နာမည်ကျော်လူငယ်ကစားသမားများနဲ့ဆက်တိုက် သတင်းတွေထွက်နေတဲ့ အာဆင်နယ်အသင်းဟာ ဒီရက်ပိုင်းမှာတော့ အိုင်ဗန်တိုနေး ၊ မီထရိုဗစ် အစအရှိတဲ့ကစားသမားတွေနဲ့ အတူတွဲပြီးမြင်ရပြန်ပါတယ်။ တချိန်ထဲမှာပဲ ပီအက်စ်ဗီရဲ့ ကိုဒီဂါပိုကိုလည်း အရှိန်မြှင့်ပြီး ကမ်းလှမ်းနေတယ်လို့ဆိုပြန်ပါတယ်။ ဒီအခြေအနေဟာ ထူးခြားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
တကယ်တော့ A Class B Class Second Rated စသည်ဖြင့် ကစားသမားတွေကို အတန်းအစားတွေခွဲနေရပေမယ့် ထိုအဆင့်တွေက စွမ်းဆောင်ရည်ကို တိုက်ရိုက်လည်းအချိုးကျနေတာမဟုတ်ပြန်ပါဘူး။ မီဒီယာတွေရယ် ၊ အခြားသော အချက်အလက်များအရ စျေးကွက်ဝင်မှုရယ်ကြောင့်သာ အခုလိုမျိုးခေါင်းစဥ်တပ်ရတာဖြစ်ပါတယ်။ တကယ်လို့သာ အာဆင်နယ်အသင်းအနေနဲ့ ကြယ်ပွင့်တွေကို ခေါ်ယူခြင်းထက် ဒုတိယတန်းစားကစားသမားတွေကိုသာခေါ်ယူဖြစ်ခဲ့မယ်ဆိုရင်ဖြစ်လာနိုင်ဖွယ်အချက်တွေကို တွက်ဆကြည့်ရအောင်ပါ။
လစာနှုန်းထားကွာဟမှုနဲပါးစေခြင်း
ဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။ လက်ရှီအာဆင်နယ်အသင်းမှာခြေစွမ်းပြကစားနေတဲ့ ကစားသမားလေးတွေဟာ နဲပါးတဲ့နှုန်းထားနဲ့ကစားနေကြတာပါ။ အသင်းကိုချစ်တဲ့စိတ် ၊ ဘောလုံးကစားတာကိုပဲ စိတ်ဝင်းစားတဲ့ ခံစားချက်နဲ့ ကစားနေကြတာဖြစ်ပေမယ့် သူတို့လိုလစာနဲပါးသူတွေကြားထဲကို ကိန်းဂဏန်းအကြီးကြီးနဲ့သူတွေဝင်လာရင်တော့ အသင်းမှာအဖုအထစ်တွေသေချာပေါက်ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အနေနဲ့ အလယ်အလတ်တန်းစားကစားသမားတွေကိုခေါ်ယူခြင်းဟာ အသင်းတွင်းမှာ အငြင်းပွားစရာကိစ္စတွေကို ရှောင်လွဲနိုင်မှာဖြစ်ပါတယ်။
နေရာမရမှုအပေါ် ဖိအားပေးခြင်းမှ ကင်းဝေးစေခြင်း
တကယ်တော့ဘယ်လိုကစားသမားမျိုးမဆို နည်းပြက မရွေးချယ်ရင် အရံခုံတန်းသွားရတာက လုပ်ငန်းသဘောပဲဖြစ်ပါတယ်။ အာတီတာလိုမျိုး နည်းစနစ်အသားပေးတဲ့သူအနေနဲ့ ဘယ်ကစားသမားကိုမဆို အရံခုံပို့မယ့်သူဆိုတာ ယခင်လုပ်ရပ်တွေအရလဲမြင်သာပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ကြယ်ပွင့်ကစားသမားတွေဆိုရင်တော့ စောဒကတက်မှုတွေရှိလာမှာဖြစ်ပါတယ်။ အသင်းအနေနဲ့ကလည်း တိုးတက်လာမယ့်လူငယ်တွေအများအပြားရှိနေတာဖြစ်လို့ ဘယ်သူမဆိုအရံခုံရောက်သွားနိုင်တဲ့အခြေအနေကလည်းရှိနေပါသေးတယ်။ ဒါကြောင့် ဒုတိယတန်းစားကစားသမားတွေကိုခေါ်မယ်ဆိုရင် လက်ရှိလူငယ်တွေနဲ့ အဆင်ပြေဖို့များပြီး ၊ အရံခုံတန်းအတွက်လည်း လွယ်လွယ်ကူကူလက်ခံနိုင်မယ်လို့ ယူဆရပါတယ်။

လက်ရှိဖော်ဆောင်ထားတဲ့အသင်းစိတ်ဓါတ်ကို ဆက်လက်တည်ဆောက်နိုင်စေခြင်း
အာဆင်နယ်မှာကစားရတာကို ဂုဏ်တစ်ခုအနေနဲ့ လက်ခံနိုင်မယ်ဆိုရင်ပိုကောင်းတဲ့ ပေးဆပ်မှုတွေကိုရရှိနိုင်ပါတယ်။ အငြင်းပွားဖွယ်ရှိနိုင်ပေမယ့် စာရေးသူဟာ စီဘယ်လော့ရောက်လာစဥ်တုန်းက သူ့ရဲ့စိတ်ထားပုံအပေါ်မှာ အလွတ်သဘောဆွေးနွေးခဲ့ဖူးပါတယ်။ စီဘယ်လော့ဟာ အာဆင်နယ်အတွက် အကောင်းဆုံးကစားပေးခဲ့တယ်ဆိုပေမယ့် ရီးရဲကို ပြန်ချင်နေစိတ်ကို ဖုံးဖိလို့မရဖြစ်ခဲ့ပါတယ်။ ဘယ်သူမဆို ဒီလိုအတွေးနဲ့ ခံယူချက်ကရှိနိုင်ပေမယ့် Low or Mid Profile Player တွေမှာဆိုရင်တော့ အာဆင်နယ်မှာ နေရာရရေးကိုပဲ ပိုဦးစားပေးမှာဖြစ်ပါတယ်။ ဒီအတွေးက နဲနဲတော့ လွဲကောင်းလွဲနိုင်ပေမယ့် ဥပမာအချို့လဲရှိပြီးသားဖြစ်ပါတယ်။ အခုလက်ရှိအသင်းဟာ တူတူကြိုးစားခြင်းနဲ့တည်ဆောက်ထားတာဖြစ်လို့ ဒုတိယတန်းစားကစးသမားများနဲ့လူငယ်များပေါင်းစပ်ခြင်းဟာ ရှိရင်းစွဲအခြေခံမှာ တန်ဖိုးတစ်ခုပေါင်းထည့်နိုင်မှာဖြစ်ပါတယ်။
အရှိန်အဝါနဲပါးခြင်း
ဒါကတော့ ဒုတိယတန်းစားကစားသမားခေါ်ယူခြင်းရဲ့ဆိုးကွက်ဖြစ်ပါတယ်။ တဖက်အသင်းကစားသမားတွေ နဲ့ ဒိုင်လူကြီးတွေ မတို့ရဲ မထိရဲဖြစ်နေတဲ့ ကစားသမားလက်ရှိအာဆင်နယ်မှာ မရှိပါဘူး။ ပြီးတော့ ဒီအချက်က အသင်းအတွက်လိုအပ်နေတဲ့နေရာဆိုရင်လဲမမှားပါဘူး။ ဒုတိယတန်းစားကစားသမားတွေကိုခေါ်ယူမယ်ဆိုရင်တော့ ဒီအချက်ကို အာဆင်နယ်အသင်းဆက်ပြီးရင်ဆိုင်ရပါလိမ့်မယ်။ ပရိတ်သတ်တွေရဲ့ အလိုမကျမှုတွေနဲ့လဲ ဆက်လက်ရင်ဆိုင်ရနိုင်ပါတယ်။
ပွဲအဖြေမပြောင်းနိုင်ခြင်း
ပထမတန်းစားကစားသမားတွေမှာ ကောင်းချက် ဆိုးချက်တွေရှိပါတယ်။ အဲ့ဒီအထဲကမှ ကောင်းချက်ကတော့ ပွဲအဖြေကို ချက်ခြင်းပြောင်းနိုင်တဲ့အချက်ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့လိုအပ်ချက်တွေထဲမှာ Game Changer တစ်ယောက်မရှိခြင်းဆိုတာလဲအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် အသင်းအနေနဲ့ ကြယ်ပွင့်ကစားသမားခေါ်ယူရင်လဲ မှားတယ်လို့တော့မဆိုနိုင်ပါဘူး။
အထက်ပါအချက်တွေဟာ ဆောင်းပါးရှင်တွေရဲ့ ပြောဆိုဆွေးနွေးမှုတွေကို ထည့်သွင်းပြီးရေးသားထားတာဖြစ်လို့ မှားတယ်မှန်တယ်ဆိုတာထက်အမြင်တွေသာဖြစ်ပါတယ်။ စာဖတ်သူများအနေနဲ့လည်း မိမိတို့ရဲ့အမြင်တွေကို ထည့်သွင်းဆွေးနွေးနိုင်ပါတယ်။ တကယ်တော့ အာဆင်နယ်အသင်းလို အရည်အသွေးရော အရေအတွက်ပါလိုအပ်နေတဲ့အသင်းအတွက် ကြယ်ပွင့်ကစားသမားရော ဒုတိယတန်းစားကစားသမားပါလိုအပ်နေတာတော့အမှန်ပဲဖြစ်ပါတယ်။