အာဆင်နယ်အသင်းကတော့ ယခုနှစ်ဘောလုံးရာသီအတွက် နောက်ဆုံး ၄ ပွဲသာကျန်တော့ချိန်မှာ ယူရိုပါလိဂ်ဝင်ခွင့်ကို အပိုင်သိမ်းလိုက်နိုင်ပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ်မျှော်လင့်ချက်ဆိုတာထက် အသင်းကို ဥရောပအဆင့်မှာ ပြန်မြင်ရဖို့ခိုင်မာတဲ့အရာကို ဦးစွာလုပ်လိုက်နိုင်တာကလဲ အောင်မြင်မှုတစ်ရပ်ဖြစ်ပါတယ်။
ဒီပွဲကို Review ရေးရတာက ခက်ပါတယ်။ နည်းစနစ် ၊ တစ်ဦးခြင်းစွမ်းဆောင်ရည် ၊ အသင်းလိုက်ကစားပုံ စတာတွေကို ကောက်နှုတ်ဖို့အတွက် ဝန်လေးရတဲ့ပွဲအမျိုးအစားပါပဲ။ ဒါ့အပြင် အာတီတာကိုယ်တိုင်က အရုပ်ဆိုးတဲ့နိုင်ပွဲလို့ ဆိုထားတာကြောင့် ဒီပွဲကို ဘယ်လို Perspective ကနေရှုမြင်ရမလဲဆိုတာလဲ စဥ်းစားလို့မရခဲ့ပါဘူး။
ပွဲအစမှာ အဓိကနောက်ခံလူ ဘန်ဝှိုက်မပါဝင်နိုင်တဲ့အတွက်ကြောင့် ဟိုးဒင်းဝင်ကစားသွားခဲ့ပါတယ်။ ဒီအချက်ကို ပွဲမစခင်မှာစိတ်ပူခဲ့ကြပေမယ့် ဟိုးဒင်းဟာ သူ့ပုံစံအတိုင်းအသင်းကိုအကျိုးပြုနိုင်ခဲ့ပါတယ်။ ဘန်ဝှိုက်လို Build Up Play မှာ ပါဝင်ပတ်သတ်နိုင်ခြင်းမရှိပေမယ့်လည်း သူ့ပုံစံနဲ့သူ အရိုးရှင်းဆုံးကစားသွားနိုင်ခဲ့ပြီး ဂိုးတစ်ဂိုးပါသွင်းယူပေးနိုင်ခဲ့ပါတယ်။ အသင်းလိုက်ကစားပုံပျက်ပြီး ဂိုးရဖို့ခက်တဲ့နေ့မှာ သူ့ရဲ့ သွင်းဂိုးကအလွန်တန်ဖိုးရှိလှပါတယ်။

အာဆင်နယ်ရဲ့ကစားပုံနည်းစနစ်က ပုံမှန်လုပ်နေကျအတိုင်းပါပဲ။ အယ်နီနီက အဖျက်ကိုအထိုင်ထားပြီး ရှာခါက တိုက်စစ်ကိုလိုက် ၊ Overlap တွေနဲ့တွဲပြီး တဖက်နောက်တန်းကြားထဲမှာနေရာလွတ်ရှာပြီး ဂိုးသွင်းမယ်ဆိုတဲ့ ပုံစံပါပဲ။ ဒါပေမယ့် ထင်သလိုမဖြစ်ခဲ့တာကတော့ ပွဲအစ ၁၅ မိနစ်အထိပဲဖြစ်ပါတယ်။ ဝက်စ်ဟမ်းခံစစ်ကိုထိုးဖောက်ဖို့ထက် ၊ ဂိုးမပေးရအောင်ပဲ ကြုံသလိုဖျက်ထုတ်နေခဲ့ရပါတယ်။ တော်တော်လေးကို ဟန်ချက်ပျက်နေခဲ့တာမျိုးဖြစ်ပါတယ်။ ပွဲပမ်းနေတာ ဘယ်အသင်းလဲလို့ ပြန်မေးယူရလောက်အောင် ဝက်စ်ဟမ်းက တက်ကြွပြီး အာဆင်နယ်တို့ဟာ ပုံစံပျက်နေတာပါ။
ပွဲချိန်မိနစ် ၂၀လောက်ရောက်မှသာ အာဆင်နယ်တို့ပုံစံတစ်ခုပြန်ရပြီး တိုက်စစ်ကစားနို်င်ခဲ့တာပါ။ ဒီနေရာမှာ ပြောစရာရှိတဲ့ ကစားသမားကတော့ တာဗာရက်စ်ပါပဲ။ စိတ်အားထက်သန်မှု ၊ ရဲတင်းမှုတွေမှာ ပြောစရာမလိုပေမယ့် သူ့ရဲ့ မူလလုပ်ဆောင်ရမယ့် တာဝန်မှာတော့ တော်တော်လေးပျက်ကွက်သူဖြစ်ပါတယ်။ ဟာကွက်လည်းအလွန်များပြီး ဘောလုံးဆုံးရှုံးမှုဘယ်လောက်များသလဲဆိုတာကိုလဲ အမြင်နဲ့တင်ဆုံးဖြတ်လို့ရတဲ့အခြေအနေဖြစ်ပါတယ်။
တိုက်စစ်ကစားပုံကလည်းပဲ အာဆင်နယ်အတွက် ဝေဖန်ရမှာပါပဲ။ အနိုင်ဂိုးဖြစ်လာမယ့် ဂါဘရီယယ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပေမယ့် မာတင်နယ်လီဟာ တော်တော်လေးခြေစွမ်းပျောက်နေတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။

တိုက်စစ်က ဂိုးသွင်းရခက်တယ်ဆိုပေမယ့် အခွင့်အရေးတွေမရတာမျိုးလဲမဟုတ်ပြန်ပါဘူး။ အန်ကတ်တီယာဟာ အကြိမ်ပေါင်းများစွာ ကန်ခွင့်ရခဲ့ပေမယ့် အခွင့်အရေးအကုန်လုံးက အဟောသိကံဖြစ်နေခဲ့ပါတယ်။ တဖက်အသင်းကို ဖိအားပေးတာ ၊ အားကြိုးမာန်တက်ကစားတာတွေဟာ ပြောစရာမရှိပေမယ့် အဆုံးသတ်သွင်းယူမှုမှာတော့အလွန်အားနဲခဲ့ပါတယ်။ အန်ကတ်တီယာဟာ မနေ့က ပွဲမှာ အနဲဆုံး တစ်ကြိမ်တော့ ဂိုးသွင်းယူနိုင်ခဲ့သင့်ပါတယ်။
ဂိုးသမားရမ်းစ်ဒေးလ်ဟာလည်း ပွဲပြီးခါနီးလေ လက်စွမ်းပျက်လေလို့ပြောရမလိုပါပဲ။ ဂိုးပေါက်သာတည့်ရင် ဂိုးပေးရတယ်ဆိုတဲ့အခြေအနေမှာ ရှိနေတဲ့အပြင် ဆိုးရွားတဲ့ဆုံးဖြတ်ချက်နဲ့ ဖျက်ထုတ်မှုကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ဝက်စ်ဟမ်းရဲ့ ဘိုဝင်သာ အခွင့်အရေးယူလိုက်မယ်ဆိုရင် ပွဲရဲ့ချိန်ခွင်လျာကိုပြောင်းသွားစေနိုင်တဲ့အဖြစ်အပျက်လည်းဖြစ်ပါတယ်။ အာဆင်နယ်တို့ ကံကောင်းခဲ့တယ်ဆိုရပါမယ်။
Open Play ကနေသွင်းယူဖို့ပုံပျက်နေခဲ့ပေမယ့် Set Play ကနေ ၂ ဂိုးသွင်းယူနိုင်ခဲ့တာကတော့ အာဆင်နယ်တို့အတွက်ကံကောင်းခဲ့တယ်လို့ဆိုရပါမယ်။ ဒါပေမယ့် တစ်ပွဲလုံးမှာ ကစားပုံကောင်းတဲ့အခိုက်အတန့်က ရှားတယ်လို့ပြောရမယ့်ပွဲမျိုးပါပဲ။ ဒါကြောင့် နည်းပြကိုယ်တိုင်က နိုင်ပွဲကို အားမရခဲ့တာမျိုးဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် အခုပွဲမှာမြင်ရတဲ့ အလွန်ကောင်းတဲ့အချက်ကတော့ ပုံစံပျက်နေတဲ့ကြားကပဲ နိုင်ပွဲတစ်ပွဲကိုရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းသားတွေဟာ ပြိုင်ဖက်ကို လွှမ်းမိုးထားနိုင်တဲ့ ဟန်တစ်ခုရှိထားခဲ့ပြီး လိုချင်တဲ့ရလဒ်ကိုလည်း ကြုံသလိုအနေအထားကနေ ပုံဖော်သွားနိုင်တာကိုတွေ့ရပါတယ်။ ဒါတွေဟာ အဆင့်မှီကစားသမားတွေအများကြီးပါဝင်နေတဲ့အသင်းကြီးတွေမှာသာမြင်ရတတ်တာမျိုးဖြစ်လို့ အာဆင်နယ်တို့နောက်ထပ်တဆင့်တက်လာပြီလားလို့ တွေးမိစေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ် ၄ ပွဲမှာ ရလဒ်ကောင်းတွေဖန်တီးဖို့သာကျန်တော့ပြီး ၊ လုပ်ဆောင်နို်င်ခဲ့မယ်ဆိုရင်တော့ မျှော်လင့်ထားတာထက်ပိုကောင်းတဲ့ အခြေအနေတရပ်နဲ့ ရာသီသိမ်းသွားဖို့ရှိနေတယ်လို့ ပဲ ဆိုရတော့မှာဖြစ်ပါတယ်။
ဆက်စပ်ဆောင်းပါး – ခြေစွမ်းပြနေသောအရံလူများအကြောင်းကို ယခု Link မှတဆင့်ပြန်လည်ဖတ်ရှုနိုင်ပါသည်။