အသင်းရဲ့ ကစားကွက်၊ အာတီတာရဲ့ နည်းစနစ်အတွက် မရှိမဖြစ်ကစားသမား

ဒဏ်ရာအနာတရမရှိပဲ စင်းလုံးချော ကောင်းမွန်‌တဲ့ မှတ်တမ်းကောင်းတစ်ခုကိုပိုင်ဆိုင်ထားခဲ့တဲ့ပါတေးဟာ အာဆင်နယ်အသင်းကို ရောက်လာလာချင်းပဲ အသင်းမှာ အလျင်အမြန်အထိုင်ကျခဲ့တာကြောင့် ပရိသတ်တွေဟာ သူ့ကို ဗီအဲရာလ်ု ဂန်းနားတွေရဲ့ ကွင်းလယ်ဗိုလ်ချုပ်ဖြစ်လာဖို့ မျှော်လင့်ထားခဲ့ပါတယ်။ 

ဒါပေမယ့် ကိုဗစ်ပြဿနာနဲ့နိုင်ငံတကာပွဲစဉ်တွေကြောင့် ပြီးခဲ့တဲ့ ရာသီမှာတော့ ပါတေးဟာ သူ့ရဲ့ကစားသမားဘ၀မှာ မကြုံစဖူး ဒဏ်ရာပြဿနာတွေကို ကြုံခဲ့ရပါတယ်။ပြီးခဲ့တဲ့ ရာသီမှာ ပွဲထွက်ခွင့်၂၆ပွဲသာ ရခဲ့တဲ့ ပါတေးဟာ လက်ရှိရာသီကုန်ခါနီးမှာလည်း ဒဏ်ရာပြဿနာနဲ့ ထပ်မံကြုံတွေ့ရပြီး ရာသီကုန်အထိ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ရမှာ ဖြစ်ပါတယ်။ 

ပါတေးဟာ ဒီဇင်ဘာမှာ အာဆင်နယ်ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်ခဲ့စဉ်ကတည်းက အသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ အိုဒီဂတ်၊ ဆာကာတို့ ပုံမှန်ခြေစွမ်းမှာပဲ ပွဲစဉ်တွေမှာတောင် ပါတေးရဲ့ ခြေစွမ်းဟာ အကောင်းဆုံးအနေအထားမှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် အာတီတာက ပါတေးမပါ၀င်နိုင်တဲ့ပွဲစဉ်တွေမှာ အသင်းရဲ့ကစားကွက်နဲ့ နည်းစနစ်တွေကို ဘယ်လောက်တောင်ပြောင်းလဲခဲ့ရလဲဆိုတာနဲ့ အသင်းအတွက်ပါတေးရဲ့ အရေးပါပုံတွေကို ခုလိုမျိုးပြောပြခဲ့ပါတယ်။ 

မေးခွန်းထုတ်လို့မရတဲ့ အချက်အလက်တွေရှိပါတယ်။ပါတေး အသင်းမှာ ပါ၀င်နိုင်တဲ့အချိန်တွေမှာ အသင်းရဲ့ အနိုင်ရနှုန်းဟာ ပိုပြီး မြင့်မားနေပါတယ်။ဒါဟာ ကျွန်တော်တို့အတွက် မကောင်းပါဘူး။ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်ရာသီလုံးမှာ ပါတေးဟာ ကျွန်တော်တို့ လိုချင်သလောက် ပွဲထွက် မကစားနိုင်ခဲ့ပါဘူး။” 

သူ့မှာ ရှိတဲ့ အရည်အသွေးတွေ၊အတွေ့အကြုံတွေနဲ့ သူရဲ့နေရာမှာ အကောင်းဆုံးကစားနိုင်ဖို့ လိုအပ်ပါတယ်။ပြီးတော့ ကျွန်တော်တို့ လိုချင်တဲ့ အတိုင်း သူကစားနိုင်တာကလည်း တကယ်ကို ကောင်းပါတယ်” 

“တစ်ခါတစ်ရံမှာ ကစားပွဲတွေရဲ့ အနိုင်အရှုံးတွေကို အဆုံးအဖြတ်ပေးနိုင်ဖို့ ဘယ်ကစားသမားတွေက ဘယ်နေ‌ရာတွေမှာ ကစားရင် ပိုပြီးသင့်လျော်မလဲဆိုတာ ကျွန်တော်တို့ ထည့်သွင်းစဉ်းစားလို့ရပါတယ်” 

တစ်နည်းပြောရရင်တော့ ကျွန်တော်တို့မှာ ရှိတဲ့ကစား‌သမားတွေကို လိုအပ်လာရင် သူတို့ကစားနေကျ မဟုတ်တဲ့ အခြားနေရာတွေမှာ ကစားစေပြီး နည်းစနစ်အပြောင်းအလဲတွေလုပ်လို့ရပါတယ်” 

