ဂျေးဆူဟာ အီဒူးလိုချင်တဲ့ ကစားသမားတစ်ယောက်ပါ – ဖေဘရီဇီယို ရိုမာနို

ဖာဘရီဇီယို ရိုမန်နိုဟာ ဘောလုံးလောကမှာတော့ မသိသူမရှိသလောက်ဖြစ်တဲ့ အီတလီဂျာနယ်လစ်တစ်ဦးပါပဲ။ သူဟာ Sky Sports အီတလီမှာ အလုပ်လုပ်သူဖြစ်ပြီး သူဆီကနေ ကြားရတဲ့ အပြောင်းအရွှေ့သတင်းတွေဟာ အမြဲယုံကြည်ရတတ်ပါတယ်။ 

မကြာသေးမီက ရိုမန်နိုဟာ အာဆင်နယ်နဲ့ ဂါဘရီယယ်ဂျေးဆူတို့ရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အကြောင်းအရာအချို့ကို အတည်ပြုလာခဲ့ပါတယ်။ 

ပရိသတ်တွေသိကြတဲ့အတိုင်း ဂန်းနားတွေဟာ ဂါဘရီယယ်ဂျေးဆူကို အမ်းမရိတ်မြေဆီ အ‌ရောက်ခေါ်ဆောင်ဖို့ ပြင်ဆင်နေပြီဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။ 

အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အဓိကဦးဆောင်နေတဲ့ အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးဟာ ဘရာဇီးလ်လူမျိုးဖြစ်ပြီး ဘရာဇီးကစားသမားတွေ၊အေးဂျင့်နဲ့ အတော်လေး ရင်းနှီးသလို ဘရာဇီးလ်ဘောလုံးလောကမှာလည်း ၀င်ဆံ့သူဖြစ်တာကြောင့် ဘရာဇီးလ်တိုက်စစ်မှူး ဂါဘရီယယ်ဂျေးဆူကို ခေါ်ယူမယ်ဆိုတဲ့ သတင်းဟာ ယုံကြည်စရာဖြစ်လာခဲ့ပါတယ်။ 

အာတီတာကလည်း မန်စီးတီးမှာ လက်ထောက်နည်းပြအဖြစ်ကျင်လည်ခဲ့သူဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့သတင်းဟာ ပရိသတ်တွေအတွက် ရင်ခုန်စရာဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ဆိုတာကတော့ ဒီအချက်တွေနဲ့ မ‌လုံလောက်သေးပါဘူး။ 

မန်စီးတီးအသင်းဟာ လာမယ့်နွေမှာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်တာကြောင့် ငွေကြေးအများအပြားသုံးစွဲရဖို့ ရှိနေတာကြောင့် ဂျေးဆူကို ပြန်ရောင်းပြီး ငွေပြန်ရှာနိုင်ချေရှိပါတယ်။ ဂျေးဆူကလည်း မန်စီးတီးမှာ ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးရမယ်ဆိုရင် အသင်းသစ်ရှာဖွေဖို့ ရှိနေပါတယ်။ 

ဒီလိုမျိုးအတည်ပြုလို့မရတဲ့ သတင်းတွေအများကြီးရှိနေခဲ့ပြီး မကြာသေးမီမှာတော့ ရိုမန်နိုက သူရဲ့ ကိုယ်ပိုင် podcast ကနေ အကြောင်းအရာအချို့ကို အတည်ပြုပေးလာခဲ့ပါတယ်။ 

ဒီသတင်းကအမှန်ပါပဲ၊အာဆင်နယ်ဟာ ဂျေးဆူကို စိတ်၀င်စားနေပါတယ်။ဂျေးဆူဟာ တကယ်ကို ကောင်းမွန်တဲ့ ရွေးချယ်စရာ တစ်ခုပါ။ သူဟာ အာဆင်နယ်ရဲ့ နွေရာသီထိပ်တန်းပစ်မှတ်တွေထဲ တစ်ခုပါ။သူ့ရဲ့အေးဂျင့်နဲ့ အာဆင်နယ်အကြား ပြောဆိုဆက်သွယ်မှုတွေ ရှိပါတယ်။” 

ပထမအချက်အနေနဲ့ ဂျေးဆူဟာ ၂၀၂၃မှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး မန်စီးတီးတောင်းလာမယ့်ဈေးကို (အာဆင်နယ်) စဉ်းစားဖို့လိုပါလိမ့်မယ်။ ဒုတိယအချက်အနေနဲ့က ဂျေးဆူကို ကြိုးစားလာမယ့် သူက အာဆင်နယ်တစ်သင်းတည်း မဟုတ်ပါဘူး၊ လာမယ့် နွေရာသီမှာ အသင်းအများကြီးက တိုက်စစ်မှူးရှာပုံတော် ဖွင့်လာမှာပါ။ဒါပေမယ့် အာဆင်နယ်နဲ့ မန်စီးတီးကြား ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး မပြောဆိုကြရသေးပါဘူး။သူတို့ နှစ်သင်းစကားပြောကြဖို့ သီတင်းပတ်အချို့ လိုနိုင်ပါသေးတယ်။သေချာတာကတော့ ဂျေးဆူဟာ အီဒူးလိုချင်တဲ့ ကစားသမားတစ်ယောက်ပါ” 

ဂျေးဆူကို ခေါ်ယူဖို့ ဆိုတဲ့ ကိစ္စဟာ ပရိသတ်တွေ မျှော်လင့်သလို အလွယ်တကူနဲ့ အလျင်အမြန်တော့ ဖြစ်လာမှာမဟုတ်ပါဘူး။ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်ပြီး ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။ 

မန်စီးတီးအသင်းဘက်က ရာသီကုန်မှပဲ သူတို့ကစားသမားအတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်မှာပါ။ကစားသမားနဲ့ ဆွေးနွေးမှုတွေ၊ အသင်းနဲ့ ဆွေးနွေးမှုတွေဟာ သီတင်းပတ်အချို့ ကြာဦးမှာပါ။ကစားသမားရဲ့ ဆန္ဒ၊ မန်စီးအသင်းတောင်းတဲ့ ဈေးနဲ့ အာဆင်နယ်ရဲ့ ကြိုးစားမှုပေါ်မူတည်ပြီး နွေရာသီမှပဲ ကျွန်တော်တို့ အဖြေတစ်ခု ဆက်ရှာရမှာပါ။

Leave a Reply

%d bloggers like this: