အာဆင်နယ်ရဲ့ ပစ်မှတ်အသစ်ဖြစ်လာတဲ့ ချန်ပီယံရှစ်က တိုက်စစ်မှူး

မကြာမီပရီးမီးယားလိဂ်ကို ပြန်တန်းတက်လာဖို့ ရှိနေတဲ့ ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်ရဲ့ တိုက်စစ်မှူး အဆန်ဇန်ဒါ မီထရိုဗစ်ကို ခေါ်ယူဖို့ အာဆင်နယ်ဟာ ကြိုးစားလာကြောင်း နောက်ဆုံးရ သတင်းတွေအရ သိရှိရပါတယ်။ မီထရိုဗစ်ဟာ လက်ရှိရာသီမှာ ဖူလ်ဟမ်အသင်းအတွက် ၄၁ဂိုးသွင်းယူပြီး ချန်ပီယံရှစ်သမိုင်းတလျှောက် တစ်ရာသီအသွင်း ဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်တင်ထားခဲ့ပါတယ်။ 

ဆားဘီးယားတိုက်စစ်မှူးရဲ့ သွင်းဂိုးအရေအတွက်ဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေအတွက် မျက်စိကျစရာ ဖြစ်လာခဲ့ပါတယ်။သတင်းတွေအရ အာဆင်နယ်နဲ့ နယူးကာဆယ်တို့က ချန်ပီယံရှစ်ရဲ့ ဂိုးသွင်းဘုရင်ကို ခေါ်ယူဖို့ စိတ်၀င်းစားနေတယ်လို့ သိရပါတယ်။ 

မီထရိုဗစ်ဟာ အသက်၂၇နှစ်အရွယ်ရှိပြီဖြစ်ပြီး သူ့အတွက် ကစားသမားဘ၀အကောင်းဆုံးအချိန်‌ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ အန်ဒါလက်ခ်ျ၊နယူးကာဆယ်တို့မှာ ကစားခဲ့ဖူးတဲ့ ဆားဘီးယားတိုက်စစ်မှူးကြီးဟာ အန်ဒါလက်ခ်ျကနေ နယူးကာဆယ်ကို ပြောင်းရွှေ့လာခဲ့စဉ်က အလန်ရှီးယားလက်သစ်ဖြစ်လာမယ်လို့ ပရိသတ်တွေ မျှော်လင့်ခဲ့ပေမယ့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိရာသီမှာတော့ ဖူလ်ဟမ်တိုက်စစ်မှူးဟာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။ 

ရာသီကုန်မှာ လာကာဇက်နဲ့ အန်ကက်တီးယားတို့ ထွက်ခွာဖို့ရှိနေတာကြောင့် အာတီတာတို့ဟာ တိုက်စစ်မှူးရှာပုံတော်ဖွင့်နေရပြီး နူညက်ဇ်၊ ဂျီးဆပ်စ်တို့လို ထိပ်တန်းတိုက်စစ်မှူးတွေနဲ့ သတင်းတွေထွက်နေသလို အိုင်ဘီတိုနေး၊ မီထရိုဗစ်တို့လို သိပ်မထင်ရှားတဲ့ တိုက်စစ်မှူးတွေနဲ့လည်း အသံတွေထွက်နေခဲ့ပါတယ်။ 

လူငယ်ကစားသမားတွေကိုပဲ ဦးစားပေးတဲ့ အာတီတာဟာ အသက်၂၇နှစ်အရွယ် မီထရိုဗစ်ကို အရံတိုက်စစ်မှူးအနေနဲ့ပြ ခေါ်ယူဖို့များနေပါတယ်။ ဖူလ်ဟမ်အသင်းက ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်လာရတဲ့အချိန်မှာ သူတို့ရဲ့ အဓိက တိုက်စစ်မှူးကို လက်လွှတ်နိုင်ချေတော့ နည်းပါတယ်။ မီထရိုဗစ်ဟာ ပွဲပေါင်း ၄၀၀ ကျော်ကစားထားတဲ့ တိုက်စစ်မှုးတစ်ယောက်ဖြစ်ပြီး ဂိုးပေါင်း ၂၂၄ ဂိုးထိလည်းသွင်းယူထားနိုင်သူဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: