ဂျေးဆူရဲ့ အရံပစ်မှတ်က ဒီဘားလားဖြစ်တယ်လို့ သတင်းများကဆို
အာဆင်နယ်အသင်းက မန်စီးတီးရဲ့ ဂျေးဆူ ကို မခေါ်ယူနိုင်ခဲ့ရင် မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်တို့က အပြိုင်စိတ်ဝင်စားနေကြတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှုး ပေါ်လိုဒီဘာလားကို ကြားဖြတ်ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သိရပါတယ်။ အသက် ၂၈နှစ် ရှိနေပြီဖြစ်တဲ့ ပေါ်လိုဒီဘာလားဟာ ဂျူဗင်တပ်စ်မှာ ပွဲ ၂၈၀ကစားခဲ့ပြီး ၁၁၀ဂိုး သွင်းယူပေးထားသူပါ။ ဂျူဗင်တပ်စ်အသင်းသမိုင်းမှာတော့ သူ့ထက် ဂိုးပိုသွင်းနိုင်သူ ဆယ်ဦးသာ ရှိပါတယ်။ အားသာချက်အဖြစ် နည်းစနစ်ပိုင်းမြင့်မားသူဖြစ်ပြီး အားနဲချက်အရတော့ ယခုနှစ်ပိုင်းတွေမှာ မြင်နေရတဲ့ ကစားသမားရဲ့ ကြံ့ခိုင်မှုပဲဖြစ်ပါတယ်။
အာဆင်နယ်ဂိုးသမား ပြောပြခဲ့တဲ့ ကစ်ချက်အပြင်းဆုံး အသင်းဖော်
အာဆင်နယ်အသင်းရဲ့ တတိယဂိုးသမားလေး အာသာအိုကွန်ကို ဟာ အသင်းမှာ ကစ်ချက်ပြင်းတာ ရှာကာနဲ့ အန်ကီတီယာတို့ဖြစ်တယ်လို့ Goal သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ရှာကာ ကတော့ ဧရိယာအပြင်ဘက်ကနေ ကန်ချက်ပြင်းတွေနဲ့ ဂိုးသွင်းယူလေ့ရှိသူမို့ မထူးဆန်းပေမယ့် အန်ကီတီယာလို လူငယ်လေးကို စာရင်းထဲထည့်ပြောလာတာကြောင့် အထူးအဆန်းဖြစ်ခဲ့ရတဲ့ အင်တာဗျူးပါပဲ။ အန်ကီတီယာဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းကထွက်ခွာတော့မယ့် လူငယ်တိုက်စစ်မှုးလေးတစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ချယ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ ပွဲတွေမှာ ဝင်ရောက်ကစားခွင့်ရထားပြီး ခြေစွမ်းပြနိုင်နေတာကြောင့် အာဆင်နယ်အသင်းက စာချုပ်သစ်ချုပ်ဆိုနိုင်ရေး ဆက်လက်ကြိုးစားနေဆဲဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင် အာဆင်နယ်အသင်းရဲ့အခြေအနေများ
Super Sunday မှာ ဝက်စ်ဟမ်းနဲ့ကစားရမယ့်ပွဲအတွက် အာဆင်နယ်အသင်းဟာ အသင်းရဲ့အဓိက ကစားသမား ဘူကာယိုဆာကာကို ဒဏ်ရာက အမြန်ပြန်ကောင်းလာဖို့ မျှော်လင့်နေပါတယ်။ ဆာကာဟာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ဒါဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဒါဏ်ရာ မကြီးမားပေမယ့် ဝက်စ်ဟမ်းနဲ့ပွဲကို လွဲချော်မှာ စိုးရိမ်နေရပါတယ်။ အာဆင်နယ်အသင်းမှာ တိုမီယာဆုတော့ ပြန်လာနိုင်ပြီဖြစ်ပြီး သောမတ်စ်ပါတေးလည်း သိပ်မကြာခင်အချိန်မှာ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့ပါမယ်။ ဘူကာယိုဆာကာအနေနဲ့လည်း ဒဏ်ရာက သက်သာရင်တော့ ဝက်စ်ဟမ်းနဲ့ပွဲကို ဝင်ကစားသွားနိုင်မှာပါ။
အသင်းအတွက် ကွင်းလယ်ကစားသမားလည်း လိုအပ်နေသေးကြောင်းမာဆင်ပြောဆို
ဂန္တဝင်ပေါလ်မာဆင်ကတော့ အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှုးလိုအပ်နေသလို ကွင်းလယ်ကစားသမားကောင်းလဲ လိုအပ်နေသေးကြောင်းသုံးသပ်ပြောကြားလာပါတယ်။
“ အာဆင်နယ်အသင်းအနေနဲ့ နောက်တန်း ၄ ယောက်ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး ဘောလုံးတွေကို ကောင်းစွာဖြန့်ဝေနိုင်တဲ့ ကွင်းလယ်ကစားသမားလိုအပ်နေဆဲဖြစ်ပါတယ်။ ပါတေးနဲ့ရှာခါကလည်း ဒီနေရာအတွက် ကောင်းကောင်းကစားနေနိုင်သလို အာတီတာကလည်း လိုအပ်ချက်ကို လှလှပပကိုင်တွယ်ထားနိုင်ဆဲပါ .. ဒါပေမယ့် ပိုပြီးမြင့်မားတဲ့အဆင့်ကို တက်လှမ်းချင်ရင်တော့ အခုထက်ပိုပြီးတောင့်တင်းဖို့လိုပါတယ် “ ဆိုပြီးမှတ်ချက်ပြုလာတာဖြစ်ပါတယ်။
မာဗရိုပါနို့စ်ဆီကနေ အမြတ်ရဖို့ကြံရွယ်နေတဲ့ စတုဂတ်
စတုဂတ်အသင်းဟာ အာဆင်နယ်ကနေ အငှားနဲ့ခေါ်ယူထားတဲ့ မာဗရိုပါနို့စ်ကို အပြီးသတ်ခေါ်ယူသွားမှာဖြစ်ပေမယ့် ချက်ခြင်းပဲပြန်လည်ရောင်းထုတ်သွားဖို့လဲရှိနေကြောင်း Daily Cannon ကရေးသားလာခဲ့ပါတယ်။ ခေါ်ယူထားစဥ်တုန်းက စာချုပ်ပါ အချက်တွေအရအပြီးသတ်ခေါ်ယူခွင့်ပါဝင်နေတာကြောင့် စတုဂတ်က အခုအငှားစာချုပ်အပြီးမှာ ကစားသမားကိုခေါ်ယူမှာဖြစ်ပြီး ၊ တဖက်မှာလည်း ဂရိသားကိုစိတ်ဝင်စားနေတဲ့ ဝက်စ်ဟမ်းအပါအဝင်အသင်းအချို့နဲ့ဆက်လက်စကားပြောဖွယ်ရှိနေပါတယ်။