အသက် ၁၄နှစ်မှာ အာဆင်နယ်ကိုရောက်လာဖို့ နီးစပ်လိုက်သေးတဲ့ မာတင်အိုဒီဂတ်

အာတီတာနဲ့အတူ ဒီရာသီမှာ အနိမ့်အမြင့်တွေကိုခံရတဲ့အထဲမှာ အိုဒီဂတ်လဲအပါအဝင်ပါပဲ။

ရာသီအစမှာ အခြားပစ်မှတ်တွေကိုခေါ်မရလို့ သူ့ကိုခေါ်တယ်ဆိုတဲ့ ပြောဆိုမှုတွေကစပြီး ၊ သာမန် အဆင့်ပလေယာဆိုတဲ့မှတ်ချက်ကနေ အိုဇေးလက်သစ်ဆိုတာအထိ မကြာခနအငြင်းပွားမှုတွေရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်  ပရိတ်သတ်တွေမသိထားတဲ့သတင်းတစ်ပုဒ်ဟာ ဒီရက်ပိုင်းမှာတက်လာခဲ့ပါတယ်။ သတင်းအရဆိုရင်  အိုဒီဂတ်ဟာလည်းပဲ ဟေးအန်းထွက်လူငယ်ဖြစ်ဖို့အလားအလာရှိခဲ့တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ လက်ရှိကစားသမား မာတင်အိုဒီဂတ်ဟာ အသက် ၁၄နှစ်မှာ အာဆင်နယ်ကို ရောက်ရှိဖို့ နီးစပ်လိုက်သေးကြောင်း သိရပါတယ်။ ထိုစဥ်က အိုဒီဂတ်ဟာ နော်ဝေးဒီဗစ်ရှင်အသင်း Stromsgodset အသင်းမှာ ကစားနေတာဖြစ်ပြီး ထိုအသင်းမှာ လုံခြုံရေးခေါင်းဆောင်အဖြစ် အလုပ်လုပ်နေတဲ့ ဖာရူဟင်ဆိုတဲ့သူက သူရဲ့ခြေစွမ်းကို သတိထားမိခဲ့တာပါ။

ဖာရူဟင်က အာဆင်နယ်အသင်းရဲ့ တရားဝင်ပရိတ်သတ်အသင်းဝင်ဖြစ်သလို အာဆင်နယ်နော်ဝေးအသင်းဖန်ကလပ်ကိုလည်း အာဆင်နယ်ဂန္တဝင်တွေ လာလည်ပတ်လေ့ရှိတာကြောင့် သူက အိုဒီဂတ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေထံသို့ ညွှန်းပေးခဲ့တာပါ။

ဒါပေမယ့်လည်း အိုဒီဂတ် အသက် ၁၆နှစ်မပြည့်ခင်မှာ ရီးရဲယ်မက်ဒရစ်က စံချိန်တင် လစာတွေနဲ့ ခေါ်ယူခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်မှာကတည်းက အိုဒီဂတ်က အသက် ၁၄နှစ်မှာ ပရိုကစားသမားအဖြစ် ကစားနေပြီဖြစ်ပြီး ၁၅နှစ်မှာ နိုင်ငံ့လက်ရွေးစင်အဖြစ် ပွဲထွက်ကစားခဲ့သူပါ။ အခုအချိန်မှာတော့ အာဆင်နယ်အသင်းကို ပေါင် ၃၅သန်းနဲ့ ရာသီအစမှာ ပြောင်းရွှေ့လာခဲ့ပြီး ယာယီအသင်းခေါင်းဆောင် ရာထူးကို ယူကာ ခြေစွမ်းပြကစားပေးနေပါတယ်။

အိုဒီဂတ်နဲ့ပတ်သတ်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ဖူးသူဖြစ်တဲ့  ဂန္တဝင်ဖြစ်သူ ပေါလ်မာဆင်ကတော့ သူ့ရဲ့အမြင်မှားယွင်းကြောင်း နောက်ပိုင်းမှာပြန်လည်ဝန်ခံခဲ့ပါတယ်။

Leave a Reply

%d bloggers like this: