကျွန်တော်တို့ ဒီလိုမျိုးဆက်တိုးတက်ဖို့ ‌သင်ယူနေရမှာပါ။ပြီးတော့ ဒီရာသီမှာ ကျွန်တော်တို့ တိုးတက်လာတာက ဒီလိုမျိုး ဆက်တိုးတက်နိုင်သေးတယ်ဆိုတဲ့ သက်သေပါပဲ။”

Leave a Reply

%d bloggers like this: