“အသင်းဟာ ပျင်းနေပါတယ်”ဆိုတဲ့ ဂယ်ရီနဗီးလ်ရဲ့ ဝေဖန်မှုက အာတီတာက ဖြေရှင်းနိုင်ခဲ့ပြီလား

ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ချဲလ်ဆီးနဲ့မန်ယူတို့ကို အနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာကို ပြန်လည်တက်ရောက်နိုင်ခဲ့တဲ့ အာဆင်နယ်ဟာ ကမ္ဘာတဝှမ်းမှာ ရှိနေတဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။အာတီတာအတိုင်းပြောရမယ်ဆိုရင် ပရိသတ်တွေရဲ့ခံစားချက်တွေဟာ  “ရိုလာကိုစတာစီးနေရသလိုပါ” လို့ဆိုရမယ်ထင်ပါတယ်။ 

အနိုင်ရသင့်ခဲ့တဲ့ပွဲစဉ်တွေဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်၊ဘရိုက်တန်နဲ့ဆောက်သမ်တန်တို့နဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်တွေကို သုံးပွဲဆက်ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်အိပ်မက် အဆုံး‌သတ်တော့မလားလို့ ကျွန်တော်တို့ စိတ်ပူခဲ့ကြပေမယ့် အာတီတာနဲ့ သူ့ရဲ့ကောင်လေးတွေဟာ ခက်ခဲတဲ့ ပြိုင်ဘက်တွေကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး အသင်းရဲ့ချန်ပီယံလိဂ်၀င်ခွင့် အိပ်မက်ကို ပြန်လည်တောက်ပစေခဲ့ပါတယ်။ 

ချဲလဲဆီးနဲ့ ပွဲစဉ်မှာ လူငယ်တိုက်စစ်မှူးလေး အန်ကက်တီးယားက နှစ်ဂိုးသွင်းယူခဲ့ပြီး မန်ယူနဲ့ ပွဲစဉ်မှာတော့ အသင်းအတွက်အနိုင်ရလဒ်သေချာစေမယ့် သွင်းဂိုးကို ရှာကာက လှပတဲ့ ဘယ်ခြေအဝေးကန်ချက်နဲ့ ရယူပေးခဲ့ပါတယ်။ဒီဂိုးဟာ ဆွစ်ဇာလန်သားကြီးအတွက် ဒီရာသီပထမဆုံး သွင်းဂိုးလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ အာဆင်နယ် ထပ်ပြီးကျော်ဖြတ်ဖို့ ပရီးမီးယားလိဂ် ပွဲစဉ်၅ပွဲကျန်ရှိနေပါသေးတယ်။ 

အားလုံးသိခဲ့ကြတဲ့အတိုင်း အာဆင်နယ်ရဲ့ ရာသီအစဟာ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။မန်စီးတီးကို ငါးဂိုးပြတ်နဲ့ ရှုံးနိမ်းခဲ့ပြီးတဲ့နောက် အသင်းဟာ ၆၇နှစ်အတွင်း အဆိုးရွားဆုံး ရာသီအဖွင့်ကာလကို ပိုင်ဆိုင်ခဲ့ရပါတယ်။လက်ရှိမှာ အကောင်းဆုံးပုံစံရနေပြီလို့ မဆိုနိုင်ပေမယ့် တဖြည်းဖြည်းနဲ့ အသင်းဟာ ပုံစံကောင်းတစ်ခုကို ပြန်လည်တည်ဆောက်လာနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ် ၂၀၂၁ ဒီဇင်ဘာမှာ အာဆင်နယ်က မန်ယူကို အိုးထရက်ဖို့ဒ်မှာ (၃-၂)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်က အာဆင်နယ်ကို ခုလိုမျိုးဝေဖန်ခဲ့ဖူးပါတယ်။ 

“အာတီတာရဲ့ လက်အောက်မှာ အာဆင်နယ်ဟာ ပိုပြီး တောင့်တင်းလာခဲ့ပါတယ်။ဒါပေမယ့် သူတို့ကြည့်ရတာ နည်းနည်းတော့ ပျင်းနေတဲ့ ပုံပါပဲ။ခင်ဗျားအနေနဲ့ ပျင်းနေလို့ မရပါဘူး။ဒါကို သူတို့ပြင်ဖို့ လိုအပ်နေသေးပါတယ်။မန်ယူမှာ ရှိနေတုန်းက ကျွန်တော် အမြဲပြောလေ့ရှိပါတယ်။မင်းတို့ နိုင်လည်းရတယ်၊ရှုံးလည်းရတယ်၊ဒါပေမယ့် အိုးထရက်ဖို့ဒ်ကို လာရင် ပျင်းနေလို့မရပါဘူး” 

“ကျွန်တော့်အထင်တော့ ပရိသတ်အများစုကအတူတူပါပဲ၊သူတို့ဟာ အသင်းနိုင်တာလည်း ကြည့်နိုင်တယ်၊သရေကျတာပဲဖြစ်ဖြစ် ရှုံးတာပဲ ဖြစ်ဖြစ် ကြည့်နိုင်ပါတယ်၊ဒါပေမယ့်။ အသင်းဟာ ပျင်းစရာကောင်းနေတယ်ဆိုရင်တော့ သူတို့လက်ခံနိုင်မှာ မဟုတ်ပါဘူး။ကျွန်တော်အတွက်တော့ အာဆင်နယ်ဟာ ခုအချိန်မှာ နည်းနည်းပျင်းစရာကောင်းနေတဲ့ပုံပေါ်ပြီး ဘောလုံးကစားနေတဲ့အချိန်မှာ နည်းနည်း ရုန်းပန်နေရသလိုပါပဲ” 

နဗီးရဲ့ “အာဆင်နယ်ဟာ ပျင်းစရာကောင်းနေပါတယ်” ဆိုတဲ့ မှတ်ချက်အဓိပ္ပါယ်က အာဆင်နယ်ဟာ သူတို့ရဲ့ပွဲစဉ်တွေကို နိုင်လိုစိတ်အပြည့်နဲ့ ကြိုးစားအားထုတ်ပြီး မကစားနိုင်သေးဘူးလို့ ဆိုလိုတာ ဖြစ်နိုင်ပါတယ်။သူဒီမှတ်ချက် ပေးခဲ့တဲ့ အချိန်မှာ အာဆင်နယ်ဟာ မန်ယူကို အိုးထရက်ဖို့ဒ်မှာ (၃-၂)ဆိုတဲ့ ရလဒ်ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဖြစ်နိုင်ပါတယ်။ 

 ဂယ်ရီနဗီးလ်ဝေဖန်ခဲ့တဲ့ အာဆင်နယ်နဲ့ လက်ရှိအာဆင်နယ်ဟာ ခြားနားသွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ဇန်နဝါရီမှာ ကစားသမားအများအပြားကို လက်လွှတ်ထားခဲ့ရပေမယ့် ၊ အသင်းရဲ့ အဓိက ကစားသမားအချို့ကို ဆုံးရှုံးထားခဲ့ရပေမယ့်၊ ရှုံးပွဲသုံးပွဲဆက် ကြုံခဲ့ရပေမယ့် ချဲလ်ဆီး၊ မန်ယူတို့ကို ပြန်အနိုင်ယူပြီး အာတီတာတို့ လူစုဟာ အဆင့်လေးနေရာကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အာဆင်နယ်ဟာ ပျင်းဖို့ကောင်းတယ်၊ကစားသမားတွေဟာ ကွင်းထဲမှာ မကြိုးစားနေဘူး၊နိုင်လိုစိတ်တွေ ပျောက်ဆုံးနေတယ်လို့ ဘယ်သူမှ ထပ်ဝေဖန်လို့မရတော့ပါဘူး။ပျင်းစရာကောင်းတယ်လို့ ဆိုခဲ့တဲ့ နဗီးလ်ကိုလည်း သူ့ရဲ့ အသင်းဟောင်း ဂိုးပြတ်ချေမှုန်းပြီး ပြန်တုံ့ပြန်နိုင်ခဲ့ပါပြီ။ 

ဂန်းနားတွေရဲ့ ခုလိုမျိုးနိုင်လိုစိတ်တွေ၊ပရိသတ်တွေနဲ့အတူ တသားတည်းရှိနေတာကို မမြင်ရတာ ဆယ်စုနှစ်တစ်ခုမက ကြာခဲ့ပြီလား၊ဒီထက်ပိုမလားပါပဲ။ဂိုးသွင်းအပြီး သူတို့ရဲ့ အားမာန်အပြည့်နဲ့ အောင်ပွဲခံတာတွေ၊နိုင်ပွဲအပြီးမှာ စိတ်အားတက်ကြွနေတဲ့ မျက်လုံးတွေနဲ့  လိဂ်ပွဲတစ်ပွဲရှုံးနိမ့်ခဲ့ချိန်မှာ ဗိုလ်လုပွဲတစ်ပွဲ ရှုံးရသလိုမျိုး သူတို့ စိတ်‌ပျက်နေတာတွေဟာ အာတီတာတို့လူစုရဲ့ စိတ်အားထက်သန်မှုတွေ၊ တိုက်ပွဲ၀င်စိတ်တွေကို ပေါ်လွင်စေခဲ့ပြီးပြီမလား၊ ကျွန်တော်ကတော့ ဒီလိုပဲ ဆိုချင်ပါတယ်။နဗီးလ်ရဲ့ ဝေဖန်ထောက်ပြမှုကို အာတီတာဟာ အကောင်းဆုံးပြန်တုံ့ပြန်ပြနိုင်ခဲ့ပြီလို့ပဲ ဆိုပါရစေ။

Original Article Here

Leave a Reply

%d bloggers like this: