အယ်နီနီရဲ့ Follower က အခြား EPL နှစ်သင်းပေါင်းထက်များနေ
အာဆင်နယ်ကွင်းလယ်လူ အယ်နီနီရဲ့ Twitter Followers အရေအတွက်ဟာ ဝက်စ်ဟမ်းနဲ့ အဲဗာတန် ၂ သင်းပေါင်းထက်ပိုမိုများပြားနေတယ်လို့သိရပါတယ်။ အဆိုပါကစားသမားဟာ လူချစ်လူခင်များပြီး ယခုရက်ပိုင်းမှာလည်း ခြေစွမ်းပြသနေနိုင်သူများဖြစ်ပါတယ်။ Twitter သုံးစွဲသူတစ်ဦးကတော့ အဆိုပါအခြေအနေဟာ အလွန်ရီစရာကောင်းကြောင်းဟာသလုပ်ခဲ့ပြီး အယ်နီနီကိုလည်း ချီးကျူးသွားခဲ့ပါတယ်။
ရာသီကုန်ထိနားရမယ့် ခြေစွမ်းပြလူငယ်
မီဝေါလ်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ အာဆင်နယ်လူငယ် ဒန်နီယယ်ဘဲလတ်ဟာ ဒဏ်ရာရရှိသွားခဲ့ပြီးနောက်ရာသီကုန် အနားယူရတော့မှာဖြစ်ကြောင်း နည်းပြဖြစ်သူ ရိုးဝတ်ကအတည်ပြုလာခဲ့ပါတယ်။ အကယ်၍ မီဝေါလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ကို တန်းတက်ဖို့ Play Off ပွဲစဥ်တွေအထိခရီးရောက်ခဲ့တယ်ဆိုရင်တော့ ယခုရာသီမှာ ဘဲလတ် ကိုပြန်မြင်ရဖွယ်ရှိတယ်လို့ Daily Cannon က ခန့်မှန်းရေးသားထားပါတယ်။
ဆဲဒရစ်အသင်းပြောင်းမယ်
အာဆင်နယ်ရဲ့ အရံနောက်ခံကစားသမားဆဲဒရစ်ဟာ ရာသီကုန်မှအသင်းပြောင်းရွှေ့ဖို့ရှိတယ်လို့ သတင်းများက ဆိုပါတယ်။ အဆိုပါ ပေါ်တူဂီသားဟာ တိုမီယာစုနေရာမှာအစားထိုးဝင်ကစားရင်း အစောပိုင်းပွဲစဥ်တွေမှာ ခြေစွမ်းကောင်းအချို့ပြသနိုင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ စွမ်းဆောင်ရည်ယိမ်းယိုင်လာခဲ့တာမို့ ဝေဖန်ခံခဲ့ရသူလည်းဖြစ်ပါတယ်။
ကိုယ်စားလှယ်သစ်လဲလိုက်တဲ့ အဇီး
အာဆင်နယ်လူငယ်လေး အဇီးဟာ လာမယ့်ရာသီမှာသင့်တော်တဲ့အသင်းကိုရှာဖွေနိုင်ဖို့အတွက် အေးဂျင့် ကုမ္ပဏီအသစ်နဲ့လက်တွဲလိုက်ပြီလို့သိရပါတယ်။ အဆိုပါ လန်ဒန်အခြေဆိုက်ကုမ္ပဏီဟာ အူဘာမီယန်အတွက်အလုပ်လုပ်ပေးနေတာဖြစ်ပြီး အခြားသောအာဆင်နယ်လူငယ် တေလာဟတ်ကိုလည်း ဝန်ဆောင်မှုပေးနေတယ်လို့ဆိုပါတယ်။ အဇီးဟာ အာဆင်နယ်ရဲ့ထွန်းတောက်လူငယ်တစ်ဦးဖြစ်ပြီး ၂၀၁၉ မှာ ပရိုစာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။
ချီးကျူးမှုတပွေ့တပိုက်နဲ့ ဖလိုရက်စ်
မက္ကဆီကိုလက်ရွေးစင်အသင်းအတွက် ဒုတိယမြောက်ပွဲစဥ်ကို ကစားပေးခဲ့တဲ့ အာဆင်နယ်လူငယ် ဖလိုရက်စ်ကို Marca နဲ့ ESPN တို့က ချီးကျူးပြောဆိုလာကြပါတယ်။ အဆိုပါကစားသမားလေးဟာ မြင့်မားတဲ့ကွင်းတွင်းစွမ်းဆောင်ရည်ကိုပြသနေပြီး လာမယ့်ကမ္ဘာ့ဖလားမှာလည်း တစ်စုံတစ်ရာစွမ်းဆောင်ပြနိုင်မလားဆိုတဲ့ မျှော်လင့်ချက်အချို့လည်းရှိနေပါတယ်။ The Boot Room ကတော့ အသက် ၁၈ နှစ်အရွယ်သာရှိသေးပြီး စီနီယာအဆင့်မှာ ကစားချိန်နဲပါးနေသေးလို့ နိုင်ငံတကာအဆင့်အတွက်စောသေးကြောင်းပြောဆိုထားပါတယ်။