အာတီတာဟာ နည်းစနစ်အပြောင်းအလဲတွေကို အများကြီးလုပ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်ပါတေးာမပါ၀င်နိုင်တဲ့ ပွဲစဉ်တွေမှာ အာတီတာအတွက် အမြဲခေါင်းခဲစရာ ဖြစ်ခဲ့ပြီး အနိုင်ရဖို့အတွက် အမြဲခက်ခဲခဲ့တာပါ။ ပဲလေ့စ်၊ဆောက်သမ်တန်၊ဘရိုက်တန်တို့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေမှာ ပါတေးမပါ၀င်နိုင်ခဲ့တဲ့ကြောင့် အာဆင်နယ် ရှုံးနိမ့်ခဲ့ရတာလို့ဆိုရင် တစ်စိတ်တစ်ပိုင်း မှန်ကန်နိုင်ပါတယ်။

လိုကွန်ဂါဟာ ပါတေးရဲ့ကွက်လပ်ကို ဖြည့်တဲ့ မှန်ကန်တဲ့အဖြေတစ်ခုမဟုတ်တာကြောင့် အာတီတာဟာ ကွင်းလယ်အထိုင်မှာ အယ်လ်နီနီ၊ရှာကာတို့ကို တွဲဖက်ကစားစေပြီး အိုဒီဂတ်ကို တိုက်စစ်ဆီလွတ်လွတ်လပ်လပ်လိုက်ပါစေကာ မှန်ကန်တဲ့ နည်းစနစ်အပြောင်းအလဲကို လုပ်ပြုနိင်ခဲ့ပါတယ်။ဒါကြောင့်လည်း နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ချဲလ်ဆီး၊မန်ယူတို့ကို အနိုင်ရခဲ့တာဟာ ကစားသမားတွေရဲ့ ကြိုးစားမှုနဲ့ အာတီတာရဲ့ နည်းစနစ်မှန်ကန်ခဲ့မှုတွေကြောင့် လို့ဆိုရမှာပါ။ 

ပါတေးရဲ့ဒဏ်ရာက ရာသီကုန်ထိ အနားယူရဖို့ များနေပေမယ့် လက်ကျန်ပွဲစဉ်တွေဟာ အသင်းရဲ့ ချန်ပီယံလိဂ် အိပ်မက်အတွက် မရှိမဖြစ် အရေးပါတဲ့ ပွဲစဉ်တွေဖြစ်တာကြောင့် အာတီတာဟာ ပါတေးကို အလျင်အမြန်ကောင်းလာဖို့ ဖိအားပေးလာနိုင်ချေရှိမလားဆိုပြီး အချို့က စိုးရိမ်တကြီး ရေးသားလာကြပါတယ်။ 

ဒါပေမယ့် အာတီတာဟာ သူ့ရဲ့ ကစားသမားအကြောင်းကို ကောင်းကောင်းသိသူဖြစ်ပါတယ်။ပါတေးဟာ ဒဏ်ရာကနေ အလျင်အမြန်ပြန်ကောင်းလာဖို့ အလွန်အမင်းကြိုးစားတတ်တာကြောင့် ပြန်ပြီး ဒဏ်ရာရသွားလေ့ရှိတယ်လို့ အာတီတာက ပြောပြခဲ့ဖူးပါတယ်။တိုမီယာဆုရဲ့ ဒဏ်ရာပြဿနာကို စိတ်ရှည်ရှည်နဲ့ အချိန်ပေးခဲ့တဲ့ အာတီတာဟာ ဂါနာသားကြီးကိုလည်း အချိန်ပေးဦးမှာပါ။ကျွန်တော်ကတော့ ရာသီကုန်အထိ ပါတေးကို မြက်ခင်းစိမ်းတွေပေါ်မှာ မမြင်ရတော့ဘူးလို့ ထင်တာပါပဲ။ 

ပါတေးမပါ၀င်နိုင်တဲ့ ကွင်းလယ်အတွက် အသက်ကယ်ဆေးတွေကိုတော့ အာတီတာအနေနဲ့ ရှာထားဖို့ လိုအပ်ပါလိမ့်မယ်။လတ်တလောမှာတော့ ၀င်းဂါးထားခဲ့တဲ့ လက်ဆောင်တွေနဲ့ ကွင်းလယ်အထိုင်ပြဿနာကို ဖြေရှင်းထားနိုင်ခဲ့တာတော့ ၀မ်းသာစရာပါ။အသင်းမှာ ဘယ်သူမှ ထပ်ဒဏ်ရာမရဖို့ပဲ အရေးကြီးပါတယ်။

Leave a Reply

%d bloggers like this: