မိုရာတာအတွက် အာဆင်နယ်က ပြောင်းရွေ့ကြေးအသင့်ပြင်ထားတယ်လို့ အီတလီသတင်းစာဖော်ပြ
အာဆင်နယ်အသင်းဟာ ဂျူဗီတိုက်စစ်မှုး မိုရာတာကို ခေါ်ယူဖို့ စိတ်အားထက်သန်နေဆဲဖြစ်ပြီး ပေါင် ၂၅ သန်းအသင့်ပြင်ထားတယ်လို့ TuttoJuve က ဖော်ပြလာပါတယ်။ အဆိုပါစပိန်တိုက်စစ်မှုးကို အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့အငှားနဲ့ တူရင်ကလပ်က ကခေါ်ယူထားတာဖြစ်ပေမယ့် သတ်မှတ်ထားတဲ့ပြောင်းရွေ့ကြေးကို ပေးချေလိုခြင်းမရှိဘူးလို့သိရပါတယ်။ ထိုအခြေအနေမှာတိုက်စစ်မှုးလိုအပ်နေတဲ့ အာဆင်နယ်က စောင့်ကြည့်နေတာလို့ အီတလီသတင်းစာကဆိုပါတယ်။
အိုစီမန်က အာဆင်နယ်ကို စိတ်ဝင်စားနေကြောင်း နိုင်ဂျီးရီးယားသတင်းစာရေးသားလာ
နိုင်ဂျီးရီးယားသတင်းစာ Punch ရဲ့ရေးသားမှုအရ နာပိုလီရဲ့ အိုစီမန်ဟာ အာဆင်နယ်အသင်းကို ပြောင်းရွေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အဆိုပါကစားသမားကို အာဆင်နယ်ကတောက်လျှောက်ကြိုးစားနေခဲ့တာဖြစ်ပြီး အခုဆိုရင် မန်ချက်စတာယူနိုက်တက်ကလည်း ပါဝင်လာပြီဖြစ်ပါတယ်။ အိုစီမန်နဲ့ပတ်သတ်ပြီးအစောပိုင်းတုန်းက ရောင်းချဖို့အစီအစဥ်မရှိဘူးဆိုပေမယ့် နောက်ပိုင်းမှာတော့ ပြောင်းရွေ့ကြေးကို သန်း ၈၀ ခန့်အထိသတ်မှတ်လိုက်တယ်လို့ သတင်းများအရသိရပါတယ်။

အာဆင်နယ်ကနေ မခွာလိုတဲ့ ဆဲဒရစ်
အာဆင်နယ်နောက်ခံလူ ဆဲဒရစ်ဟာ အသင်းမှာပဲဆက်လက်ပြီးတိုက်ပွဲဝင်သွားလိုနေကြောင်း Sport Witness
ကို ကိုးကားပြီး The Hard Tackle ကဖော်ပြလာပါတယ်။ အဆိုပါကစားသမားဟာလည်း ယခုရာသီမှာ အနိမ်အမြင့်တွေများခဲ့ပြီး ၊ လတ်တလောမှာတော့ပရိတ်သတ်တွေရဲ့ အားမလိုအားမရဖြစ်မှုနဲ့ ပစ်တင်ခံနေရသူဖြစ်ပါတယ်။ တိုမီယာစုရဲ့နောက်မှာ အရံအဖြစ်ကစားရင်းအချို့ပွဲတွေမှာသာ ခြေစွမ်းကောင်းပြသထားနိုင်သူဖြစ်ပါတယ်။
အာဆင်နယ်နဲ့ပွဲမှာ အင်ပြည့်အားပြည့် အသုံးမပြုဖို့အတွက် မိုရက်စ်ကို တိုက်တွန်းလာတဲ့ဂန္တဝင်
ဝက်စ်ဟမ်းဂန္တဝင်ကြီး ဖရန့်မက်အဗင်နီကတော့ ဟမ်းမားတို့အနေနဲ့ အာဆင်နယ်နဲ့ပွဲမှာ အဓိက ကစားသမားတွေမပါဝင်ပဲ ပွဲထွက်စေချင်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲရလဒ်အရ ဒုတိယအကျော့ကို အဝေးကွင်းမှာ သွားရောက်ကစားပြီးအနိုင်ယူဖို့လိုအပ်နေတာဖြစ်လို့ မျှော်လင့်ချက်နဲပါးနေတဲ့ ယခုပွဲမှာ လူငယ်တွေနဲ့အရံကစားသမားတွေကိုသာပွဲထုတ်စေလိုနေတာဖြစ်ပါတယ်။ အဆိုပါ ဂန္တဝင်နဲ့ West Ham Zone တို့ရဲ့တွေ့ဆုံမှုမှာ ကစားသမားတစ်ယောက်ချင်းစီရဲ့အခြေအနေကိုထောက်ပြပြီး နည်းပြမိုရက်စ်ကို အသေးစိတ်တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။
အာတီတာအထုတ်ခံရဖို့ လုံးဝ မရှိတဲ့အကြောင်းရင်းကို နာမည်ကျော်သတင်းထောက်ရေးသားလာ
The Independent သတင်းဌာနရဲ့ သတင်းထောက်ဖြစ်သူ မီဂွယ်ဒီလေးနီရဲ့အဆိုအရ နည်းပြအာတီတာဟာ အဆင့် ၇ အထိ ထိုးကျသွားရင်တောင်ထုတ်ပယ်ခံရမှာ မဟုတ်ကြောင်း အခုလိုပြောကြားလာခဲ့ပါတယ်။
“ အခုရာသီက ပြန်လည်ပြင်ဆင်ခြင်းရဲ့ နောက်ဆုံးရာသီဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အခြေအနေသစ်တွေကို မြင်ရမှာ နောက်ရာသီကျမှဖြစ်ပါတယ်။ အသင်းရဲ့ လူကြီးပိုင်းဟာ အာတီတာကို အပြည့်အဝယုံကြည်ပါတယ်။ ဒီနှစ်နွေမှာ အာဆင်နယ်အသင်းရဲ့ အနှစ်သာရနဲ့ ယဥ်ကျေးမှု အပါအဝင် လူစာရင်းကို ဖြည့်တင်းပါလိမ့်မယ် “ ဆို့ပြီး သူ့ရဲ့ weekly newsletter မှာရေးသားလာတာဖြစ်ပါတယ်။